စိတ်ဝင်စားမှုအကြောင်း

စိတ်ဝင်စားမှု(လိုအပ်ချက်) ဆိုတာ သူတို့တောင်းဆိုနေတဲ့ မြေကိုပြန်ရချင်တယ်၊ အကြွေးကို တပတ်အတွင်း ပြန်ရချင်တယ်ဆိုတဲ့ နောက်ကွယ်က သူတို့ စိုးရိမ်နေတဲ့ အရာတွေ၊ ကြောက်နေတဲ့ အရာတွေ၊ မျော်လင့်နေတဲ့ အရာတွေ၊ လိုအပ်နေတဲ့ အရာတွေကိုခေါ်တယ်။အရင်ဆုံး ရပ်တည်ချက် နဲ့ စိတ်ဝင်စားမှု ကို ခွဲခြားဖို့လိုတယ်။

ရပ်တည်ချက်ဆိုတာ သူတို့တောင်းနေတဲ့အရာတွေ(“ဒီမြေကိုပြန်ရချင်တယ်၊အကြွေးကို တပတ်အတွင်း ပြန်လိုချင်တယ်”) ကို ခေါ်တယ်။

စိတ်ဝင်စားမှုဆိုတာ နောက်ကွယ်က အကြောင်းရင်းဖြစ်တဲ့ (“ဒီမြေကိုမှ ပြန်မရတော့ရင် ကျွန်တော်တို့ မိသားစုလေး စားဝတ်နေရေး အခတ်အခဲ ဖြစ်လာလိမ့်မယ် ခင်ဗျာ။”) ကို ခေါ်တယ်။

စိတ်ဝင်စားမှု ၃ မျိုး

စိတ်ဝင်စားမှု ပုံစံ ၃ မျိုး ရှိတယ်။

၁။ တူညီတဲ့ စိတ်ဝင်စားမှု

(လုပ်ဆောင်ချက်တွေ မတူညီပေမဲ့ နောက်ဆုံး ပန်းတိုင်တူနေတဲ့ စိတ်ဝင်စားမှုမျိုး) 

ဥပမာ- အငြင်းပွားမှုတွင်ပါဝင်နေသော သူနှစ်ဦးတွင် တစ်ဦးက ရေတွင်းတူးရန် နှင့် တစ်ဦးက ရေပိုက်သွယ်ရန် တောင်းဆိုနေကြသော်လည်း နှစ်ဦးစလုံးက ရပ်ရွာလူထု ရေရရှိရေးအတွက်သာ ကြိုးပမ်းနေကြခြင်း၊ ရေမရရှိမှာ စိုးရိမ်နေကြခြင်း သည် တူညီသော စိတ်ဝင်စားမှုဖြစ်သည်။အဲ့လိုမျိုး တူညီတဲ့စိတ်ဝင်စားမှုမျိုးကို ရှာနိုင်ရင် အရင်ဆုံး.. အဲ့လိုစိတ်ဝင်စားမှုမျိုးကို ဖြေရှင်းခြင်းအားဖြင့် ပြဿနာဖြေရှင်းဖို့ပိုလွယ်တယ်။

၂။ ကွဲပြားသော စိတ်ဝင်စားမှု

(တယောက်နဲ့ တယောက်စိတ်ဝင်စားမှု မတူညီ ပေမဲ့ အလဲအလှယ် လုပ်လို့ရတဲ့ စိတ်ဝင်စားမှုမျိုး)

ဥပမာ- သူကလိုအပ်နေတာ က ရေ၊ ကိုယ်က လိုအပ်နေတာက စိုက်ပျိုးရေးအတွက်မြေ ဆိုရင် သူ့ဆီက စိုက်ပျိုးမြေ နည်းနည်းတောင်းပြီး သူလိုတဲ့ ရေ ကို ကိုယ့်ဆီက နည်းနည်းခွဲဝေပေး လိုက်တာမျိုး က နှစ်ဖက် စလုံးရဲ့ လိုအပ်ချက်ကို ပြည့်စေနိုင်ပါတယ်။

အဲ့လိုပဲ ကွဲပြားတဲ့ စိတ်ဝင်စားမှု ကိုရှာတွေ့နိုင်ရင် အရင်ဖြေရှင်းခြင်းအားဖြင့် ပြဿနာဖြေရှင်းတဲ့ နေရာမှာ ပိုမိုလွယ်ကူစေနိုင်ပါတယ်။

၃။ အချေအတင်ဖြစ်စေသော စိတ်ဝင်စားမှု

(သူတို့ရဲ့ စိတ်ဝင်စားမှု(လိုအပ်ချက်)တွေက အကန့်အသတ်ရှိနေတာမျိုး၊ နှစ်ယောက်ခွဲယူလို့လုံးဝ မရတာမျိုး)

အဲ့လို စိတ်ဝင်စားမှုမျိုး ကိုတော့ နောက်ဆုံးမှ ဖြေရှင်းသင့်ပါတယ်။ ပြဿနာပိုမို ကြီးထွားစေနိုင်လို့ပါ။ အခြေအတင်ဖြစ်စေသော စိတ်ဝင်စားမှုမျိုးဖြစ်နေလျှင်တောင်မှ တူညီသော စိတ်ဝင်စားမှုရှိ နိုင်သလား ဆိုတာအရင်ဆုံးရှာဖွေသင့်ပါတယ်။ အခြားနည်းလမ်းလုံးဝမရှိနိုင်တော့သော အချိန်မှသာ အခြေအတင်ဖြစ်စေသော စိတ်ဝင်စားမှုကို စံနှုန်းကို ဖြစ်စဉ်သဖွယ်အသုံးပြုပြီး ဖြေရှင်းပါ။ ဥပမာ- လမ်းဘေးဈေးသည်များ ဈေးရောင်းနိုင်စေရန် ညဈေးတန်းတစ်ခုကို အစိုးရမှ ဖွင့်လှစ်ခဲ့ပါတယ်။ ဒါပေမယ့်လမ်းဘေးဈေးသည် အကုန်လုံးကို နေရာပေးနိုင်ရန်မှာ မဖြစ်နိုင်ပါဘူး။ ထမင်းဆိုင်တွေကိုပဲ ရောင်းခွင့်ပြုလျှင် အခြားဈေးသည်များက ကန့်ကွက်မှာပါ။.. အဲ့လိုအခြေအနေမှာ . အစိုးရက လမ်းဘေးဈေးသည်များကို မဲနှိုက်ခိုင်းပီး မဲပေါက်သောသူသာ ရောင်းခွင့်ပေးလိုက်ပါတယ်။ ထိုကဲ့သို့ မဲနှိုက်စေခြင်း၊ ခေါင်းပန်းလှန်ခြင်းများသည်ပင် စံနှုန်းကို ဖြစ်စဉ်အဖြစ်အသုံးပြုခြင်းဖြစ်ပါတယ်။ ထိုသို့မပြုလုပ်ခင် ပါဝင်သောသူများနှင့် ကြိုပြီးသဘောတူညီမှုယူထားရန် လိုအပ်ပါတယ်။

စိတ်ဝင်စားမှု(လိုအပ်ချက်) ကိုသိဖို့ဘာကြောင့်အရေးကြီးတာလဲ?

စိတ်ဝင်စားမှု ကိုမသိပဲ ရပ်တည်ချက်တွေ အပေါ်မှာပဲ ညှိနှိုင်းဆောင်ရွက်မယ်ဆိုရင် သူတို့လိုချင်တဲ့ တကယ့် (လိုအပ်ချက်)စိတ်ဝင်စားမှု မပြည့်ရင် ပြေလည်သွားရင်တောင်..ခဏပဲ.. ပြေလည်ပြီး မကြာခင်ပြဿနာ ပြန်ဖြစ်နိုင်တယ်။

အခြားသူတွေရဲ့ စိတ်ဝင်စားမှု(လိုအပ်ချက်)တွေ သိဖို့ ဘယ်လိုဖေါ်ထုတ်မလဲ? ဘယ်လိုပြင်ထားရမလဲ?

ဘာကြောင့် ဒါတွေကို တောင်းဆိုနေရတာလဲ?

ဒါတွေမရရင် ဘာဖြစ်မှာကိုစိုးရိမ်နေတာလဲ?

အဲ့အရာတွေ့ရ ရင် ဘာလုပ်မှာလဲ” ဆိုတဲ့မေးခွန်းတွေကို ပြန်ပေးဖို့လိုပါတယ်။

အခြားသူတွေရဲ့စိတ်ဝင်စားမှုကို သိအောင်ကြိုးစားဖို့ လိုသလို၊ကိုယ့်ရဲ့ စိတ်ဝင်စားမှုတွေကိုလည်း သူတို့သိအောင် ပြောပြပါ။

ညှိနှိုင်းရေး မစတင်မှီ လုပ်ဆောင်ထားသင့်သော အရာများ

ညှိနှိုင်းရေးမစတင်မှီလုပ်ဆောင်ရမည့် အရာများမှာ –

  • သင့် အနေနဲ့ ဘယ် အခန်းကဏ္ဍ ကနေပါဝင်မှာလဲ ဆိုတာရှင်းလင်းအောင်လုပ်ဆောင်ပါ။
  • စေ့စပ်ညှိနှိုင်းသူ အနေနဲ့လား?
  • ကြားဝင်ဖျန်ဖြေသူအနေနဲ့လား?
  • ခုံသမာဓိ အနေနဲ့လား? ဆိုတာကို ရှင်းရှင်းလင်းလင်းသိအောင်လုပ်ဖို့လိုအပ်ပါတယ်။

ကိုယ်လက်ရှိ ပါဝင်ဆောင်ရွက်ရမည့် အနေအထားကို ပြန်လည်သုံးသပ်ဖို့လိုပါတယ်။ မိမိ တဦးတည်းအတွက်သော်လည်းကောင်း၊ မိမိ၏မိသားစု (ဒါမှမဟုတ်) မိမိရပ်ကွက်အတွက် ကိုယ်စားသွားပြီး ညှိနှိုင်းဆောင်ရွက်ရမယ်ဆိုရင်တော့ စေ့စပ်ညှိနှိုင်းရေး နည်းလမ်း ကိုသုံးရမယ်။

အငြင်းပွားနေသူများမှ နှစ်ဖက်သဘောတူ မိမိထံလာရောက်ပြီး ဖြေရှင်းပေးဖို့ တောင်းဆိုလာပါက၊ အငြင်းပွားနေသူတစ်ဖက်ဖက်က တောင်းဆိုလာပါက မိမိအနေဖြင့် လူနှစ်ဦးကြား၊ မိသားစု နှစ်စုကြား (ဒါမှမဟုတ်) ရပ်ကွက် နှစ်ခုကြားကို ညှိနှိုင်းပေးရမယ်ဆိုရင်တော့ ကြားဝင်ဖျန်ဖြေရေး နည်းလမ်းကို သုံးရမှာဖြစ်ပါတယ်။

အငြင်းပွားနေသူများမှ နှစ်ဖက်မှသဘောတူညီမှုယူပြီး သူတို့ရဲ့ ပြဿနာကို သင့်အနေနဲ့ ဆုံးဖြတ်ချက်ချ ပေးဖို့ တောင်းဆိုလာရင်တော့ ခုံသမာဓိ နည်းလမ်း ကို အသုံးပြုရမှာဖြစ်ပါတယ်။