လူမှု သဟဇာတဖြစ်မှု (Social Cohesion) 🤔

Social Cohesion ဆိုတာ ဘာလဲ?

  • ဘာကြောင့် ဒီသဘောတရားကို နားလည်ထားသင့်တာလဲ။
  • ဒီခက်ခဲတဲ့ ကာလတွေအတွင်းမှာ တချို့သောသူတွေနဲ့ ဝေးကွာသွားတယ်လို့ ခံစားရလား
  • ဒါမှမဟုတ် လူတွေနဲ့ အေးအတူ ပူအမျှ ပိုပြီး ဖြစ်လာသလား​
  • ဒါမှမဟုတ် ပိုပိုပြီး နီးကပ်လာပါသလား​

စည်းလုံးညီညွတ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်းကို သိရှိထားဖို့ မဖြစ်မနေ လိုပါတယ်​။ 

Social ဆိုတာ လူမှုရေး၊ Cohesion ဆိုတာ သဟဇာတဖြစ်မှု၊ Social Cohesion ဆိုတာကတော့ လူမှုအစုအဖွဲ့၊ လူမှုအသိုင်းအဝိုင်းက လူတွေအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိအောင် သွေးစည်းအောင် ပြုလုပ်တာလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။

လူမှုသဟဇာတ ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ်နေထိုင်ရာ အသိုက်အဝန်းမှာလည်း အရေးပါပါတယ်​။ မတူကွဲပြားမှုကို လေးစားလက်ခံပြီး Synergy လို့ ခေါ်တဲ့ ညီညွတ်ခြင်းရဲ့ ခွန်အားကို ရှာဖွေတတ်ဖို့၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေကို လျှော့ချဖို့၊ လူတန်းစားခွဲခြားမှု မရှိဘဲ တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို ရယူနိုင်ကြဖို့ စတာတွေဟာ သဟဇာတမဖြစ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ပါဘူး။

တချို့နေရာတွေမှာ Social Cohesion ကို “ကော်(glue)” လို့လည်း ခေါ်ကြပါတယ်။ 

ဘာကြောင့် Social Cohesion ကို “ကော်” လို့ခေါ်ကြတာလဲဆိုရင် – တစ်နေရာတည်းမှာ နေထိုင်ကြတဲ့ လူမျိုး၊ ဘာသာ မတူတဲ့ လူပုဂ္ဂိုလ်များကို တစ်စုတစ်စည်းတည်း တူညီအောင် ပေါင်းစပ်ပေးတဲ့အတွက် “ကော်” လို့ တင်စားခေါ်ကြပါတယ်။ လူမှုသဟဇာတဖြစ်ခြင်းက လူမျိုး၊ ဘာသာ၊ အမြင်များစတဲ့ မတူညီတဲ့ အရာများကို အသိအမှတ်ပြုပြီး တယောက်နဲ့တယောက် လေးစားမှု၊ ယုံကြည််မှုနဲ့ ပူပေါင်းဆက်သွယ်ခြင်းလို့လည်း ဆိုနိုင်ပါတယ်။

ခု လက်ရှိ မြန်မာ့ လူမှုအသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းမှာ မတူကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်နေရတဲ့ ပြဿနာများစွာ ရှိပါတယ်။ လူမျိုးမတူ၊ ဘာသာမတူ၊ လိင်မတူ၊ လူတန်းစား မတူ၊ စတဲ့ မတူညီမှုတွေဟာ တကယ်တော့ ပြဿနာတွေရဲ့ အရင်းအမြစ် မဟုတ်သင့်ဘဲ ညီညွတ်မှုတွေရဲ့ အကြောင်းအရင်းခံတွေသာ ဖြစ်သင့်ပါတယ်။

ဒါကြောင့် Social Cohesion ရဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက်အပေါ် Segina Berger Schmitt ရဲ့ ရှု့မြင် သုံးသပ်ချက်တွေကို လေ့လာကြရအောင်…

Segina Berger Schmitt ရဲ့ အမြင်မှာဆိုရင် “တန်းတူညီမျှမှု မရှိတဲ့ ရှုထောင့် နဲ့ လူမှုရင်းနှီး ချိတ်ဆက်မှုဆိုင်ရာ ရှုထောင့်”ပဲ ဖြစ်ပါတယ်။ 

တန်းတူညီမျှမှု မရှိတဲ့ ရှုထောင့်ကို စဉ်းစားကြည့်မယ်ဆိုရင် အခွင့်အရေးတွေအားလုံး တန်းတူညီမျှမှု ရှိရဲ့လားဆိုတာကို သတိထားကြည့်ဖို့ လိုအပ်ပါတယ်လို့ ဖွင့်ဆိုထားပါတယ်။ အကယ်၍ ကိုယ့်ရဲ့ ရပ်ရွာထဲမှာ ခွဲခြားဆက်ဆံမှု၊ မတရားမှုတွေရှိလာရင် တန်းတူညီမျှမှုရှိအောင် လုပ်ဆောင်ရမယ်ဆိုတဲ့ အမြင်နဲ့ “တန်းတူညီမျှမှု မရှိတဲ့ ရှုထောင့်”ကနေ ကြည့်ဖို့ လိုအပ်ပါတယ်။ 

လူမှုရင်းနှီး ချိတ်ဆက်မှုဆိုင်ရာ ရှု့ထောင့် (Social Capital) ကတော့ ရပ်ရွာ အသိုက်အဝန်းထဲမှာရှိတဲ့ သူအားလုံး တယောက်နဲ့တစ်ယောက် “ဘယ်လောက် ရင်းနှီးမှုရှိသလဲ၊ ဘယ်လောက် ချိတ်ဆက်မှု ရှိသလဲ၊ ဘယ်လို အားကောင်းအောင် လုပ်ဆောင်လို့ရသလဲ” ဆိုတဲ့ အမြင်နဲ့ ကြည့်ဖို့လိုပါတယ်။ 

ဒီရှု့ထောင့်ဟာဆိုရင် အချင်းချင်းကြား ယုံကြည်မှု လေးစားမှု တိုးပွါးလာအောင်၊ ရင်းနှီးမှုတွေ တည်ဆောက်နိုင်အောင် စတဲ့ ချဉ်းကပ်မှုတွေရှိလာဖို့အတွက်ပဲ ဖြစ်ပါတယ်။ဒါဆိုရင်တော့ လူမှုသဟဇာတဆိုတဲ့ အဓိပ္ပါယ်ကို အခြေခံအားဖြင့် နားလည်သွားမှာဖြစ်တဲ့အပြင် Segina Berger Schmitt ရဲ့ ရှု့မြင်ချက်တွေကိုလည်း လေ့လာပြီးသွားပြီပဲ ဖြစ်ပါတယ်။