အေးချမ်းစွာယှဉ်တွဲနေထိုင်ရန် ပါဝင်ရမည့် အခန်းကဏ္ဍများ🕊️

အေးချမ်းစွာယှဉ်တွဲ နေထိုင်ရေးရဲ့ အခန်းကဏ္ဍများမှာ လူ့အဖွဲ့အစည်းအတွက် လိုအပ်တဲ့ အချက်များကို အခြေခံထားတာကြောင့် မိမိကိုယ်ကို သိရှိခြင်း၊ တန်းတူညီမျှမှု၊ သဟဇာတဖြစ်မှုနှင့် ပဋိပက္ခ ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည် စတဲ့ အရည်အသွေးသုံးခုကို ရှင်းလင်းပြောပြပါ့မယ်။ 

မိမိကိုယ်ကို သိမြင်ခြင်း

အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းရဲ့ အရေးကြီးတဲ့ အခြေခံ လုပ်ငန်းစဉ်တစ်တခုက မိမိကိုယ်မိမိ ဦးစွာပထမ သိမြင်ခြင်းဖြစ်ပါတယ်။ မိမိရဲ့ မိသားစု မျိုးရိုး၊ လူမျိုး၊ အသိုင်းအဝိုင်း၊ အသားအရောင်၊ လိင်၊ မိသားစု အခြေအနေ ၊ မိမိရဲ့ အားနည်းချက်၊ အားသာချက် စသည်များကို လက်ခံ ယုံကြည်မှု အပြည့်အဝရှိမှသာ အခြေခံကြပြီး အေးချမ်းတဲ့လူမှုပတ်ဝန်းကျင်ကို စောဦးစွာရရှိမှာ ဖြစ်ပါတယ်။

ပဋိပက္ခစတင်ဖြစ်ပွါးမှုများမှာ ဝိသေသလက္ခဏာအပေါ် တိုက်ခိုက်ခြင်းက အစပြုတာကြောင့် အထက်ပါ အချင်းအရာများကိုပဲ အရှိကို အရှိအတိုင်း လက်ခံထားနိုင်ရင် ဘယ်တိုက်ခံမှုမဆို အေးချမ်းစွာယှဉ်တွဲနေထိုင်ရင်း ဖြေရှင်းနိုင်ပါမယ်။ 

အခုမှတော့ ဝိသေသလက္ခဏာများအကြောင်းကို ပြန်လည်ဆွေးနွေးပြီး အဆိုပါ ဝိသေသလက္ခဏာများအပေါ် ဖြစ်ပေါ်လာတဲ့ အကြမ်းဖက်မှုများ နဲ့ သက်ရောက်မှုများကို လေ့လာဆွေးနွေးမှာ ဖြစ်ပါတယ်။ လုပ်ငန်းစဉ်ကိုနှစ်ခုခွဲထားပြီး တစ်ခုပြီးတစ်ခု တစ်ဆင့်စီပြုလုပ်သွားဖို့ ဖြစ်ပါတယ်။

အထက်မှာဖော်ပြထားတဲ့ ကျောင်းသူလေးကေရဲ့ မိမိကိုယ်ကိုပုံဖော်ပုံကို လေ့လာကြည့်ရင် လူသားတစ်ယောက်ဖြစ်ခြင်း၊ မိန်းကလေးတစ်ယောက်ဖြစ်ခြင်း၊ လယ်သမားရဲ့သမီး၊ ကျောင်းသူတစ်ယောက်၊ သိပ္ပံ ပညာကို စိတ်ဝင်စားသူ၊ ငါးဟင်းကြိုက်သူ စသည့် ဝိသေသလက္ခဏာတွေက ကေဆိုတဲ့ မိန်းကလေးကို ညွှန်းဆိုပါတယ်။ ကေက ဝိသေသလက္ခဏာများကို ရေးချတဲ့အခါ သူ့အတွက် အရေးကြီးဆုံးအချက်ကို အလယ်ဗဟိုမှာ တည့်ထားပြီး ဒုတိယအရေးကြီးတဲ့ အချက်များကို အလယ်ဗဟိုနဲ့ အနည်းငယ်အကွာ ပတ်ပတ်လည်မှာ ရေးထားတာကို တွေ့နိုင်ပါတယ်။ အရေးပါမှု အနည်းအများအလိုက် အလယ်ဗဟိုမှ တဖြည်းဖြည်း ဝေးကွာသွားတဲ့ ပုံစံနဲ့ ရေးထားပါတယ်။ ကေရဲ့ ဝိသေသလက္ခဏာများက တခြားသူများရဲ့ အမြင်များကိုမတွေးဘဲ သူ့ကိုယ်သူမြင်တဲ့အတိုင်း ရိုးရိုးရှင်းရှင်း ရေးချထားတာကို တွေ့မြင်နိုင်ပါတယ်။

အပြန်အလှန်ပံ့ပိုးကူညီပေးသော ပတ်ဝန်းကျင်တစ်ခုဖန်တီးခြင်း

ပတ်ဝန်းကျင်ရဲ့ တိုက်ခိုက်မှု၊ ခွဲခြားမှု၊ ဝေဖန်မှု၊ ဖယ်ကျဉ်မှုများကရရှိတဲ့ စိတ်ဒဏ်ရာများကနေ ပြန်လည်နာလန်ထူနိုင်ဖို့ လုပ်ဆောင်ရတာက ရေရှည်လုပ်ငန်းစဉ် တစ်ခုဖြစ်ပါသည်။ ပတ်ဝန်းကျင်က တိုက်ခိုက်တဲ့ စိတ်ဒဏ်ရာများကို ကုစားနေတဲ့ ကာလအတွင်းမှာ အကြမ်းဖက်မှုများက အချိန်မရွေး ဖြစ်ပွါးနိုင်တဲ့အတွက် ကုစားမှုဖြစ်စဉ် ပြတ်တောက်သွားတတ်တာကြောင့် ခက်ခဲတဲ့ လုပ်ငန်းတစ်ခုလည်း ဖြစ်သွားနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ခွဲခြားမှု နဲ့ တိုက်ခိုက်မှုရဲ့ စိတ်ဒဏ်ရာခံစားနေရတဲ့ အခြေအနေများမှ ကာကွယ်ဖို့က အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်။ ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှုတို့ရဲ့ စိတ်ဒဏ်ရာကို ခံနိုင်ရည်ရှိတဲ့ မိသားစုများ၊ ရပ်ရွာလူထုများ၊ ပြည်သူလူထုများ ဖြစ်လာစေဖို့က အောက်မှာဖော်ပြထားတဲ့ လူမှုအနေအထားများနဲ့ လုပ်ဆောင်ချက် အစီအစဉ်များက အထောက်အကူပြုနိုင်ပါတယ်။

အဆိုပါလုပ်ဆောင်ချက်များက တိုက်ခိုက်မှု မျိုးစုံရဲ့ စိတ်ဒဏ်ရာများအတွက်  အကျိုးသက်ရောက်မှုများကို လျှော့ချပေးနိုင်ပြီး ပြန်လည်ထူထောင်မှုပြုလုပ်နိုင်ဖို့ အလားအလာများစွာရှိပါတယ်။  

(၁) လုံခြုံစိတ်ချမှု

မိသားစုအတွင်း၊ ရပ်ရွာအတွင်း လုံခြုံစိတ်ချရတဲ့ ခံစားချက်တစ်ခုကို ဖန်တီးပေးနိုင်ဖို့က အရေးပါပါတယ်။ အကြောင်းကတော့ လုံခြုံ စိတ်ချမှုမရှိဘဲ ကုစားပေးတဲ့ ဖြစ်စဉ်ကို စတင်လုပ်ဆောင်ဖို့ ခဲယဉ်းတာကြောင့် ဖြစ်ပါတယ်။ ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုအတွက် ကာကွယ်စောင့်ရှောက်မှုပိုင်းက အနည်းငယ် အခက်အခဲရှိမှာဖြစ်သော်လည်း စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ပံ့ပိုးပေးနိုင်တဲ့ အချက်များကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် မိသားစုအတွင်း၊ ရပ်ရွာအတွင်းတွင် ပြုလုပ်နိုင်ပါတယ်။

ထိုအချက်များတွင်-

  • ခြိမ်းခြောက်မှုများအောက်မှာ အမြော်အမြင်ကြီးစွာတုံ့ပြန်ခြင်း နဲ့ တုံ့ပြန်နိုင်ရန် လိုအပ်တဲ့ ပြင်ဆင်မှုများကို တိုးမြှင့်လုပ်ဆောင်ခြင်း၊
  • ရန်လိုတဲ့ အပြုအမူများနဲ့ ကြုံတွေ့နေရစေကာမူ မိမိကိုယ်ကိုတန်ဖိုးထားခြင်းနှင့် မိမိရဲ့ ဖြစ်တည်မှုဝိသေသလက္ခဏာများကို ထိန်းသိမ်းနိုင်လောက်တဲ့ စိတ်ဝိဉာဉ်နှင့် စိတ်ပိုင်း ဆိုင်ရာ ခိုင်မာသောအခြေခံရှိထားခြင်း၊
  • တခြားသူများရဲ့ ကူညီပံ့ပိုးမှုများရှိခြင်း၊
  • ပြန်လည်ဆန်းစစ်တတ်သော၊ ပဋိပက္ခ နဲ့ တိုက်ခိုက်ခံရမှုရဲ့ စိတ်ဒဏ်ရာများကို ကောင်းမွန်စွာတုံ့ပြန်နိုင်တဲ့ လူများထဲမှ ထိုအလေ့အကျင့်များကိုလက်တွေ့အသုံးချတတ်ခြင်းတို့ ပါဝင်ပါတယ်။

(၂) အသိအမှတ်ပြုမှု

ခွဲခြားဆက်ဆံမှု၊ တိုက်ခိုက်မှု မျိုးစုံမှ ရရှိတဲ့ စိတ်ဒဏ်ရာများက မိမိကိုယ်ကို နဲ့ မိမိဘဝအပေါ် တန်ဖိုးထားမှုများကို ယုတ်လျော့သွားစေတတ်ပါတယ်။ ဒါကြောင့် မိမိအပါအဝင် တခြားသူများက တိုက်ခိုက်ခံရမှုကြောင့် စိတ်ဒဏ်ရာရရှိပြီး နောက်ပိုင်း ပြန်လည်ထူထောင်ရေးအတွက် လုပ်ဆောင်တဲ့အခါ အသိအမှတ်ပြုဖို့ လိုအပ်ပါတယ်။ အဲ့လို အသိအမှတ်ပြုရာမှာ မိမိကိုယ်ကို ဦးတည်တဲ့ အသိအမှတ်ပြုမှု နဲ့ တခြားသူများကိုဦးတည်တဲ့ အသိအမှတ်ပြုမှုဆိုပြီး နှစ်မျိုးပြန်လည် ခွဲခြားနိုင်ပါတယ်။

  • မိမိကိုယ်ကို ဦးတည်တဲ့ အသိအမှတ်ပြုမှုမှာ အောက်ပါအချက်များပါဝင်တာကို တွေ့ရှိရပါတယ်။
  • ဆုံးရှုံးမှုများအတွက် ငိုကြွေးပူဆွေးနေမယ့် အစား စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို လေ့ကျင့်ပေးခြင်း။
  • စိတ်ဒဏ်ရာဖြစ်စေပြီး အလားအလာရှိတဲ့ အတွေ့အကြုံများအကြောင်းကို ပြောပြပြီး အပြုသဘောဆောင်တဲ့ အချက်များကို ရှာဖွေကြည့်ခြင်း။
  • စိတ်ဒဏ်ရာဖြစ်စေတဲ့ စွမ်းအားများကို အပြုသဘောဆောင်တဲ့ဘက်သို့ လမ်းကြောင်း ပြောင်းကြည့်ခြင်း။ 
  • ကြောက်စိတ်များကို ဖြစ်လာမှတုံ့ပြန်မယ့်အစား ကြိုတင်ကာကွယ်နိုင်စေဖို့ ကြောက်စိတ်ဖြစ် ပေါ်ရတဲ့ အကြောင်းရင်းများ နဲ့ သဘောသဘာဝများကို သိရှိနားလည်အောင် ပြုလုပ်ခြင်း။ လူသားတစ်ယောက်အနေနဲ့ မိမိဘဝမှာ ကြုံတွေ့ရနိုင်တဲ့ အရှက်ရစရာကိစ္စဖြစ်စေ၊ ဂုဏ်သိက္ခာတက်စရာကိစ္စဖြစ်စေ၊ အားနည်းချက်ဖြစ်စေ၊ အားသာချက်ဖြစ်စေ မည်သည့်အရာကိုမဆို လက်ခံအသိအမှတ်ပြုခြင်း။
  • တခြားသူများဆီသို့ဦးတည်တဲ့ အသိအမှတ်ပြုမှုတွေက အောက်ပါအချက်များ ပါဝင်ပါတယ်။
  • စိတ်ဒဏ်ရာဖြစ်စေသောအကြောင်းရင်းများကို မေးမြန်းစူးစမ်းပြီး လူအများကျေနပ်လက်ခံနိုင် မယ့် အဖြေကိုစူးစမ်းရှာဖွေကြည့်ခြင်း။
  • ကိုယ်ချင်းစာစိတ်မွေးမြူပြီး မိမိကိုယ်ကို တခြားသူများမြင်တဲ့ ရှုထောင့်က ကြည့်မြင်ခြင်း။
  • တခြားသူများကို နှိမ့်ချပြီး ဆက်ဆံတာမျိုး မလုပ်ဘဲ လူတိုင်းသည် မိမိတို့လို ခံစားချက် များရှိတဲ့ လူသားများ ဖြစ်ကြောင်းကို ထပ်တူထပ်မျှ ရှုမြင်ကြည့်ခြင်း။

မိမိကိုယ်ကို အသိအမှတ်ပြုတဲ့ ကျွမ်းကျင်မှုများ ရှိမှသာ ရပ်ရွာအတွင်း နေထိုင်တဲ့ တခြားသူများကို အသိအမှတ်ပြုတတ်နိုင်မှာ ဖြစ်ပါတယ်။

(၃) ချိတ်ဆက်မှု

မိမိတို့နှင့်တခြားသူများကြား ချိတ်ဆက်နိုင်ရန်လိုအပ်ပါတယ်။ ချိတ်ဆက်မှုလို့ဆိုရာမှာ စိတ်ဒဏ်ရာ ရရှိလာတဲ့ အခြေအနေတွင် ပုံသေကားကျရှုမြင်ခြင်း၊ ငါ-သူ အယူအဆကြီးစိုးလာခြင်းနှင့် အစွန်းရောက်သည့်စိတ်များ ဖြစ်ပေါ်လာတတ်ခြင်းကြောင့် ပဋိပက္ခဖြစ်ပွါးတဲ့ အုပ်စုနှစ်စုအကြားတွင် ပြန်လည်ညီညွတ်မှုရရှိနိုင်စေဖို့ ပြုလုပ်ခြင်းကိုဆိုလိုပါတယ်။ အဲ့လိုအပြန်အလှန်ချိတ် ဆက်မှုရှိအောင် ကြိုးစားရာမှာ အောက်ပါအချက်တွေ ပါဝင်နိုင်ပါတယ်။

  • ငါ-သူခွဲခြားတဲ့ အယူအဆများကို ဖျောက်ဖျက်ကျော်လွှားပြီး အားလုံးတစ်သားတည်း ထပ်တူ ထပ်မျှဖြစ်တယ်လို့  ခံယူချက်ထားရှိခြင်း။
  • အရင်က ရန်သူလို့ ယူဆထားသူများ နဲ့ ဆက်သွယ်ကြည့်ဖို့ ကြိုးစားလိုစိတ်ရှိခြင်း။ ခွင့်လွှတ်နိုင်ခြေရှိခြင်း။
  • နှစ်ဖက်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ဖို့ နှင့် နှစ်ဖက်စလုံးရဲ့ ဝိသေသလက္ခဏာများကို ပြန်လည်အသိအမှတ်ပြု လေးစားနိုင်ရန် အတွက်တရားမျှတမှုကိုရှာဖွေခြင်း။
  • လက်စားချေတဲ့ နည်းလမ်းကို စွန့်လွှတ်ပြီး ပြန်လည်ရင်ကြားစေ့ရေးကို တဖြည်းဖြည်း တည်ဆောက်နိုင်မယ့် အခွင့်အလမ်းကို ကြိုဆိုခြင်း စသည်တို့ဖြစ်တယ်။

တန်းတူညီမျှမှု

တန်းတူညီမျှမှုဆိုတာ အားလုံးအတွက် တူညီသောဘဝအခွင့်အရေးများ ရရှိခြင်းဖြစ်ပါတယ်။ ကျား-မ၊ ကိုးကွယ်တဲ့ ဘာသာ၊ လူမျိုး၊ တိုင်းရင်းသား၊ စီးပွားရေးအခြေအနေ၊ မွေးဖွားရာဒေသနှင့် တခြား သော ကွဲပြားခြားနားတဲ့ ဝိသေသလက္ခဏာများ ရှိသည့်တိုင်အောင် အခွင့်အရေးနှင့် ရင်းမြစ်များရရှိမှုကို တူညီစွာရရှိနိုင်ခြင်းသည် တန်းတူညီမျှမှုရှိခြင်းပင်ဖြစ်ပါတယ်။ လူမှုတန်းတူညီမျှမှုဆိုတာ ခွဲခြားဆက်ဆံမှု မရှိဘဲ ရေရှည်တည်တံ့တဲ့ လူမှုဖွဲ့စည်းမှုပုံစံတစ်ခုပင် ဖြစ်ပါတယ်။

သဟဇာတဖြစ်မှု 

သဟဇာတဖြစ်မှုဆိုတာ တစ်ဖက်သားနှင့် မိမိတို့အကြားမှာ အပြန်အလှန်လေးစားမှုနှင့် စာနာ နားလည်မှုတို့ရှိနေတဲ့ ဆက်ဆံရေးပင်ဖြစ်ပါတယ်။ တစ်ဖက်သားကပျော်ရွှင်ရင် မိမိလည်းပျော်ရွှင်ပြီး တစ်ဖက်သားနာကျင်ခံစားရရင် မိမိလည်း နာကျင်ခံစားရတဲ့ ဆက်ဆံရေးမျိုးဖြစ်ပါတယ်။ တစ်နည်းအားဖြင့် သဟဇာတဖြစ်မှုဆိုတာ စာနာနားလည်မှုနှင့် လေးစားမှုအလေ့အထတို့ ရှိနေခြင်းပင်ဖြစ်ပါတယ်။

ပဋိပက္ခကိုင်တွယ်ဖြေရှင်းနိုင်သောစွမ်းရည်

ပဋိပက္ခကိုင်တွယ်ဖြေရှင်းနိုင်သောစွမ်းရည်ဆိုသည်မှာ လူမှုရေးစွမ်းရည်တစ်ခုပင်ဖြစ်ပါတယ်။ အဆို ပါစွမ်းရည်က မတူကွဲပြားမှုများကို ဖော်ထုတ်ဖို့ နဲ့ နားလည်အသိအမှတ်ပြုလာနိုင်ဖို့အတွက် လိုအပ်တဲ့ တီထွင်ဉာဏ်ကွန့်မြူးရသည့် စွမ်းရည်ပင်ဖြစ်ပါသည်။ အဲ့ဒီစွမ်းရည်မှာ အသိဉာဏ်အမြင်ပွင့်လင်းမှု၊ ဗဟုသုတ နဲ့ ကျွမ်းကျင်မှုများ ပါဝင်ပါတယ်။ ကွဲပြားခြားနားမှုများရဲ့ အရင်းအမြစ်များကို သိရှိဖို့၊ ကွဲပြားမှုများရှိနေတဲ့ လူမှုစွမ်းရည်များကို ရေရှည်တည်တံ့ခိုင်မြဲပြီး အကြမ်းဖက်မှုမရှိတဲ့ အတူတကွယှဉ်တွဲနေထိုင်နိုင်သည့် အနေအထားပုံစံရောက်အောင် လမ်းကြောင်းပြောင်းပေးရန်မှာ ပဋိပက္ခကိုင် တွယ်ဖြေရှင်းနိုင်တဲ့ စွမ်းရည်တွင်ပါဝင်သည့် ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ပင် ဖြစ်ကြပါတယ်။