လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စု 🫂

လူမှုအုပ်စု (Social Group) နဲ့ လူမှုအသိုင်းအဝိုင်း (Society) ဆိုတဲ့ နှစ်ခုက ဘာတွေ ကွာခြားလဲဆိုတာ တွေးကြည့်ဖူးပါသလား?

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စုဆိုတာ ဘာလဲ။

လူမှုအုပ်စု (Social Group)

ဆင်တူတဲ့ ဝိသေသလက္ခဏာ (Characteristics) တွေကို မျှဝေပြီး စည်းလုံးမှု ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက် ပိုတဲ့ လူတွေကို လူမှုအုပ်စုဆိုပြီး ခေါ်ပါတယ်။ 

ဒါဆိုရင် Social Group လို့ ခေါ်တဲ့ လူမှုအုပ်စုတွေက ဘယ်လို ဝိသေသလက္ခဏာတွေကို မျှဝေတတ်ကြလဲ​။ များသောအားဖြင့် – 

  • တန်ဖိုးထားမှု (Value)
  • ကိုယ်စားပြုမှု (Representation)
  • စိတ်ဝင်စားမှု/အကျိုးစီးပွား (Interests)
  • ဝိသေသတူညီခြင်း (Identity)နဲ့ တခြားသော ချည်နှောင်မှုတွေ ပါဝင်တတ်ကြပါတယ်။
    ဥပမာ – လူ့အခွင့်အရေးတွေကို တန်ဖိုးထားကြသူတွေအချင်းချင်း စုစည်းမိတာ၊ ပညာရေးတိုးတက်မှုအတွက် ကြိုးစားချင်သူတွေ တစ်နေရာတည်းမှာ လာဆုံတာ စတာတွေပေါ့။

ဒီလို လူမှုအုပ်စု (Social Group) တွေမှာလည်း အမျိုးအစား (၂) မျိုး ရှိပါတယ်။ 

  • Primary Group လို့ခေါ်တဲ့ ပင်မအုပ်စု
    (ပင်မမူလအုပ်စုဆိုတာက ကိုယ်နဲ့ ရင်းနှီးတဲ့ Personal ဆက်ဆံရေးရှိတဲ့သူတွေပါ။ ဥပမာ – မိသားစု၊ သူငယ်ချင်း အရင်းအချာ စတာတွေပေါ့။)
  • Secondary Group ဆိုတဲ့ တစ်ဆင့်ခံ အုပ်စု
    (တစ်ဆင့်ခံအုပ်စုဆိုတာကတော့ ပင်မအုပ်စုက လူတွေကနေတစ်ဆင့်မှ သိရတဲ့၊ ယာယီ ဆက်ဆံရေးလောက်ပဲ ရှိပြီး ကိစ္စတစ်ခု၊ ပန်းတိုင် တစ်ခုအတွက် ခဏတာ ထိတွေ့ရတဲ့သူတွေ ဖြစ်ပါတယ်။ ဥပမာ – ပရောဂျက်တစ်ခုအတွက် ခဏပဲ လက်တွဲလုပ်ရတဲ့သူလိုမျိုးပေါ့။)

နောက်ထပ် အမျိုးအစား ခွဲလို့ ရတာကတော့ In-Groups and Out-Groups ပါ။ 

  • အတွင်းအုပ်စု (In-Group) ဆိုတာက ကိုယ်နဲ့ သက်ဆိုင်မှု ရှိတယ်လို့ ခံစားရတဲ့ အုပ်စုတွေကို ညွှန်းပါတယ်။
  • Out-Groups အပြင်အုပ်စုဆိုတာကတော့ ကိုယ်နဲ့ သိပ်ပြီး မသက်ဆိုင်ဘူး လို့ ယူဆရတဲ့ အုပ်စုတွေ ဖြစ်ပါတယ်​။
    ဥပမာ – ကိုယ်က နိုင်ငံခြား ရောက်သွားတယ် ဆိုပါစို့​။ မြန်မာစကား မပြောတဲ့ နေရာတစ်ခုနဲ့ မြန်မာစကား ပြောတဲ့ နေရာတစ်ခု ဘယ်ဟာက In-Group ဘယ်ဟာက Out-Group ဖြစ်မယ် ထင်ပါသလဲ​။? 

အတွင်း/ကိုယ့်အုပ်စု ဘက်လိုက်မှု (In Groups Bais / Favouritism)

အတွင်းအုပ်စု ဘက်လိုက်တယ်ဆိုတာ အတွင်းအုပ်စုထဲက လူတစ်ယောက်ယောက် (ဒါမှမဟုတ်) ကိုယ့်အုပ်စုတွင်းက သူတွေကိုပဲ ဦးစားပေးနေ၊ စွဲလမ်းမှု ရှိနေတဲ့ အနေအထားကို ရည်ညွှန်းပါတယ်။ 

ဥပမာ – တခြားသူတွေနဲ့ ချိတ်ဆက်ပြီး အလုပ်လုပ်တဲ့အခါ အရင်းအမြစ်သုံးစွဲမှုအပေါ် ကိုယ့်အုပ်စုဖြစ်တဲ့ ရင်နှီးကျွမ်းဝင်တဲ့ သူတွေကိုသာ အရင်ဦးစားသလိုမျိုးပါ။

လူမှုအသိုင်းအဝိုင်း (Society)

အထက်မှာ ပြောပြခဲ့တဲ့ မတူညီတဲ့ လူမှုအုပ်စု (Social Group) တွေ စုစည်းတည်ရှိနေတာကိုတော့ လူမှုအသိုင်းအဝိုင်း (Society) လို့ ခေါ်ပါတယ်။