လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေတဲ့ အရာများ🤔

  • လူမှုဟဇာတဖြစ်မှုကို ဘာတွေက လျော့ကျအားနည်းစေသလဲ?
  • လူမှုသဟဇာတဖြစ်ခြင်းဆိုတာ လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်ခုနဲ့တစ်ခု အတူတကွယှဉ်တွဲနေထိုင်ဖို့ပေါင်းစပ်ပေးတဲ့ “ကော်” လည်းဖြစ်ပါတယ်။ 
    ဒါဆို ဒီ “ကော်” လေးကို အားနည်းစေတဲ့အချက်တွေ ရှိတယ်ဆိုတာရော သူငယ်ချင်းတို့အနေနဲ့ တွေးကြည့်မိဖူးပါသလား။
  • တစ်ခါတရံမှာ ကျွန်တော်တို့သိလိုက်လို့ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ဘဲဖြစ်ဖြစ် ပြုမူမိတဲ့အချက်တွေကနေလည်း လူမှုသဟဇာတဖြစ်မှုကို လျော့ကျအားနည်းစေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ​။ 

တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype)

လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား​။ 

မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice)

မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။
ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ​။

လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း (Social Exclusion)

သူကတော့ဆင်းရဲလို့၊ ဘာသာခြားဖြစ်နေလို့၊ လူမျိုးမတူလို့ အဲ့ဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ လူတစ်ဦးရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာကို လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း လို့ခေါ်ပါတယ်။ 

သဘောထားမကြီးခြင်း (Intolerance)

Intolerance ဆိုတာ တစ်ယောက်ရဲ့အုပ်စုက အခြားအုပ်စုတွေထက် သာလွန်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် အခြားအုပ်စုကို လေးစားမှုမရှိတာပဲဖြစ်ပါတယ်။ ဥပမာ – ကိုယ်ကိုးကွယ်တဲ့ ဘာသာကမှ မြင့်မြတ်တာဆိုတဲ့ အတွေးနဲ့ မိမိနဲ့ ကိုးကွယ်မှုမတူတဲ့သူတွေအပေါ်ကို မလေးမစားပြုမူတာမျိုးတွေဟာ လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။

တန်းတူညီမျှမှုမရှိခြင်း (Inequality)

ကျောင်းသားအားလုံး ကြိုးစားခွင့်ရှိတဲ့ ပညာသင်ဆုတစ်ခုကို Roll-1ကိုပဲ အကြွင်းမဲ့ပေးပစ်တာမျိုး ကြုံခဲ့ရဖူးပါသလား​။ 

ဒါဟာလည်း တန်းတူညီမျှမှုမရှိခြင်းရဲ့ ဥပမာတစ်ခုပါပဲ။ တန်းတူညီမျှမှုမရှိခြင်းဆိုတာ အုပ်စုတစ်စု ဒါမှမဟုတ် လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ ဂုဏ်တွေ ရာထူးတွေအတွက် တန်းတူညီမျှအခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်မရနိုင်တာတွေကိုဆိုလိုပါတယ်။

ခွဲခြားဆက်ဆံခြင်း ( Discrimination)

လူမဲဖြစ်လို့ လူဖြူဖြစ်လို့၊ ယောက်ျားလေးဖြစ်လို့ မိန်းကလေးဖြစ်လို့၊ အသက်ကြီးနေလို့ အသက်ငယ်နေလို့ အကြောင်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံရမှုတွေဟာလည်း လူမှုသဟဇာတဖြစ်မှုကို အားလျော့စေတဲ့အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။

သူငယ်ချင်းတို့အနေနဲ့ရော အပေါ်ကအချက်တွေထဲက ဘယ်အချက်ကိုလုပ်လိုက်မိပြီး လူမှုသဟဇာတဖြစ်မှုကိုအားနည်း‌သွားအောင်ပြုလုပ်ခဲ့ဖူးပါသလဲ​? မလုပ်ဖူးဘူးဆိုရင်တော့ ဂုဏ်ယူပါတယ်နော်​။