စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်း😇

“အသက်တစ်ရာမနေရ အမှုတစ်ရာ‌ တွေ့ရ” ဆိုတဲ့စကားပုံအတိုင်း ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ မိသားစုနဲ့ဖြစ်‌စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဖြစ်‌​စေ လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ စတဲ့ ပြဿနာငယ်တွေအပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများအထိပါ ပါဝင်လာသော ပဋိပက္ခများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။ 

ဘယ်လိုပဲ ကျွန်‌တော်တို့လိုချင်တဲ့အရာတွေ ကွဲပြားနေပါစေ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိရင် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကို အသုံးပြုပြီး ဒီပြဿနာ‌တွေကိုဖြေရှင်းနိုင်ပါတယ်​။

စေ့စပ်ညှိနှိုင်းခြင်းဆိုတာဘာလဲ❓

စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပြဿနာကိုဖြေရှင်းဖို့တစ်ဦးနဲ့တစ်ဦး အတူတကွအဖြေရှာပြီးအချင်းချင်းညှိနှိုင်း လုပ်‌‌ဆောင်တာ၊ အပြန်အလှန်ဆွေးနွေးပြီး နှစ်ဖက်လုံးက ကိုယ်လိုချင်တဲ့အရာတွေရရှိအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်​။

စေ့စပ်ညှိနှိုင်းတယ်လို့ဆိုရာမှာ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတာနဲ့ စိတ်ဝင်စားမှု အခြေပြုစေ့စပ်ညှိနှိုင်းတာဆိုပြီးလည်း ရှိပါသေးတယ်။

📝 ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း

ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်းမှာ မိမိတို့ရဲ့တောင်းဆိုချက်တွေကို ဦးစားပေးဖော်ပြပြီး ညှိနှိုင်းတာပဲဖြစ်ပါတယ်။ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲကြည့်ပြီးညှိနှိုင်းတာဖြစ်တဲ့အတွက် တစ်ခါတလေမှာ အဆင်မပြေတာတွေ၊ ပြဿနာတွေကို ပိုကြီးသွားစေနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်​။

📝 စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်း

စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းဆိုတာ ရပ်တည်ချက်ရဲ့နောက်က လိုအပ်ချက်နဲ့အကြောင်းအရင်းကို ဦးတည်ပြီး စေ့စပ်ညှိနှိုင်းတာပဲဖြစ်ပါတယ်။ လိုအပ်မှု‌ေတွ၊ လိုအင်ဆန္ဒတွေ၊ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုတွေကို ဦးတည်တဲ့ ပဋိပက္ခဖြေရှင်းမှုနည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။ 

စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်းကို ဘာ့ကြောင့်လုပ်သင့်တာလဲ❓

အပေါ်ယံရပ်တည်ချက်ထက် ပိုပြီးလေးနက်တဲ့ အကြောင်းအရင်းကို ဖော်ပြဆွေးနွေးတာဖြစ်လို့ ပိုမိုထိရောက်တဲ့ ပြဿနာဖြေရှင်းနိုင်သူများ ဖြစ်အောင်ပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာ အပြင်ထွက်ခွင့်ရဖို့ မိဘဆီကခွင့်ပြုချက်တောင်းတဲ့အခါ အပြင်ထွက်ချင်လို့ဆိုတဲ့ ရပ်တည်ချက်တစ်ခုတည်းကိုပဲ ပြောပြတာထက် ဘာကြောင့်အပြင်ထွက်ချင်ပါတယ်ဆိုတဲ့ အကြောင်းအရင်းကို ပြောပြညှိနှိုင်းတာက ရလဒ်ကောင်းရရှိဖို့ ပိုမိုနီးစပ်စေပါတယ်။

📝 စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့‌တွေဟာ ပြဿနာတွေကို ကြုံတွေ့လာရတဲ့အခါ လူနဲ့ပြဿနာကို ခွဲခြားပြီး မြင်နိုင်လာပါတယ်။ ဒါ့အပြင် စိတ်ဝင်စားမှုတွေကို ဦးတည်ဖြေရှင်းနိုင်တဲ့ ရွေးချယ်စရာနည်းလမ်းတွေကိုပါ ထည့်သွင်းစဉ်းစားနိုင်တာဖြစ်လို့ နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း win-win situationကိုပါ ရရှိစေပါတယ်​။

စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်းအကြောင်းကို သိရှိပြီးပြီဆိုတော့ ကိုယ်နဲ့ စေ့စပ်ညှိနှိုင်းမယ့် ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို လေ့လာလိုက်ကြရအောင်။

သင်(YOU)

ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှု-လိုအပ်ချက်များနှင့် အမြင်ရှုထောင့်များကို ဆန်းစစ်လေ့လာခြင်း။

APPROACH-ညှိနှိုင်းဖက်ကို ဘယ်လိုချဉ်းကပ်မပြောဆိုမလဲ။ 

ဆောင်ရန်

✅ပွင့်ပွင့်လင်းလင်း ပြောဆိုပါ။

✅နားလည်ခံစားရကြောင်းအသိမှတ်ပြုပေးပါ။

✅လေးစားမှုပြသပါ။

✅မပြုသဘောဆောင်တဲ့ မေးခွန်းမေးပါ။

✅ဆွေးနွေးဖို့သင့်တော်တဲ့ အချိန် ဟုတ်မဟုတ် အမြဲစဉ်းစားသုံးသပ်ပါ။

✅ပျော့ပြောင်းတဲ့ အသံအနေအထားနဲ့ ပြောပါ။(Soft tone)

✅အကောင်းဖက်က မြင်ပေးပါ။

ရှောင်ရန်

❌ရပ်တည်ချက်တွေ ဦးစားပေးဆွေးနွေးတာကို ရှောင်ပါ။

❌တစ်လမ်းသွားဆက်သွယ်ရေးမျိုးကို ရှောင်ပါ။

❌တစ်ဖက်လူဆွေးနွေးမှုတွေကို နားမထောင်ဘဲ ပြုမူခြင်းကို ရှောင်ပါ။

အသက်အရွယ်ကြီးရင့်သူများနှင့် ညှိနှိုင်းသည့်အခါ

🧓ပျော့ပြောင်းသည့် အသံအနေအထား(Soft tone)နဲ့ ပြောပါ။ လေးစားမှုနဲ့ ပြောဆိုပါ။

🧓ယဉ်ကျေးသည့် ကိုယ်ဟန်အမူအယာတွေနဲ့ ပြုမူပါ။

🧓ဖြစ်ပျက်နေတဲ့ အခြေအနေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ။

🧓သူတို့ရဲ့ အတွေ့အကြုံ၊ အဖြစ်အပျက်၊ ခံစားချက်တွေကို နားထောင်ပေးပါ။ သိရှိအောင် ကြိုးပမ်းပါ။

🧓တတ်နိုင်သမျှ များများနားထောင်ပြီး မရှင်းလင်းတဲ့ အကြောင်းအရာတွေကို မေးမြန်းပါ။

🧓အခက်အခဲတွေကို သိတယ်ဆိုရင် ပူးပေါင်းအဖြေရှာနိုင်ဖို့ ကြိုးပမ်းပါ။

ကိုယ်လိုချင်တဲ့အရာတစ်ခုရဖို့ မိဘအုပ်ထိန်းသူနဲ့ ဘယ်လိုညှိမလဲ။

👨‍👩‍👧‍👦ကိုယ့်တာဝန်ကို အရင်ဆုံး ကျေပွန်အောင် လုပ်ဆောင်ပါ။

👨‍👩‍👧‍👦အိမ်အလုပ်တွေ အကုန်ပြီးအောင်လုပ်ထားပါ။

👨‍👩‍👧‍👦အိမ်စာတွေ လုပ်ထားပါ။

👨‍👩‍👧‍👦မိဘအုပ်ထိန်းသူ တစ်စုံတစ်ရာလုပ်နေချိန် သွားရောက်ဝိုင်းကူပါ။

👨‍👩‍👧‍👦ဘယ်အကြောင်းရင်းကြောင့် လိုအပ်တယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ရှင်းပြပါ။

👨‍👩‍👧‍👦မိသားစုနဲ့/သို့ မိမိအတွက် ဘယ်လို အကျိုးဖြစ်ထွန်းစေနိုင်ကြောင်းကို ရှင်းပြပါ။

👨‍👩‍👧‍👦လိုအပ်နေရတဲ့ အကြောင်းအရင်းတွေကို ရှင်းပြပါ။

📌ညှိနှိုင်းဖက်အပေါ် အကောင်းမြင်တယ်ဆိုတာက ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေက အရေးမကြီးဘူးလို့ မဆိုလိုပါဘူး။ အလုပ်အတူတူ လုပ်ဖို့၊ ပူးပေါင်းဆောင်ရွက်မှု ဖြစ်လာစေဖို့ လမ်းကြောင်းဖန်တီးခြင်းသာ ဖြစ်ပါတယ်။

📌ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုတွေကို ဖော်ထုတ်ရာမှာ ကိုယ့်ရဲ့ ခဉ်းကပ်မှုပုံစံ အနေအထားက အရမ်းကို အရေးကြီးပါတယ်။ ဘယ်လိုစကားပြောမယ်၊ ဘယ်လိုပြုမူရမယ်၊ ကိုဘ်ဟန်အနေအထား ဘယ်လိုထားရမယ် စတာတွေကို ကြိုတင်ပြင်ဆင်ထားရပါမယ်။

Discover their Interests- ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုတွေကို ရှာဖွေဖော်ထုတ်ခြင်း

💡ညှိနှိုင်းဖက် ပြောဆိုနေချိန် စကားဖြတ်ပြောတာမျိုးကို ရှောင်ပါ။

💡ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကို ပြောဆိုတာမျိုးကို ရှောင်ပါ။

💡မရှင်းတဲ့ အပိုင်းကို မေးမြန်းရာမှာ အပြုသဘောဆောင်ပါ၊ ကိုယ်ချင်းစာစိတ်၊ အသိမှတ်ပြုတဲ့ စကားလုံးတွေ၊ အပြုအမူတွေ၊ မျက်နှာအနေအထားတွေနဲ့ ပြသပါ။

💡အတူပူးပေါင်းအဖြေရှာနိုင်ဖို့ အမြဲစဉ်းစားထားပါ။

💡ကမ္ဘာကြီးအပေါ် ရှုမြင်ပုံတွေ မတူကြဘူး ဆိုတာကို အမြဲ သတိရနေပါ။

💡အမှန်တရားတွေ အများကြီးရှိတယ်ဆိုတာကို လက်ခံပြီး သတိပြုနားထောင်၊ မေးမြန်းပါ။

💡စိတ်ခံစားချက်တွေကို ဘေးဖယ်ထားပါ။

💡အမှန်တကယ်သိလိုစိတ်၊ နားလည်လိုစိတ်၊ ကောင်းမွန်တဲ့ သဘောထားတွေနဲ့ မေးမြန်းပါ။

💡”ဒါပေမယ့်”ဆိုတဲ့ စကားလုံးကို ရှောင်ပါ။ 

💡”ပြီးတော့” ဆိုတဲ့ စကားလုံးကို သုံးပါ။

📌ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုတွေကို ဆန်းစစ်လေ့လာခြင်းက နှစ်ဖက်လုံးအတွက် စိတ်ဝင်စားမှုတွေ ပြည့်ဝစေဖို့ ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းတွေကို ရရှိစေပါတယ်။

Supporting Skills/Behaviors- စေ့စပ်ညှိနှိုင်းမှုကို ပံ့ပိုးပေးတဲ့ အပြုအမူများ

🙇အပြုသဘောဆောင်တဲ့ အမူအရာကို ပြသပါ။

🧑‍🦰တက်ကြွစွာ နားထောင်ပါ။

🧑‍🦰မျက်နှာကြည့်ပြီး စကားပြောပါ။ (မကျေနပ်ချက်တွေကို ဘေးဖယ်ထားပါ)။

🧑‍🦰ထိုင်တဲ့ ပုံစံအနေအထားက နားထောင်လိုတဲ့ ပုံစံဖြစ်နေရပါမယ်။

🧑‍🦰ကိုယ်ခန္ဓာအနေအထားက နားထောင်ဖို့၊ အသိမှတ်ပြုဖို့ အသင့်အနေအထား ဖြစ်နေရပါမယ်။

🧑‍🦰လက်ဟန်ခြေဟန်တွေကလည်း အပြုသဘောဆောင်ရပါမယ်။

🧑‍🦰အော်ပြောတာမျိုးမဟုတ်ဘဲ စကားလုံးတွေကို ပီပီသသ ရှင်းရှင်းလင်းလင်းပြောဆိုပါ။

🙇တစ်ဖက်လူက စိတ်ခံစားချက်မြင့်နေချိန် (လိုအပ်ရင်) ညှိနှိုင်းမှုကို ခေတ္တခဏ ရပ်နားဖို့ အချက်ပြပါ။

🙇ညှိနှိုင်းဖက်ရဲ့ အတွေ့အကြုံ၊ အခြေအနေကို အသိမှတ်ပြုတဲ့ အနေနဲ့ ကိုယ့်အတွက် အဆင်ပြေတယ်ဆိုတာကို ပြသပါ။

🙇တစ်ဖက်လူက စိတ်ခံစားချက် ပုံမှန်ပြန်ဖြစ်ပြီး ရှေ့ဆက်ညှိနှိုင်းဖို့ အဆင်သင့်ဖြစ်မှသာ စေ့စပ်ညှိနှိုင်းရေးကို ဆက်လုပ်လုပ်ဆောင်ဖို့ အချက်ပြပါ။ (လိုအပ်ရင်) ဦးဆောင်ပြပါ။

🙇ညှိနှိုင်းဖို့ကြိုးစားပေမယ့် တစ်ဖက်က ညှိနှိုင်းလိုစိတ် မရှိတဲ့အခါ (ဥပမာ- ပြန်မပြောတာမျိုး၊ ပြန်အော်တာမျိုး လုပ်နိုင်တယ်၊ ဒါကြောင့် သူတို့နေရာကို ဝင်ခံစားတာမျိုး မဟုတ်ဘဲ ကိုယ်မေးလိုက်တဲ့/ပြောလိုက်တဲ့ စကားလုံးတွေကို ပြန်ဆန်းစစ်ရပါမယ်။

📌ညှိနှိုင်းဖက်ရဲ့ နေရာမှာ ဝင်ခံစားကြည့်ပါဆိုတာက သူတို့ရဲ့ ခံစားချက်၊ အတွေ့အကြုံ၊ လိုအပ်ချက်၊ စိုးရိမ်ပူပန်မှုတွေကို နားထောင်တာ၊ နားထောင်ပြီးတော့ သူတို့ ခံစားနေရတာတွေ အပေါ်မှာ ထပ်တူထပ်မျှ ခံစားရကြောင်း ပြသပါ။ သူတို့ဖက်ကနေ ဝင်ခံစားကြည့်ခြင်းအားဖြင့် ကိုယ်နဲ့ ညှိနှိုင်းလာဖို့ အခွင့်အရေး ပိုများစေပါတယ်။

ဒါဆိုရင် စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာ‌တွေကို သိရှိပြီးသွားပြီဆိုတော့ မိမိတို့ရဲ့ကြုံတွေ့နေရတဲ့ အဟန့်အတားတွေ၊ ရင်ဆိုင်တွေ့ရမယ့် ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရရှိ‌အောင် ကိုယ်တိုင်လက်‌တွေ့ကျကျ အသုံးချကြည့်ဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်နော်​။