“အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း” ဆိုတာကတော့ လူမှုတန်းတူညီမျှမှုကိုတန်ဖိုးထားခြင်း၊ သဟဇာတ မျှတစွာနေထိုင်ခြင်း နဲ့ ပဋိပက္ခ ဖြစ်လာရင် အတူတကွပူးပေါင်းဖြေရှင်းနိုင်တဲ့ ပတ်ဝန်ကျင်းကောင်းတစ်ခု ပိုင်ဆိုင်ထားတာကို ဆိုလိုပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်နိုင်ဖို့ဆိုရင် ကျား-မ၊ လူမျိုး၊ ဘာသာ၊ တိုင်းရင်းသား၊ လူကြီး-လူငယ်များ ခွဲခြားမှုမရှိဘဲ ရပ်ရွာဒေသအသီးသီးကလူများ၊ တာဝန်ရှိသူများ အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်ပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းဟာ တစ်ရက်၊ တစ်လ၊ တစ်နှစ် ပြုလုပ် ရုံမျှဖြင့် ပြီးမြောက်အောင်မြင်သွာတာမျိုးမဟုတ်ဘဲ ကာလရှည်၊ စွဲမြဲစွာပြုလုပ်ရမယ့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်ပါတယ်။
ပဋိပက္ခကနေ အတူတကွယှဉ်တွဲနေထိုင်နိုင်တဲ့ အခြေအနေ အနေအထားကို ကူးပြောင်းနိုင်ဖို့ အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းနဲ့ သက်ဆိုင်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုများ မြှင့်တင်ခြင်းအပြင် စံတန်ဖိုးထားမှုများ အားကောင်းလာအောင် အားပေးပျိုးထောင်ပေး ဖို့လိုအပ်ပါတယ်။
အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းကို လေ့လာတဲ့အခါ ပဋိပက္ခကို ထိတွေ့ကိုင်တွယ်ရခြင်း၊ ဆန့်ကျင်ဘက်အမြင် ရှူ့ထောင့်များနှင့် ပြင်းထန်တဲ့ ခံစားမှုများ ထုတ်ဖော်ကြရခြင်းကြောင့် အခြားအကြောင်းအရာများ ဆွေးနွေးရတာထက် ထိလွယ်ရှလွယ် ဖြစ်တတ်ပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းရဲ့ သဘောတရားက အပြောင်းအလဲကို ဖော်ဆောင်လိုတဲ့ သတ္တိကို သင်ကြားပေးသလို မတရားမှုများ၊ အကြမ်းဖက်မှုများရှိတဲ့ လောကမှာ နေထိုင်ဖို့ မလိုအပ်တဲ့ စိတ်ဓာတ်ကိုလည်း သင်ကြားပျိုးထောင်ပေးပါတယ်။ အေးချမ်းစွာယှဉ်တွဲနေထိုင်နိုင်တဲ့ ပတ်ဝန်းကျင်မှာ မတရားမှု၊ မညီမျှမှု နှင့်အကြမ်းဖက်မှု မရှိသလောက် နည်းပါးနိုင်ပါတယ်။
အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းဟာ လူ့အဖွဲ့အစည်းရဲ့ နေရာအစုံ၊ အလွှာအစုံတွင် ရှိနေနိုင်ပါတယ်။ ဥပမာ-
- လူနှစ်ဦးကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း
- မတူညီတဲ့လူမှုအဖွဲ့အစည်းများအကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း
- နိုင်ငံတစ်ခု နှင့် တစ်ခုကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း တို့လို ဖြစ်ပါတယ်။
လူနှစ်ဦးကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း
လူနှစ်ဦးကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းဟာ လူမှုဆက်ဆံရေးအားလုံးအတွက် အခြေခံဖြစ်တာကြောင့် ရှိကိုရှိရမယ့် အရာဖြစ်ပါတယ်။ အတန်းဖော် သူငယ်ချင်း အချင်းချင်း၊ မိဘချင်း၊ ညီအစ်ကို မောင်နှမချင်း၊ မိတ်ဆွေချင်း၊ ကလေးချင်း၊ ဆရာချင်း၊ လုပ်ဖော်ကိုင်ဖက်ချင်း၊ အိမ်နီးနားချင်းတို့ကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်းမျိုး ဖြစ်ပါတယ်။
လူပုဂ္ဂိုလ်ချင်း လက်တွဲနေထိုင်ခြင်းက တခြားသော အမျိုးအစားတွေနဲ့ ကွာခြားတတ်ပါတယ်။ ထိုသို့ဖြစ်ရခြင်းမှာ လူပုဂ္ဂိုလ်ချင်းမှာရှိတဲ့ အေးချမ်းစွာဖြင့်ယှဉ်တွဲနေထိုင်မှုဟာ လူအနည်းငယ်ကိုသာ သက်ရောက်မှု ရှိစေပြီး မြို့တစ်မြို့လုံး၊ နယ်တစ်နယ်လုံး၊ နိုင်ငံတစ်နိုင်ငံလုံးကို သက်ရောက်မှု မရှိတာကြောင့်ဖြစ်ပါတယ်။
လူမှုအစုအဖွဲ့များကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ခြင်း
အစုအဖွဲ့အဆင့်ယှဉ်တွဲနေထိုင်ခြင်းက လူမှု အုပ်စုတစ်စု နှင့် တစ်စုကြား ဖြစ်ပေါ်နိုင်တဲ့ အေးချမ်းသာယာမှု ဖြစ်ပါတယ်။ အုပ်စုဆိုတဲ့ နေရာမှာ သေးငယ်တဲ့ အုပ်စုများ ဖြစ်နိုင်သလို ကြီးမားသော အုပ်စုများလည်း ဖြစ်နိုင်ပါတယ်။ သေးငယ်တဲ့ အုပ်စုတွေက အုပ်စုဝင်အသီးသီးတို့ အချင်းချင်း တစ်ဦးနှင့် တစ်ဦး လူပုဂ္ဂိုလ်ချင်း သိကျွမ်းနေကြတယ်။ ဥပမာ – မိသားစုဆွေမျိုးများ၊ လူငယ်အဖွဲ့အစည်းများ၊ ရပ်ရွာ သာယာရေးအဖွဲ့အစည်းများ စသည်တို့ဖြစ်ပါတယ်။
ကြီးမားတဲ့ အုပ်စုများက အုပ်စုဝင် အမြောက်အမြား ရှိတတ်ပါတယ်။ အုပ်စုဝင်တစ်ဦးက အုပ်စုထဲရှိ အခြားသူများ အားလုံးကို သိရှိဖို့ရာ မဖြစ်နိုင်ပါဘူး။ ကြီးမားတဲ့အုပ်စုအဆင့် ယှဉ်တွဲနေထိုင်မှုကို ပုံဖော်ကြတဲ့အခါ တစ်ဦးချင်း လူပုဂ္ဂိုလ်များကို အာရုံစိုက်လေ့ မရှိပါ။ အဲ့ဒီအစား အုပ်စုတစ်ခုလုံးကို လွှမ်းခြုံပြီး အာရုံစိုက်လေ့ရှိပါတယ်။ အဆိုပါ အုပ်စုများကတော့ အောက်ပါ အစုအဖွဲ့များဖြစ်ပါတယ်။
- တိုင်းရင်းသား လူမျိုးစုများ
- ဘာသာရေး အုပ်စုများ
- လူမှု လူတန်းစားများ
- နိုင်ငံရေး ပါတီများ
- ကုမ္ပဏီများ
ကြီးမားတဲ့ အုပ်စုများကြား အတူတကွ ယှဉ်တွဲနေထိုင်ခြင်းက နိုင်ငံတစ်နိုင်ငံရှိ လူဦးရေတစ်ရပ်လုံးကို သက်ရောက်မှု ရှိစေနိုင်ပါတယ်။ ဒီအဆင့်မှာ အတူတကွ အေးချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရင် နိုင်ငံအဆင့် ကမ္ဘာအဆင့် အေးချမ်းမှုကို ဖော်ဆောင်ပေးနိုင်ပါတယ်။
နိုင်ငံတစ်ခု နှင့် တစ်ခုကြား အေးချမ်းစွာယှဉ်တွဲနေထိုင်ရေး
အပြည်ပြည်နိုင်ရာ အေးချမ်းစွာယှဉ်တွဲနေထိုင်ရေးက နှစ်နိုင်ငံ သို့မဟုတ် နှစ်နိုင်ငံအထက် နိုင်ငံများကြားမှာ အတူတကွ အေးချမ်းစွာ နေထိုင်ကြခြင်း ဖြစ်ပါတယ်။ စီးပွာရေး၊ သံတမံရေးကိစ္စတွေကတဆင့် နိုင်ငံအချင်းချင်း အေးချမ်းစွာ ယှဉ်တွဲနေထိုင်လေ့ရှိပါတယ်။ ဥပမာ-
- ဥရောပသမဂ္ဂ
- အာဆီယံ
- BIMSTEC