လူမှုသဟဇာတ ဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ🎨

အရှေ့မှာ လူမှုသဟဇာတဖြစ်မှုအကြောင်း လေ့လာပြီးသွားကြပြီဆိုတော့ ဒီတစ်ခါလေ့လာရမှာက “လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများ” ပဲဖြစ်ပါတယ်​။

ဒီခေါင်းစဉ်ကိုမလေ့လာခင် “လူမှုသဟဇာတဖြစ်ခြင်းဆိုတာဘာလဲ” ကို အရင်ပြန်နွှေးလိုက်ရအောင်ပါ ​။

လူမှုသဟဇာတဖြစ်ခြင်းဆိုတာကတော့ လူတစ်ဦးနဲ့တစ်ဦး ဒါမှမဟုတ် လူမှုအဖွဲ့အစည်းအချင်းချင်းကြား သဟဇာတဖြစ်တာ၊ အေးအတူပူအမျှရှိနေတာကို ဆိုလိုပါတယ်။ တစ်နည်းအားဖြင့် တစ်နေရာထဲမှာ နေထိုင်ကြတဲ့လူတွေကို အတူတကွတစ်သားထဲဖြစ်အောင် ပေါင်းစည်းပေးတဲ့ ကော်လို့လည်းပြောကြပါတယ်။ အဲ့ဒီကော်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေကို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”လို့ ခေါ်ကြတာပေါ့။

ကဲ ဒါဆို “လူမှုသဟဇာတဖြစ်ခြင်းရဲ့အစိတ်အပိုင်းများ”ထဲမှာ ဘာတွေပါသလဲ ကြည့်လိုက်ရအောင်။ 

လူမှုသဟဇာတဖြစ်ဖို့အတွက်ဆို သဟဇာတဖြစ်ဖို့ အရေးကြီးတဲ့အချက်တွေကို သိထားဖို့လိုပါတယ်။ သဟဇာတဖြစ်ဖို့အတွက်ဆို အချက်(၄)ချက်ရှိပါတယ်။

လူမှုသဟဇာတဖြစ်ခြင်း၏အစိတ်အပိုင်းများ

  1. Social Relationships (လူမှုဆက်ဆံရေး)
  2. Connectedness (ဆက်နွယ်မှုများ၊ ချိတ်ဆက်မှုရှိခြင်း)
  3. Orientation towards the common good (အများအကျိုးရှေးရှုဆောင်ရွက်ခြင်း)
  4. Fairness (တရားမျှတမှု)
  1. Social Relationships (လူမှုဆက်ဆံရေး)
    ဒီနေရာမှာကတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းကြားမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီး ဆက်ဆံတာ၊ မတူကွဲပြားမှုတွေကို အပြန်အလှန် လက်ခံကျင့်သုံးပေးတာတွေအပြင် အလွှာအသီးသီး ဒါမှမဟုတ် ကဏ္ဍအသီးသီးမှာ လူတန်းစားခွဲခြားဆက်ဆံမှုမရှိဘဲ လူသားအားလုံး ပါဝင်လာစေဖို့ အဲ့ဒီအခြေအနေတွေမှာ အပြန်အလှန်လေးစားသမှုရှိခြင်းတို့ ပါဝင်ပါတယ်​။
    • Interactions (အပြန်အလှန် ပြုမူခြင်း)
      လူမှုဆက်ဆံ‌ရေးမှာ တယောက်နဲ့ တယောက် ဘယ်လောက် ချိတ်ဆက်၊ ဆက်သွယ်ကြသလဲ၊ သူများတွေ ကိုယ့်ကို ဘယ်လောက် သိကြသလဲဆိုတဲ့ အချက်တွေနဲ့ ကိုယ့်ကိုကို ပြန်မေးဖို့ လိုအပ်ပါတယ်။
    • Participation (ပါဝင်ခြင်း)
      ကိုယ့်ရဲ့ ရပ်ရွာ အသိုက်အဝန်းတည်းမှာရှိတဲ့ လုပ်ငန်းကိစ္စတွေ၊ အစည်းအဝေးတွေမှာ ဘယ်လောက်အထိ အသိပညာ ဗဟုသုတတွေ မျှဝေသလဲ၊ ပါဝင်မှုရှိလား၊ မပါဝင်ဘူးလား ဆိုတဲ့အပေါ် အခြေခံပြီး ကြည့်ဖို့ လိုအပ်ပါတယ်။
    • Trusts/Acceptance (ယုံကြည်ခြင်း/လက်ခံခြင်း)
      မတူကွဲပြားမှုအပေါ် ဘယ်လို လက်ခံသလဲ၊ ယုံကြည်မှု ဘယ်လိုတည်ဆောက်ကြသလဲ၊ ရပ်ရွာပေါ်မှာရှိတဲ့  လူတွေ၊ ကိစ္စရပ်တွေအပေါ် နားလည် လက်ခံမှု ဘယ်လောက်ရှိသလဲ ဆိုတဲ့ အရာတွေကို ကြည့်ဖို့ လိုအပ်ပါတယ်။ လူမှုဆက်ဆံ‌ရေးပိုင်းမှာဆိုရင် အပြန်အလှန်ဆက်သွယ်မှု ဘယ်လောက်ထိ အားကောင်းသလဲဆိုတာကိုပါ ကြည့်ဖို့ လိုပါတယ်။
      ဒါ့အပြင် မိမိက ရပ်ရွာ အစည်းအဝေးပွဲတွေ၊ ကိစ္စရပ်တွေမှာ မပါဝင်နိုင်ရင်တောင် တခြားရပ်ရွာအတွင်းရှိသူများကို ပါဝင်နိုင်အောင် တိုက်တွန်းပေးဖို့ လိုအပ်သလို၊ မပါဝင်တဲ့သူများကိုလည်း ပါဝင်လာအောင် ဘယ်လိုကြိုးစား လုပ်ကိုင်ကြမလဲဆိုတဲ့ အချက်တွေကိုလည်း စဥ်းစားဖို့ လိုအပ်ပါတယ်။ နောက်ပြီး တခြားသူတွေလည်း မတူညီကွဲပြားမှုအပေါ် ဘယ်လောက်အထိ လက်ခံနိုင်လဲ၊ ဘယ်လိုမျိုး ယုံကြည်သလဲဆိုတဲ့ ယုံကြည်မှုရှိလာအောင်/လက်ခံလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။
  2. Connectedness (ဆက်နွယ်မှုများ၊ ချိတ်ဆက်မှု ရှိခြင်း)
    ”ဆက်နွယ်မှု”မှာဆိုရင် လူ့အဖွဲ့အစည်းမှာ တသီးတခြားရှိမနေဘဲ မြို့၊ ရွာ၊ ရပ်ကွက်အလိုက် အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်တဲ့နေရာမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြဖို့လိုသလို ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးတွေနဲ့ သာရေးနာရေးကိစ္စအရပ်ရပ်တွေမှာလည်း အကုန်လုံး ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ စိတ်လေးရှိဖို့လိုပါတယ်။ မတူကွဲပြားမှုတွေဘယ်လိုပဲရှိနေပါ‌စေ အဲ့ဒီမတူကွဲပြားမှုတွေထဲက အချင်းချင်းရဲ့တန်ဖိုးထားမှုတွေကို လက်ခံပေးပြီးတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီးနေဖို့လိုအပ်ပါတယ်။
    • Belonging (သက်ဆိုင်နိုင်တယ်လို့ ခံစားရခြင်း)
      ကိုယ်က ရပ်ရွာကိစ္စများနဲ့ ပတ်သက်ပြီး ဘယ်လောက် သက်ဆိုင်သလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ တခါတလေ အပေါ်က ဖော်ပြခဲ့အချက်တွေဖြစ်တဲ့ Interactions, Participation နဲ့ Trust/Acceptance တွေ အားနည်းလာရင်တော့ ကိုယ်ရဲ့ ရပ်ရွာအသိုက်အဝန်းကနေ ဖယ်ကျဥ်တာတွေ၊ ကျန်ခဲ့တာမျိုးတွေ ရှိလာနိုင်ပါတယ်။ 
      ဒါ့ကြောင့် ကိုယ် နဲ့ ရပ်ရွာအသိုက်အဝန်းထဲက လူတွေ၊ ကိစ္စရပ်တွေနဲ့ သက်ဆိုင်တယ်ဆိုတာကို ခံစားရဖို့အတွက် ရပ်ရွာအတွင်းက လူများနဲ့ ဆက်သွယ်ပြောဆိုဖို့ လိုအပ်သလို၊ ကိစ္စရပ်တွေမှာလည်း ပါဝင်ပြီး အပြန်အလှန်ဆက်သွယ်မှု တည်ဆောက်ဖို့ လိုပါတယ်။ ရပ်ရွာ အသိုက်အဝန်းနဲ့ သက်ဆိုင်တယ်လို့ မခံစားတဲ့ သူတွေအတွက်လည်း ကောင်းမွန်တဲ့ ချဥ်းကပ်မှုများနဲ့ ပါဝင်လာအောင် လုပ်ဆောင်လို့ ရပါတယ်။
    • Similarities Shared Value (တူညီမှုများ/ အေးအတူပူအမျှ ရှိခြင်း)
      လူပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် မတူညီမှုများစွာ ရှိကြပါတယ်။ စုပေါင်းအင်အားနဲ့ ကိစ္စရပ်တခုခုကို လုပ်ဆောင်တော့မယ်ဆိုရင် မတူညီမှုများကို ပထမဦးဆုံးရှာတာထက် တူညီတဲ့ အချက်များကို ရှာဖွေပြီး ရပ်ရွာ ပတ်ဝန်းကျင်အတွက် ဘာတွေလုပ်ဆောင်နိုင်မလဲဆိုတဲ့ အချက်များအပေါ် စဥ်းစားပြီး ပူပေါင်းလုပ်ဆောင်လို့ ရပါတယ်။ 
      မတူကွဲပြားမှုကို အခြေခံပြီး တယောက်နဲ့တယောက် အေးအတူပူအမျှ မျှဝေခံစား ဆက်သွယ်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ ရပ်ရွာ သိုက်အဝန်း၊ ရပ်ရွာထဲက လူတွေနဲ့ ပတ်သက်ပြီး ကိုယ်နဲ့ သက်နိုင်မှု ရှိတယ်လို့ ခံစားရမှာ ဖြစ်ပါတယ်။ 
  3. Orientation Towards to Common Good (အများ အကျိုးရှေးရှု ဆောင်ရွက်ခြင်း)
    အများအကျိုးရှေးရှု ဆောင်ရွက်ခြင်းက ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်၊ လူအများအကျိုးအတွက်လုပ်ဖို့ တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့ စိတ်ရှိရမှာဖြစ်သလို  အများအကျိုးအတွက် ဆောင်ရွက်ဖို့ စွမ်းရည်တွေရှိဖို့လိုတဲ့အပြင် စည်းလုံးညီညွတ်မှုရှိဖို့အတွက်လည်းပဲ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့နောက်လိုက်တွေ၊ တွဲဖက်တွေနဲ့လည်း အပြန်အလှန်ပံ့ပိုးကူညီပေး၊ ပူးပေါင်းဆောင်ရွက်ပေးတာ တွေလုပ်ဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ အများအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း လေးစားလိုက်နာတတ်ရပါမယ်။
    • Responsible (တာဝန်ယူခြင်း)
      ကိုယ်က ရပ်ရွာထဲမှာ ကြီးပြင်းသူ၊ ဝင်ရောက်နေထိုင်သူ တစ်ဦးအနေနဲ့ ကိုယ်မှာ ရပ်ရွာ၊လူထုရဲ့ ကိစ္စရပ်တွေအပေါ် တာဝန်ရှိပါတယ်ဆိုတဲ့ ခံစားချက် ရှိဖို့လိုပါတယ်။ နောက်ပြီး ကိုယ့်အနေနဲ့ တာဝန်ယူစိတ်မရှိနေရင် လူမှုဆက်ဆံရေးမှာ အားနည်းနေသလား ဒါမှမဟုတ် ရပ်ရွာက လူတွေနဲ့ အချိတ်အဆက်ပိုင်းမှာအားနည်းနေသလားဆိုတဲ့ အချက်တွေအပေါ် သုံးသပ်လို့ရပါတယ်။ 
    • Cooperation (ပူပေါင်း ဆောင်ရွက်ခြင်း)
      တခြားသူတွေနဲ့အတူ တာဝန်ယူချင်စိတ်ရှိလာရင် လူအများနဲ့အတူ ပူပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ပူပေါင်း ဆောင်ရွက်ခြင်းရဲ့ အဓိက အချက်တွေက ကိုယ်ရဲ့ ရပ်ရွာအတွက် ဘာတွေ ကောင်းအောင်လုပ်ပေးနိုင်သလဲ၊ ဘာတွေတိုးတက်လာအောင် ဘယ်လိုမျိုး လုပ်ဆောင်ပေးနိုင်သလဲ ဆိုတဲ့ အပြုသဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ရရှိလာနိုင်ပါတယ်။ ဒါမှသာ ရပ်ရွာအတွင်းက လူတွေ စည်းလုံးညီညွတ်ပြီး တယောက်နဲ့တစ်ယောက် ဖေးမကူညီမှုတွေ ရလာနိုင်မှာပဲ ဖြစ်ပါတယ်။ 
    • Solidarity (စည်းလုံး ညီညွတ်မှု ရှိခြင်း) 
      တယောက်နဲ့ တယောက် ဂရုစိုက်မှု အတိုင်းအတာ ဘယ်လောက်ထိ ရှိသလဲ၊ တယောက်နဲ့တယောက် အခက်အခဲဖြစ်နေချိန် ဘယ်လို ပံ့ပိုးကူညီကြသလဲဆိုတဲ့ အရာတွေနဲ့ ရပ်ရွာအတွင်းထဲက လူတွေ ဘယ်လောက်ထိ စည်းလုံး ညီညွတ်မှု အားကောင်းသလဲဆိုတာကို တိုင်းတာလိုရပါတယ်။
      အများအကျိုးအတွက် ရှေးရှု လုပ်‌ဆောင်တဲ့အခါ ကိုယ်ရဲ့ စိတ်နေစိတ်ထား ကောင်းဖို့ လိုအပ်ပါတယ်။ ရပ်ရွာအပေါ် ကောင်းမွန်ပြီး အပြုသဘောဆောင်တဲ့ စိတ်သဘောထားနဲ့ လုပ်ဆောင်တဲ့အခါ ကိုယ်ရဲ့ လုပ်ဆောင်မှုတွေက သဟဇာတဖြစ်ပြီး ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာမှာဖြစ်ပါတယ်။ ဒါ့အပြင် အကြမ်းဖက်မှု နဲ့ အကြမ်းဖက်တဲ့ နည်းလမ်းများအပေါ် ရှောင်ကျဥ်လာနိုင်ပြီး တယောက်နဲ့ တယောက် ကူးလူးဆက်သွယ် ချိတ်ဆက်လာနိုင်မှာပါ။ ဒါမှသာ အေးချမ်းတဲ့ ရပ်ရွာတစ်ခုကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ 
  4. Fairness (တရားမျှတမှု)
    ဒီအစိတ်အပိုင်းမှာဆိုရင်တော့ အခွင့်အလမ်းတွေ၊ ရင်းမြစ်တွေကို လူသားအားလုံး တန်းတူညီမျှရ ကြသလား‌ဆိုတာပါပဲ။ နောက်ဆုံး minority groupထဲကလူမျိုးတွေ၊ ခွဲခြားဆက်ဆံခံနေရတဲ့ ဘာသာရေး၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေက ဒီအသိုက်အဝန်းမှာ ဘယ်လောက်ပါဝင်လာမှုရှိသလဲ ဆိုတာပါ ဆန်းစစ်ရမှာဖြစ်ပါတယ်။
    • Distribution (ဝေမျှခြင်း)
      အရင်းအမြစ်တွေ အခွင့်အရေးတွေက တန်းတူညီမျှမှု ရှိရဲ့လား၊ အားလုံးတန်းတူ ကိုယ်စီ အခွင့်အရေးတွေ ရနေရဲ့လားဆိုတဲ့ အရာတွေပေါ် ကြည့်ဖို့ လိုအပ်ပါတယ်။ အခွင့်အရေး၊အရင်းအမြစ်တွေ ဝေခွဲတဲ့အခါ တစ်ဦးတည်းကသာရရှိပြီး၊ ကျန်တစ်ဦးက မရရှိနေရင်တော့ တရားမျှတမှု မရှိဘူးလို့ ပြောနိုင်ပါတယ်။ တရားမျှတမှု မရရှိနေတဲ့အပေါ် အခွင့်အရေးတွေ အရင်းအမြစ်တွေ ရရှိလာနိုင်အောင် တိုက်တွန်း လုပ်‌ဆောင်ဖို့ လိုအပ်ပါတယ်။ 
    • Inclusion ( အားလုံးပါဝင် စေခြင်း)
      မတူညီတဲ့ လူမျိုး၊ ဘာသာ၊ အမြင်တွေ ရှိနေရင်တော့ မတူညီကွဲပြားမှုကို အသိအမှတ်ပြုပြီး ရပ်ရွာရဲ့ ကိစ္စရပ်တွေမှာ အားလုံးပါဝင်လာအောင် ဘာတွေ ဆောင်ရွက်ပေးကြသလဲ၊ ရပ်ရွာအတွက် ကိစ္စတခုခု လုပ်ဆောင်နေချိန်မှာ အားလုံးပါဝင်မှု ရှိနေလား၊ ရပ်ရွာအတွင်းထဲမှာ လည်ပတ်နေတဲ့ နည်းစနစ်တွေကရော လူတိုင်းအတွက် အဆင်ပြေနေရဲ့လား စတဲ့အချက်တွေကို စစ်ဆေး ကြည့်ရှုလို့ ရပါတယ်။ 

လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းများထဲမှာ ပါတဲ့အစိတ်အပိုင်း လေးခုကို သေချာ လေ့လာခဲ့ပြီးသွားပြီဆိုတော့ လူမှုသဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်တစ်ခုဖန်တီးရာမှာ မိမိကိုယ်တိုင်ကစပြီး ဘာတွေဘယ်လိုပြင်ဆင်ဖို့လိုတယ်ဆိုတာ ‌ကောင်းကောင်းမြင်တတ်သွားပြီလို့ယုံကြည်ပါတယ်။