Social Exclusion ဆိုတာ ဘာလဲ။
Social Exclusion ကတော့ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်တာကို ခေါ်ဆိုပါတယ်။
“သူငယ်ချင်းတို့နဲ့ ကျွန်တော်တို့ကော လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့အထဲပါသလား ဒါမှမဟုတ် သူများကို လူမှုအသိုင်းအဝိုင်းထဲ မပါဝင်လာအောင် ဖယ်ကြဉ်တဲ့အပြုအမူတွေ လုပ်နေမိကြသလား စဉ်းစားကြည့်ရအောင်။ “
လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရတယ်ဆိုတာ လူအုပ်စုတစ်စုက လူတစ်ယောက်ကို ဒါမှမဟုတ် လူတစ်စုကို သူ့ရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်/ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်တာမျိုး၊ သူ့ကို လူမှုအသိုင်းအဝိုင်းထဲ မပါဝင်လာအောင် ပညာရေးချို့တဲ့လို့၊ ဒုက္ခိတဖြစ်နေလို့၊ ဘာသာရေးကြောင့်၊ လူမျိုးရေးကြောင့်၊ အသားအရောင်ကြောင့်ဆိုပြီးစတဲ့ အကြောင်းအရင်းတွေကြောင့် ခွဲခြားဆက်ဆံတာမျိုးကိုခေါ်ပါတယ်။ အဲ့လိုလူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့လူတွေဟာ သူတို့ကိုယ်သူတို့မပိုင်ဘူး၊ သူတို့ဘဝကိုသူတို့ မထိန်းချုပ်နိုင်ဘူးဆိုပြီး စိတ်ဓါတ်ကျနေတတ်ပြီး လူမှုကဏ္ဍတော်တော်များများမှာ မပါဝင်နိုင်ဘဲ ဆုံးရှုံးမှုတွေ အများကြီးရှိနေတတ်ပါတယ်။
ဥပမာ – အနေနဲ့ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့ အုပ်စုတစ်ခုကနေလာတဲ့ လူငယ်တစ်ယောက်ဟာ သူ့ကိုယ်သူ တခြားသူ့လို ရွယ်တူလူငယ်တွေနဲ့ တန်းတူ “ငါ့မှာလည်း သူတို့လိုလုပ်နိုင်စွမ်းတွေရှိတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး၊ အမြဲ သိမ်ငယ်အားငယ်တဲ့ စိတ်ကြောင့် ဘယ်လိုကဏ္ဍမျိုးမှာမှ ပါဝင်ဖို့မဝံ့ရဲဘူး၊ နောက်ဆုံး ကိုယ်လုပ်ရမယ့် အလုပ်ထဲမှာတောင် လူအများရဲ့ ဝိုင်းဖယ်ကြဉ်ခံရတယ်ဆိုတဲ့ စိတ်နဲ့တင် သာမန်လူသားတစ်ယောက်လို ပျော်ရွှင်တက်ကြွမှုမရှိတော့ဘူး။ အဲ့လိုဆိုသူ့ရဲ့နေ့ရက်တိုင်းက ပျော်ရွှင်မှုဆိုတာ ဘယ်မှာ ရှာလို့ရနိုင်တော့မလဲ မဟုတ်ဘူးလား။
“သူငယ်ချင်းတို့လည်း သူ့နေရာမှာငါသာဆိုရင်ဆိုပြီး စဉ်းစားကြည့်ကြရအောင်။ ဒီလိုလူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့လူတွေဘယ်လောက်များရှိနေပြီလဲ။”
အဲ့ဒီလိုလူတွေ ဘယ်လောက်များ အခွင့်အရေးတွေ ဆုံးရှုံးနေရပြီး ကျွန်တော်တို့ လူသားတွေရဲ့ လူ့စွမ်းအား အရင်းအမြစ်တွေ ဘယ်လောက်တောင် ဆုံးရှုံးနေရပြီလဲ။ ဒါတွေအားလုံးရဲ့ အဖြေကိုကျွန်တော်တို့ အားလုံးကပဲ ဝိုင်းပြီးအဖြေရှာရမှာဖြစ်ပါတယ်။
Dehumanization ဆိုတာ ဘာလဲ။
Dehumanization ဆိုတာကတော့ လူကိုလူထက်တစ်ဆင့်နိမ့်ပြီးဆက်ဆံတာကို ခေါ်ပါတယ်။
လူမျိုးကြီးအုပ်စုတစ်စု၊ အင်အားကြီးအုပ်စုတစ်စုကလူတွေက အင်အားနည်းအုပ်စုတစ်စုစုကို အထင်အမြင်သေးခွဲခြားဆက်ဆံပြီး သူတို့ရပိုင်ခွင့်၊ လူ့အခွင့်အရေးတွေကိုပိတ်ပင်တာမျိုး၊ သူတို့ဘာလုပ်လုပ် အမြဲပြစ်တင်ဝေဖန်နေတာ၊ ရှုံ့ချတာမျိုးလုပ်တာကို dehumanization လို့ခေါ်ပါတယ်။ အဲ့လို dehumanization လုပ်ခံရတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအရပါ နှောင့်ယှက်ခြင်းခံရတဲ့အတွက် သူတို့ဟာအမြဲ စိတ်ဒဏ်ရာတွေနဲ့ပြည့်နေတတ်ပါတယ်။ တချို့ဆို အလကားနေရင်း အရင်တုန်းက မကောင်းတဲ့ သမိုင်းကြောင်းတွေ၊ ကောလာဟလတွေကြောင့် အမြဲတမ်း သူ့ကိုတွေ့တာနဲ့ လှောင်ပြောင်ကြတာမျိုး၊ သူ့ကိုပုဂ္ဂိုလ်ရေးအရ တိရိစ္ဆာန်တွေနဲ့ ခိုင်းနှိုင်းပြီးစနောက်တာ၊ ကိုယ်လက်အမူအရာတွေနဲ့ နှိမ့်ချ ဆက်ဆံတာမျိုးတွေ ကြုံတွေ့နေရပါတယ်။
အဲ့လိုအရာတွေနဲ့ပက်သက်လို့ ကျွန်တော်တို့ဘာတွေလုပ်လို့ရနိုင်လဲ
ကျွန်တော်တို့တွေ အခုလိုအခြေအနေမျိုးတွေမ ရှိလာအောင် ကိုယ်တိုင်ကစပြီး အပြုအမူ၊ အပြောအဆိုတွေကို သတိထားရပါမယ်။ Dehumanizationလုပ်တဲ့လူအုပ်စုမှာ ကိုယ်တိုင်ရော ပါဝင်နေမိပြီလား အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ဆန်းစစ်ကြည့်ရပါမယ်။
နောက်ပြီး သူများတွေကို ခွဲခြားဆက်ဆံတာ၊ ဝေဖန်တာမျိုးတွေမှာ ကိုယ်မပါမိအောင် ကိုယ့်ရဲ့အပြုအမူ သေးသေးလေးကအစ သတိထားသင့်ပါတယ်။ ဥပမာအနေနဲ့ dehumanizationနဲ့ ပတ်သက်တဲ့အပြောင်အပြက်တွေကို ကိုယ်ကဟာသတွေအဖြစ်မြင်ပြီး ကိုယ်တိုင်လှောင်ရယ်မိနေပြီလား။ လူတွေကို ရှုံ့ချဆက်ဆံနေတဲ့ အပြုအမူတွေကို ပိုဆွပေးတဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေအပြင် အပြုအမူ တစ်ခုချင်းစီတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
ပြီးတော့ ကိုယ့်မိသားစုတွေ၊ ကိုယ်နဲ့နီးစပ်တဲ့လူတွေကိုရော dehumanizationနဲ့ ပတ်သက်ပြီး နားလည်လာအောင် သေသေချာချာရှင်းပြ ပြောပြပေးသင့်ပါတယ်။
နောက်ဆုံးအနေနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ရှေးရိုးစွဲတာတွေ၊ မတရားဘက်လိုက်မှုတွေ မရှိလာအောင် အသိပညာပေးဝေမျှနေတဲ့၊ အကျိုးပြုလုပ်ငန်းတွေ လုပ်နေတဲ့အဖွဲ့အစည်းတွေကို မိမိကိုယ်တိုင်ကစပြီး တတ်နိုင်သလောက် အားပေးပံ့ပိုးပေးသင့်တာပေါ့။
ဒါဆို Social Exclusionနဲ့ Dehumanization အကြောင်းကို သေချာလေးလေ့လာပြီးသွားပြီဆိုတော့ ကိုယ့်ဘက်ကလိုအပ်မှုတွေ၊ ပြင်ဆင်သင့်တာတွေလည်း သိသင့်သလောက် သိပြီးသွားပြီ၊ ကိုယ်လုပ်နိုင် ကူနိုင်တဲ့အရာတွေကိုလည်း မြင်တတ်သွားပြီလို့ မျှော်လင့်ပါတယ်။