လုပ်ငန်းခွင်ဆိုင်ရာ ကျင့်ဝတ်များ🖇️

အလုပ်ကျင့်ဝတ်ဆိုတာ ဘာလဲ။

အလုပ်ကျင့်ဝတ်ဆိုတာ လုပ်ငန်းခွင်အတွင်း လုပ်ဆောင်ချက်တွေ၊ လုပ်ရှားမှုတွေအပေါ် လက်ခံနိုင်ခြင်းရှိမရှိ နဲ့ ယုံကြည်ချက်တွေရဲ့ စံသတ်မှတ်ချက်များကို ဆိုလိုပါတယ်။ အလုပ်ကျင့်ဝတ်က ကောင်းမွန်ခိုင်မာတဲ့ ကျင့်ဝတ်များ ရှိသလို အားနည်းတဲ့ ကျင့်ဝတ်များလည်း ရှိပါတယ်။ ကောင်းမွန်တဲ့ အလုပ်ကျင့်ဝတ်တွေက ဝန်ထမ်းများရဲ့ စရိုက်လက္ခဏာများကို ထိန်းညှိ့ပေးတဲ့အပြင် ကုမ္ပဏီရဲ့ ယဥ်ကျေးမှုနဲ့အတူ ကိုယ်ပိုင်အမြင်၊ စိတ်အားထက်သန်မှုတွေကိုပါ လှုံဆော်ပေးပါတယ်။

ကောင်းမွန်ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်ဖို့အတွက် ရည်မှန်းချက်များ ရှိကြပြီး အဲ့ဒီရည်မှန်းချက်များပြီးမြောက်အောင် မိမိကိုယ်ကို အလုပ်ကျင့်ဝတ်များနဲ့အတူ ထိန်းကျောင်းပြီး ကိုင်တွယ် လုပ်ဆောင်ကြပါတယ်။ 

များသောအားဖြင့် ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေကို ချီးကျူးစကားများနဲ့ စံပြဝန်ထမ်းအဖြစ် ‌ဖော်ပြကြတာကြောင့် လုပ်ငန်းအပေါ် တစ်ခုပြီးတစ်ခု အောင်မြင်အောင် တွန်းအားပေးပါတယ်။ အလုပ်ကျင့်ဝတ်က လူတစ်ယောက်ရဲ့ အကျင့်စာရိတ္တနဲ့ စရိုက်လက္ခဏာများအပေါ် မူတည်တာကြောင့် အလုပ်ကျင့်ဝတ်ရှိလာဖို့အတွက်ဆိုရင် အမြဲတမ်း လေ့ကျင့် ပျိုးထောင်လို့ ရပါတယ်။ 

အလုပ်ကျင့်ဝတ်က ဘာကြောင့် အရေးကြီးတာလဲ။

ဝန်ထမ်းအားလုံးအပေါ် သတ်မှတ်ထားတဲ့ အလုပ်ကျင့်ဝတ်က ကုမ္ပဏီရဲ့ သဘောထားအရ ပြုလုပ်ထားတာလို့ ထင်ရပေမယ့် လူသားအရင်းအမြစ် စီမံခန့်ခွဲရေးဌာနအတွက်တော့ ကုမ္ပဏီရှိ ဝန်ထမ်းတွေက အလုပ်ကျင့်ဝတ်နဲ့အညီ ဘာတွေလုပ်နေသလဲ၊ ဘယ်လိုမျိုးပုံစံရှိသလဲဆိုတာတွေကို သေသေချာချာ သိထားဖို့ လိုပါတယ်။ 

ကုမ္ပဏီရဲ့ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်က လုပ်ငန်းခွင်အတွင်း အလုပ်ပြီးမြောက်စေဖို့ နဲ့ အောင်မြင်မှုတွေရှိလာဖို့အတွက် အပြုအမူပိုင်းဆိုင်ရာ စံနမူနာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီလိုသတ်မှတ်ထားခြင်းက လုပ်ငန်းအတွက် နဲ့ ဝန်ထမ်းအားလုံးအတွက် အကျိုးအမြတ်တွေရှိလာနိုင်ပြီး လုပ်ငန်းအတွင်းမှာ ယဥ်ကျေးမှုတစ်ခုအဖြစ် ရှိလာစေပါတယ်။ 

ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက ကုမ္ပဏီရဲ့ မျှော်မှန်းချက်ရောက်ဖို့နဲ့ အလုပ်ပြီးမြောက်မှုတွေ အမြင့်တက်လာစေပြီး လုပ်ဖော်ကိုင်ဖက်များကိုလည်း အလုပ်လုပ်ရတာ အဆင်ပြေလာစေဖို့အတွက် ခွန်အား ပေးနိုင်ပါတယ်။ အလုပ်ကျင့်ဝတ်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းတွေက အလုပ်ငန်းခွင်အတွင်းမှာ စံနမူနာများအဖြစ် လုပ်ကိုင်ကြပြီး ဝန်ထမ်းတွေအပေါ် အလုပ်တွေ ကြိုးစားလုပ်ကိုင်လာဖို့ အပြုသဘောဆောင်တဲ့ နည်းလမ်းများနဲ့ လှုံဆော်ပေးနိုင်တာက ကုမ္ပဏီရဲ့ ယဥ်ကျေးမှုတစ်ခုလည်း ဖြစ်လာစေပါတယ်။ 

ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်မရှိခြင်း‌ကြောင့်  အလုပ်ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းသူအချင်းချင်း စုပေါင်းသင်းဖွဲလာပြီး အလုပ်ကျင့်ဝတ်ရှိတဲ့ ဝန်ထမ်းအနည်းငယ်ကို ထိခိုက်နစ်နာစေသလို အလုပ်ထွက်သွားစေတဲ့အထိလည်း အကျိုးသက်ရောက်မှုတွေ ပေးလာနိုင်ပါတယ်။ ဒါ့အပြင် ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ လုပ်ငန်းအတွင်းမှာ စိတ်ဓာတ်ကျစရာ၊ ထိခိုက် ဆုံးရှုံးစရာတွေ နဲ့ တခါတလေ လုပ်ငန်းအတွင်း လုပ်ကိုင်လည်ပတ်မှုအားကောင်းရင်တောင် တစ်ဖက်မှာတော့ ဝန်ထမ်းများအတွက် အခြားထိခိုက်စေတဲ့ သက်ရောက်တွေ ရှိနေပါတယ်။ 

ဒါကြောင့် HR ဌာနက ကုမ္ပဏီအတွင်းရှိ ဌာနအားလုံးအတွက် နဲ့ သီးခြားဝန်ထမ်းတွေရဲ့ အလုပ်ကျင့်ဝတ်များကို ခြေရာခံပြီး ကောင်းမွန် ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိအောင် ထိန်းညှိဖို့အတွက် အရေးကြီးပါတယ်။ 

ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေဟာ ရာထူးတိုးဖို့အတွက် ထိုက်တန်တဲ့သူတွေလို့ မဆိုလိုပေမယ့် အလုပ်ကျင့်ဝတ်နဲ့အတူ လုပ်ငန်းအပေါ် ကတိကဝတ်များရှိတဲ့အပြင် စည်းစနစ်ကျကျနဲ့ ထိခိုက်နစ်နာမှုမရှိဘဲ လုပ်ကိုင်နိုင်တဲ့သူတွေဖြစ်တာကြောင့် ရာထူးတိုးဖို့အတွက် ပထမဆုံး‌ရွေးချယ်သင့်ကြသူများ ဖြစ်ကြပါတယ်။ 

ဒီလောက်ဆိုရင် အလုပ်ကျင့်ဝတ်နဲ့ အလုပ်ကျင့်ဝတ်ရဲ့ အရေးပါမှုကို သိရှိသွားပြီ ဖြစ်တာကြောင့် အဖွဲ့အစည်းအတွင်း အလုပ်ကျင့်ဝတ်ရှိခြင်းရဲ့ အကျိုးသက်ရောက်မှုတွေက ဘာလဲ၊ အလုပ်ကျင့်ဝတ် ဥပမာတွေနဲ့ စရိုက်လက္ခဏာတွေအပြင် ခိုင်မြဲတဲ့ အလုပ်ကျင့်ဝတ် တည်ဆောင်နည်းများကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ 

အဖွဲ့အစည်းတစ်ခုမှာ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိခြင်းရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲ။

ဝန်ထမ်းတွေက အလုပ်တွေကို အကျိုးရှိရှိ လုပ်ကိုင်နိုင်ပြီး လုပ်ငန်းတစ်ခုအပေါ် သေချာဇောက်ချ လုပ်ကိုင်တတ်ကြပါတယ်။ အချင်းချင်း ဖေးမ ကူညီကြတဲ့အပြင် တစ်ယောက်နဲ့တစ်ယောက် လုပ်ငန်းပိုင်ဆိုင်ရာ လိုအပ်ချက်တွေကို တွေးပေးရင်း အားနည်းချက်များကို ဖြည့်စွက်ပေးကြပါတယ်။ ဒါတွေတင်မကသေးပါဘူး၊ အခြားအရာတွေကတော့ 

  1. မျှတမှုရှိပြီး လေးစားထိုက်တဲ့ လုပ်ငန်းခွင် နဲ့ ယဉ်ကျေးမှုရှိခြင်း

ခိုင်မာပြီး အလုပ်ကျင့်ဝတ်ရှိတဲ့ ဝန်ထမ်းတွေက သူတို့ကိုယ်သူတို့ လုပ်ငန်းပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေအဖြစ် ခံယူကြတာကြောင့် ဆွေးနွေးပြောဆိုတဲ့ စကားလုံးတိုင်းမှာ အရည်အချင်းပြည့်ဝပြီး လုပ်ငန်းအပေါ် ပါးနပ်တဲ့ ပြောဆိုဆောင်ရွက်မှုတွေ ပါဝင်ကြပါတယ်။ ဒါ့အပြင် သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ အထက်အရာရှိတွေနဲ့ ထိတွေ့ဆက်ဆံကြတဲ့အခါ လေးစားမှုပေးနိုင်ပြီး အဖွဲ့အစည်းအတွင်းရှိ လုပ်ငန်းတွေအပေါ် လုပ်ကိုင်ဆောင်ရွက်ရာမှာလည်း တိကျသေချာပြီး ပြောင်မြောက်တဲ့ စွမ်းဆောင်ရည်များ ပြသရုံသာမက လုပ်ဖော်ကိုင်ဖက်တွေကိုပါ ပျော်ပျော်ရွှင်ရွှင်နဲ့ အလုပ်လုပ်နိုင်အောင် ပတ်ဝန်းကျင်ကောင်းတစ်ခုကို ဖန်တီးပေးပါတယ်။ 

  1.  အလုပ်ပြီးမြောက်နိုင်မှု စွမ်းအား မြှင့်မားခြင်း

ခိုင်မာပြီး အလုပ်ကျင့်ဝတ်ရှိတဲ့ ဝန်ထမ်းတွေက ကုမ္ပဏီရဲ့ လုပ်ငန်းအတွက် မရေရာတဲ့ လုပ်ဆောင်မှုတွေထက် တိကျသေချာပြီး လုပ်ငန်းပြီးမြောက်မှုအပေါ် ကတိတဝတ်များ ထားရှိကြပါတယ်။ မိသားစု အရေးကိစ္စက လွဲပြီး တခြားအချိန်တွေကို အလုပ်ဆင်းဖို့ တာဝန်မရှိနေရင်တောင် ပရောဂျက်တစ်ခုရဲ့ အလုပ်များကို ကိုယ်ပိုင်ဆန္ဒအရ လုပ်ဆောင်လိုတာကြောင့် သူတို့ရဲ့ အလုပ်အပေါ် စိတ်အားထက်သန်မှုက ပရောဂျက်တစ်ခုအတွက် အားလျော့သွားမှာ မဟုတ်ပါဘူး။

ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ရှိသူတွေက သူတို့ရဲ့အလုပ်ခွင်မှာ ဂုဏ်ယူတတ်ကြပြီး သူတို့လုပ်သမျှ အလုပ်တိုင်းကိုလည်း အရေးကြီးတယ်လို့ မှတ်ယူထားကြပါတယ်။ ဒါ့အပြင် အလုပ်ချိန်နောက်ကျခဲတဲ့ သူတွေဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး သူတို့က ပေးထားတဲ့ ပရောဂျက်အားလုံးကို အချိန်နဲ့တပြေးညီ ပြီးမြောက်ဖို့ ကြိုးစားကြတဲ့အပြင် တခြားအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်နည်းတွေနဲ့ လည်ပတ်မှုစနစ်အတိုင်း အသုံးပြုလုပ်ကိုင်ဖို့ ‌ရှောင်ရှားကြပြီး ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ငန်းခွင်မှာ  ထိရောက်တဲ့ လုပ်ဆောင်နည်းစနစ်များကို ဖန်တီးကြတာပဲ ဖြစ်ပါတယ်။

  1. ပိုမိုကျယ်ပြန့်တဲ့ အရည်အချင်းများစုဝေးတည်ရှိတဲ့ နေရာတစ်ခုဖြစ်ခြင်း

အလုပ်ကျင့်ဝတ်ကို အမြင့်မားဆုံးပြသတဲ့ ဝန်ထမ်းတွေတွေက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်း လုပ်ငန်းခွင်ကို ရောက်လာတဲ့နဲ့အမျှ လုပ်ကိုင်နိုင်စွမ်းကလည်း မြင့်မားလာကြပါတယ်။ ပိုမိုကောင်းမွန်တဲ့ မန်နေဂျာတွေက  သူတို့လက်အောက်ရှိ ဝန်ထမ်းတွေကို တိုးတက်ကောင်းမွန်လာအောင် ဖန်တီးပေးပါတယ်။ အစကတည်းက ဝန်ထမ်းတွေကို ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်တွေနဲ့ ထိန်းထားနိုင်မယ်ဆိုရင်  ကုမ္ပဏီအတွင်း သင့်ရဲ့ စွမ်းဆောင်ရည်များက ကျွမ်းကျင်လာပါလိမ့်မယ်။

အလုပ်ကျင့်ဝတ်နမူနာ/ဥပမာများ

ကျွန်တော်တို့အားလုံးက  အလုပ်ကျင့်ဝတ်ဆိုင်ရာ လက်တွေ့စမ်းသပ်မှုတွေကို လေကျင့်သွားဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ခိုင်မာပြီး ကောင်းမွန်တဲ့ အလုပ်ကျင့်ဝတ်နဲ့ အားနည်းပြီး မကောင်းတဲ့ အလုပ်ကျင့်ဝတ်တွေကို တူညီတဲ့ ဥပမာများနဲ့ ပြန်လည် သုံးသပ်ပြီး ပြောပြသွားမှာ ဖြစ်ပါတယ်။

ခိုင်မာသော အလုပ်ကျင့်ဝတ် ဥပမာများ

ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေကို စစ်မှန်တဲ့ ကျွမ်းကျင်ပညာရှင်များလို့  မကြာခဏ ခေါ်ကြပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာ ခိုင်မာတဲ့အလုပ်ကျင့်ဝတ်တွေရဲ့  ဥပမာတချို့ကို လေ့လာကြည့်ပါမယ်။

ပထမ ဥပမာ-

ထက်မြတ် ဟာ အလုပ်ကို ကတိကဝတ်ရှိရှိနဲ့ တစိုက်မတ်မတ်လုပ်ကိုင်တတ်တဲ့ သူဖြစ်ပါတယ်၊ သူဟာ အခြားသူရဲ့ အလုပ်တာဝန်တွေကို လုပ်ပေးဖို့ ဝန်မလေးတတ်ဘဲ သူက ကူညီဖို့ အမြဲရှိနေတတ်တဲ့ သူဖြစ်ပါတယ်။ အလုပ်ပြီးရမယ့် နောက်ဆုံးရက် (Deadline) နီးနေလို့ အလုပ်တွေ ကူလုပ်စေချင်တယ်ဆို သူကို အကူအညီတောင်းဖို့ သူ့ကို ထည့်တွက်လို့ရပါတယ်။ သူက နောက်ဆုံးရက် (Deadline) အမှီ ကူညီပေးနိုင်ပါတယ်။လူတိုင်းက သူ့ကို အားကိုးနိုင်တဲ့ ယောက်ျားလေးလို့ သိကြပါတယ်။ ဘယ်တော့မှ အလုပ်ပြီးဖို့ နောက်မကျတတ်တဲ့လူတစ်ယောက်ဖြစ်တာကြောင့် လူတိုင်းရဲ့ ကျေနပ်မှုရပြီး ဘာအလုပ်ပဲဖြစ်ဖြစ် လုပ်ရည်ကိုင်ရည်ရှိတဲ့(ပြန်ကြည့်စရာမလိုတဲ့) အလုပ်ကို အမြဲတမ်းပြီးအောင်လုပ်တယ်။

ဒုတိယ ဥပမာ-

အေးမာရဲ့ အထက်လူကြီး(ကြီးကြပ်ရေးမှူး)က လက်ရှိ ဝန်ဆောင်မှုပေးနေရတဲ့ ဖောက်သည်နဲ့ အာမခံ ရယူထားတဲ့ ဖောက်သည်တွေကြား လေ့လာထားတဲ့ အစီရင်ခံစာကို ညှိနှိုင်းဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့တယ်၊ အေးမာအနေနဲ့က အချို့သော အာမခံတောင်းခံမှုတွေနဲ့ ပတ်သက်ပြီး အများကြီး မရင်းနှီးသေးဘူးဖြစ်နေတယ်၊ အေးမာက လက်​မြှောက်အရှုံးမပေးဘဲ သူမရဲ့ လုပ်ရည်ကိုင်ရည်တွေကို ချဲ့ထွင်ဖို့ ဆုံးဖြတ်လိုက်တယ်၊ သူမက အာမခံဌာနမှာရှိတဲ့ အခြားလုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်လုပ်ဆောင်တဲ့အပြင် သူမရဲ့ အထက်လူကြီးကိုလည်း သူမ သိချင်တာတွေကို မေးြမန်းပြီး သူမရဲ့ အလုပ်တာဝန်တွေ ပြီးမြောက်စေဖို့ အစွမ်းကုန်ကြိုးစားပြီး လုပ်ဆောင်ပါတယ်၊ ဒီဥပမာအဆင့်ဆင့်ကို ကြည့်မယ်ဆိုရင် အေးမာဟာ သူမ လိုချင်တဲ့ပန်းတိုင်ရောက်ဖို့ သူ့ရဲ့ အရည်အချင်းတွေကို တိုးမြှင့်လုပ်ဆောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။

အားနည်းသော အလုပ်ကျင့်ဝတ် ဥပမာများ

အလုပ်ကျင့်ဝတ် အားနည်းသူတွေကို ထောက်ပြဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ရှိလာတဲ့ ပြဿနာတွေက တိကျတဲ့ အချက်အလက်များရဖို့အတွက် လိုအပ်ချက်တွေကို ရှင်းရှင်းလင်းလင်း ထောက်ပြကူညီပေးပါတယ်။ လိုအပ်တဲ့ အားနည်းချက်​တွေကို သေသေချာချာပြင်နိုင်ရင်တော့ ဝန်ထမ်းများရဲ့ စွမ်းဆောင်ရည်က မြှင့်မားလာမှာ ဖြစ်ပါတယ်။ 

ပထမ ဥပမာ – 

ချစ်ကို ရဲ့ ကြီးကြပ်ရေးမှူးက ဖောက်သည်တစ်ယောက်ဆီက ဝယ်ယူမှုတွေကို သိနိုင်ဖို့ ပြီးခဲ့တဲ့သုံးလပတ်က ဘဏ္ဍာရေးအစီရင်ခံစာတွေကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့တယ်။ ကြီးကြပ်ရေးမှူးက သူ့ကို လွန်ခဲ့တဲ့ တစ်လလောက်က ဒီတာဝန်ကို ပေးခဲ့ပြီး ရက်သတ္တပတ်အနည်းငယ်အတွင်းမှာ ပြီးအောင်လုပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ယခု တစ်လကျော်သွားပြီဖြစ်ပေမယ့် ချစ်ကိုက ဘယ်အစီရင်ခံစာကိုမှ မသုံးသပ်ရသေးပါဘူး။ စောစောစီးစီးလုပ်ရမယ့်အစား၊အလုပ်ကို နောက်ဆုံးမိနစ်အထိထားခဲ့ပြီးမှလုပ်တဲ့အတွက်ကြောင့် အစီရင်ခံစာကလည်း မပြည့်စုံတဲ့အစီရင်ခံစာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့တယ်။ ချစ်ကိုက ညံ့ဖျင်းတဲ့ ဦးစားပေးသတ်မှတ်ခြင်း (Poor Prioritization) နဲ့ အလုပ်ကျင့်ဝတ်ကို လိုက်နာဖို့အားနည်းသူ ရဲ့ စံနမူနာဖြစ်ပါတယ်။

ဒုတိယ ဥပမာ – 

ဟေမာဟာ တခါတလေမှာ သူလုပ်နေရတဲ့ အလုပ်တွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ဒါပေမယ့်လည်း အဲဒီကိစ္စကို သူမက အထက်လူကြီးတွေနဲ့ ဘယ်အခါမှ စကားမပြောပါဘူး။ ဒီလိုလုပ်မယ့်အစား သူမက လုပ်ဖော်ကိုင်ဖက်တွေ၊ သူငယ်ချင်းတွေနဲ့ သူမရဲ့အလုပ်အကြောင်း နားထောင်မယ့်သူတိုင်းကို တိုင်ပင်ဖြစ်တယ်။နောက်ဆုံးမှာ ဒီလုပ်ရပ်က ကုမ္ပဏီရဲ့ အရမ်းကို ဆိုးဝါးတဲ့ ပုံရိပ်ကို ပြသပြီး သူမရဲ့ လုပ်ဖော်ကိုင်ဖက်တွေအတွက် ပိုပြီး ရန်လို(ရန်ပြု)တဲ့ အလုပ်ပတ်ဝန်းကျင်ကို ဖန်တီးပေးနေပါတယ်။ ဖြေရှင်းနည်းတွေကို ရှာဖွေတာထက် နာကျည်းခြင်းနဲ့ ညည်းညူနေခြင်းက ညံ့ဖျင်းတဲ့ အလုပ်ကျင့်ဝတ်ရဲ့ နောက်ထပ် ညွှန်ပြချက်ဖြစ်ပါတယ်။

အလုပ်ကျင့်ဝတ် အရည်အချင်းများ

ခိုင်မာ(ကောင်း)သော အလုပ်ကျင့်ဝတ် အရည်အချင်းများ

  • အလုပ်ကြိုးစားခြင်း
    ခက်ခဲတဲ့အလုပ်တွေ လုပ်တဲ့အခါ ဝန်ထမ်းတိုင်းက ကြိုးစားပြီး အရှုံးမပေးဘဲ လုပ်‌ကိုင်ကြတဲ့အတွက် အလုပ်ကျင့်ဝတ်ရှိကြောင်းကို ပြသကြတဲ့သူများဖြစ်ပါတယ်။
  • အပ်နှံ/ ပုံအပ်ခြင်း
    ဝန်ထမ်းတွေက အလုပ်ပြီးမြောက်ဖို့အတွက် စူးစိုက်နှစ်မြှုပ်ထားတဲ့အပြင် လုပ်ငန်းအပေါ်ထားတဲ့ ကတိကဝတ်တွေကိုလည်း အမြဲတမ်း အာရုံစိုက်ထားကြပါတယ်။
  • စည်းကမ်းရှိခြင်း
    စည်းကမ်းရှိတဲ့ ဝန်ထမ်းတွေက သူတို့လုပ်ချင်တာကို မလုပ်ပဲ လုပ်သင့်တာကိုပဲ လုပ်ကြပါတယ်။ 
  • အလုပ်ပြီးခြင်း
    ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက အလုပ်ပြီးမြောက်မှုအပေါ် အားစိုက်ထုတ်ကြပြီး အချိန်မီအတွင်း တာဝန်တွေ ပြီးစီးဖို့အတွက်လည်း ကြိုးစားလုပ်ကိုင်ကြပါတယ်။
  • အဖွဲ့လိုက် လုပ်ဆောင်ခြင်း
    လုပ်ငန်းအပေါ် အဖွဲ့လိုက် လုပ်ကိုင်ကြတဲ့သူတွေက အလုပ်ကျင့်ဝတ်ရှိကြောင်းကို အဖွဲ့အတွင်းမှာ ပြသကြပါတယ်။ ကုမ္ပဏီအတွင်းက သူတို့ လုပ်ရမယ့် အလုပ်တွေကို သိထားကြပြီး လုပ်ဖော်ကိုင်ဖက်တွေကိုလည်း အမြဲကူညီချင်စိတ် အပြည့်ရှိတဲ့ သူတွေ ဖြစ်ပါတယ်။
  • ကျင့်ဝတ်နဲ့ ပြည့်စုံခြင်း
    ကျင့်ဝတ်တွေနဲ့ ပြည့်စုံအောင် လိုက်နာချင်ခြင်းက ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိကြောင်းကို ရည်ညွှန်းပေးတဲ့အပြင် အလုပ်ကျင့်ဝတ်ရှိတဲ့ ဝန်ထမ်းတစ်ဦးချင်းစီကို ကိုယ်ကျင့်တရားနဲ့ စာရိတ္တတွေ ညီမျှဖို့အတွက် လမ်းပြပေးပါတယ်။
  • တာဝန်ယူခြင်း
    ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိသူတွေက တာဝန်သိတတ်ကြသူများဖြစ်ကြပါတယ်။ အလုပ်အပေါ်ထားတဲ့ တာဝန်သိစိတ်က တသားမှတ်တည်းဖြစ်လာပြီး ယုံကြည်စိတ်ချမှုတွေ ရှိလာတဲ့အပြင် လုပ်ငန်းအပေါ် လေးစားမှု နဲ့ ကျွမ်းကျင်မှုတွေ ရှိကြောင်းကိုလည်း ပြသပါတယ်။ 
  • စိတ်ပိုင်းဖြတ်ခြင်း
    ဝန်ထမ်းတွေက အလုပ်များ အချိန်မီ ပြီးမြောက်ဖို့အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်များ ပြသကြပါတယ်။ အလုပ်ပြီးမြောက်ဖို့အတွက် အလုပ်တာဝန်များကို သိကျွမ်းမနေဘူးဆိုရင်၊ အလုပ်ကို အောင်အောင်မြင်မြင်ပြီးဖို့အတွက် လိုအပ်တဲ့ အရင်းအမြစ်များ နဲ့ အကူအညီတွေကို ရှာဖွေကြပါတယ်။ 
  • ကျွမ်းကျင်ပိုင်နိုင်ခြင်း
    ခက်ခဲတဲ့နေတွေမှာ အလုပ်တွေကို အကောင်းဆုံးပြီးမြောက်ဖို့ ခဲယဥ်းပါတယ်။ ဘယ်လောက်ပဲ ခက်ခဲတဲ့ အရာတွေရှိနေပါစေ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်တွေကို ပိုင်ဆိုင်ထားတဲ့ သူတွေက လုပ်ငန်းများအပေါ် ဇွဲလုံလနဲ့ အရည်အသွေးရှိတဲ့ လုပ်ဆောင်မှုတွေကို ကျွမ်းကျွမ်းကျင်ကျင် ဖန်တီးကြပါတယ်။

အားနည်း(မကောင်း)သောအလုပ်ကျင့်ဝတ် အရည်အချင်းများ

  • အချိန်ဆွဲခြင်း
    အလုပ်ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းသူတွေက အလုပ်များကို ပြီးမြောက်ဖို့ ကိုယ့်ကိုကို တွန်းအားပေးတာမျိုးတွေ မရှိပါဘူး။ ရလဒ်အနေနဲ့ သူတို့က  အလုပ်ပြီးမြောက်ဖို့ နောက်ဆုံးမိနစ်အထိ စောင့်ဆိုင်းကြပြီး အရည်အသွေးညံ့တဲ့ ရလဒ်တွေနဲ့အတူ မကြာခဏ ပြီးမြောက်လေ့ ရှိပါတယ်။
  • အဆိုးမြင်စိတ်
    အဆိုးမြင်စိတ်က လုပ်ငန်းခွင်အတွင်း အခြားသူတွေကို ထိခိုက်စေပြီး ပရော်ဖက်ရှင်နယ်ဆန်မှုကို တန်ဖိုးမထားတာကြောင့် ဒါဟာ အလုပ်ကျင့်ဝတ်မကောင်းသူများရဲ့ စရိုက်တစ်ခုဖြစ်ပါတယ်။
  • အဆိပ်အတောက်ဖြစ်ခြင်း
    အဆိပ်အတောက်ဖြစ်ခြင်းက အလုပ်ကျင့်ဝတ်ပိုင်းဆိုင်ရာ အားနည်းတဲ့ လက္ခဏာရပ်ဖြစ်သည်။ လုပ်ငန်းဆိုင်ရာ အကျိုးဖြစ်ထွန်းမှုတွေ၊ နွေးထွေစွာ ကြိုဆိုပြီး အမြဲလက်ကမ်းနေတဲ့ ပတ်ဝန်းကျင်တွေ နဲ့ လုပ်ဖော်ကိုင်ဖက်တွေ အနည်းငယ်သာရှိတဲ့ နေရာတွေမှာတော့ အဆိပ်အတောက်ဖြစ်မှု နှုန်း အားနည်းပါတယ်။ 
  • ထိရောက်မှုမရှိခြင်း
    အလုပ်ကျင့်ဝတ် ညံ့ဖျင်းတဲ့ ဝန်ထမ်းများက အလုပ်လုပ်တဲ့အခါ ထိရောက်မှု မရှိခြင်းကို ပြသပါတယ်။ သူတို့ရဲ့ တာဝန်များကို အချိန်တိုအတွင်း ပြီးမြောက်နိုင်ရင်တောင် နောက်ဆုံးမှာ  အချိန်ပိုယူပြီး ကုမ္ပဏီအတွက် ငွေပိုကုန်ကျမယ့် နည်းလမ်းကိုသာ ရွေးချယ် လုပ်ဆောင်ကြပါတယ်။
  • တာဝန်မဲ့ခြင်း
    သင့်မှာ တာဝန်မဲ့တဲ့ ဝန်ထမ်းတစ်ဦးရှိတဲ့အခါ၊ လုပ်ငန်းခွင်မှာ သူတို့ရဲ့ တာဝန်တွေကို ဘယ်လောက် အလေးအနက်ထားဆောင်ရွက်တယ်ဆိုတာကို သေချာတွေ့မြင်နိုင်ပါတယ်။ တာဝန်မဲ့ဝန်ထမ်းတွေက သူတို့ရဲ့  ကတိကဝတ်နဲ့  တာဝန်ဝတ္တရားမျာတွေအပေါ် ဂရုတစိုက် အလေးမထားကြပါဘူး။ 
  • Passiveness ခိုင်းမှလုပ်ခြင်း။
    Passiveness(ခိုင်းမှလုပ်ခြင်း) က ပင်ကိုစရိုက်လက္ခဏာတစ်ခု ဖြစ်တဲ့အပြင် အဲ့ဒီအရာက လုပ်ငန်းခွင်အတွင်းရှိ သဘောထားများအတွက်လည်း သက်‌ရောက်မှု ရှိပါတယ်။ ဒီသဘောထားရဲ့ ဆိုလိုရင်းက လူတစ်ဦးချင်းဆီမှာရှိတဲ့ သူတို့ရဲ့ အလုပ်တစ်ခုချင်းနဲ့ ပတ်သက်ပြီး ဘာဖြစ်နေသလဲဆိုတာကို ဂရုမစိုက် စိတ်မဝင်စားတာပဲ ဖြစ်ပါတယ်။
  • အချိန်မကိုက်ခြင်း
    အကျင့်စာရိတ္တညံ့ဖျင်းတဲ့ သူတွေက အလုပ်ကိုသွားဖို့ ကြိုးစားချင်စိတ်မရှိသလို သူတို့ရဲ့ အလုပ်မှာ တစ်စိတ်တစ်ပိုင်းရှိနေတဲ့ ပရောဂျက်များကို အချိန်မီပြီးမြောက်စေဖို့ တွန်းအားပေးခြင်းလည်း ခံရပါတယ်။
  • ကျွမ်းကျင်ပိုင်နိုင်မှု မရှိသော အပြုအမူ
    ပရော်ဖက်ရှင်နယ်ကျတဲ့ အကျင့်စာရိတ္တမရှိခြင်းက အလုပ်ကျင့်ဝတ်မရှိခြင်းရဲ့ ခိုင်မာတဲ့ ညွှန်ပြချက်တစ်ခုဖြစ်တယ်။

အဖွဲ့အစည်းတစ်ခုအတွင်း အလုပ်ကျင့်ဝတ်ကို ဘယ်လို မြှင့်တင်မလဲ။

ကုမ္ပဏီအတွင်း ခိုင်မာတဲ့အလုပ်ကျင့်ဝတ်ကို ပြုစုပျိုးထောင်ဖို့အတွက် ရှိသင့်တဲ့ အကောင်းဆုံးအကြံပြုချက်တွေကို ပြောပြပေးပါမယ်။

1. ဦးဆောင်သူအဖြစ် စံနမူနာရှိနေပါ။ (Lead by example)

လူတွေက သူတို့ခေါင်းဆောင်များရဲ့ အပြုအမူတွေထဲကနေ အတုယူစရာများကို အမြဲတမ်းစောင့်ကြည့်နေကြပါတယ်။ ဒီအရာက ကြီးကြပ်ရေးမှုး(supervisor)​တွေ နဲ့ HR ဌာနက ပြည့်စုံကောင်းမွန်တဲ့ ဥပမာတွေဖြစ်ပါတယ်။ ဒါကို လုပ်ငန်းခွင်အတွင်း ထည့်သွင်းကျင့်သုံးခြင်းက ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်​တန်ဖိုးကို ဝန်ထမ်းတွေအတွက် ပြသနိုင်တာကြောင့် ဌာနအားလုံးရဲ့ ကြီးကြပ်ရေးမှူးတိုင်း အကုန် အတူတူလုပ်ဆောင်ဖို့ တွန်းအားပေးရမှာ ဖြစ်ပါတယ်။

2. အဖွဲ့အတွင်း ဆွေးနွေးမှုများ ပြုလုပ်ပါ။  (Organize team workshops)

ဝန်ထမ်းတွေက အဖွဲ့လိုက် လုပ်ဆောင်တဲ့အခါ ပိုမိုစိတ်အားထက်သန်လာကြပြီး သူတို့ရဲ့ လုပ်ငန်းများအတွက် သင်ယူမှုစွမ်းရည်က အဖွဲ့လိုက် လေ့လာသင်ယူရတာကြောင့် သင်ယူမှု ရလဒ်ရဲ့ ကွဲပြားမှုတွေရှိနေမှာ မဟုတ်ပါဘူး။ အဖွဲ့အတွင်း ဆွေးနွေးမှုတွေ ပြုလုပ်တဲ့အခါ လူတိုင်းကို ပူပေါင်းပါဝင်ခွင့်ပေးပြီ အလုပ်လုပ်ဖို့ ခွင့်ပြုခြင်းက အလုပ်အတွင်း ပိုမိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တစ်ခုဖြစ်စေပြီး တစ်ဦးချင်းလည်း မကြာခဏ လေ့လာသင်ယူစေနိုင်တာကြောင့် သင်ယူမှုစွမ်းရည်တွေလည်း မြှင့်မားလာပြီး ထူးချွန်လာစေပါတယ်။

3. အကြံပြုဆွေးနွေးမှုများကို ပြုလုပ်ပါ။(Organize feedback sessions (discussions))

အကြံပြုချက်ရယူခြင်းက ကုမ္ပဏီအတွင်းရှိ ဝန်ထမ်းတွေရဲ့ခံစားချက်ကို သိဖို့ရာအတွက် ကူညီပေးပါတယ်။ တစ်ဦးချင်း အင်တာဗျူးတွေ၊ အဖွဲ့လိုက် ဆွေးနွေးမှုတွေ ဒါမှဟုတ် အမည်မသိ စစ်တမ်းတွေကို ပြုလုပ်ဖို့ ရွေးချယ်နိုင်ပါတယ်။ အရေးကြီးဆုံးအပိုင်းကတော့ ရိုးသားပြီး ပြင်ဆင်ထားခြင်းမရှိတဲ့ အကြံပြုချက်တွေကို ရယူဖို့ဖြစ်ပါတယ်။ ဒီအကြံပြုချက်က ကုမ္ပဏီတစ်ခုလုံး၊ ဌာနအချို့၊ ဒါမှမဟုတ် တခြားလူတွေက  အလုပ်ကျင့်ဝတ် လျော့နည်းသွားခြင်းရှိ၊ မရှိကို ယေဘုယျအားဖြင့် သိနိုင်ပါတယ်။

4. အဖွဲ့တည်ဆောက်ရေး လှုပ်ရှားမှုများ/ လုပ်ဆောက်ချက်များ အသုံးပြုပါ။(Use team building activities)

လူတွေဟာ အသင်းတစ်ခုအတွင်း ပါဝင်တယ်လို့ ခံစားလာကြတဲ့အခါ ပိုကြိုးစားကြပြီး ကြိုးစားမှုတိုင်းကလည်း လုပ်ဖော်ကိုင်ဖက်တွေအပေါ် အနှောက်အယှက် ဖြစ်လေ့မရှိပါဘူး။ ဝန်ထမ်းတွေကြား  ကောင်းမွန်တဲ့ ဆက်ဆံရေးတည်ဆောက်ဖို့၊ အဖွဲ့လိုက်လုပ်ဆောင်ခြင်းနဲ့အတူ သူတို့ရဲ့ အရည်အချင်းတွေကို မြှင့်တင်ဖို့အတွက် ခိုင်မာတဲ့ အသင်းအဖွဲ့များကို တည်‌ေဆာက်ပြီး အလုပ်တွေကို လုပ်ကိုင်ဖို့ လိုအပ်ပါတယ်။ အသင်းအဖွဲ့ထဲမှာ ပူးပေါင်းပါဝင်သူ တစ်ယောက်အနေနဲ့ ပါဝင်အလုပ်လုပ်ခြင်းက  ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်နဲ့ သဘောထားတွေကို ကျွမ်းကျင်လာဖို့အတွက် အရေးကြီးတဲ့ အရာတစ်ခုဖြစ်သည်။

5. စိတ်နေ သဘောထားများ တိုးတက်ဖို့အတွက် တစ်ဦးချင်း တွေ့ဆုံမှုများလုပ်ပါ။ ( One-on-One meetings to improve attitude)

ကုမ္ပဏီအတွင်းက ပြဿနာတွေကို တတ်နိုင်သမျှ အမြန်ဆုံးဖြေရှင်းဖို့လိုပါတယ်။ ဒါပေမယ့် ကျွမ်းကျင်မှုရှိရှိ ဖြေရှင်းနိုင်ဖို့က အရေးကြီးပါတယ်။ ဝန်ထမ်းတစ်ယောက်ကို ကျန်အဖွဲ့ဝင်တွေရှေ့မှာ စိတ်သက်သာရစေဖို့ တိုက်ရိုက်ပြောဆိုတာမျိုးမလုပ်ပါနဲ့။ ဘာကြောင့်လဲဆိုတော့ ပြောခံရတဲ့ ဝန်ထမ်းအတွက် အရှက်ရစေနိုင်ပြီး စိတ်ဓာတ်ကျသွားစေနိုင်တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအစား တစ်ယောက်ချင်း ထိပ်တိုက်တေွ့ဆုံတာမျိုးလုပ်ပြီး ပြဿနာရဲ့ အကြောင်းအရင်း နဲ့ သဘောထားကို ဖြေရှင်းဖို့ ကြိုးစားပါ။ ဝန်ထမ်းအပေါ် ပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းကို နားလည်အောင်ကြိုးစားစေပြီး အလုပ်အပေါ် ကောင်းမွန်တဲ့ အမူအကျင့်ရှိလာနိုင်အောင် ကူညီပေးပါ။

6. လမ်းညွှန်/လမ်းပြမှုကို အားပေးပါ။(Encourage mentoring)

အလုပ်ကျင့်ဝတ်ကို မြှင့်တင်ရာမှာ အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုက ဝန်ထမ်းတွေကို ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်ရှိပြီး အတွေ့အကြုံရှိတဲ့ ဝန်ထမ်းဆီမှာ  သင်ယူဖို့ အချိန်ပေးခြင်း ဖြစ်ပါတယ်။ အတွေ့အကြုံနည်းတဲ့ဝန်ထမ်းတွေအပေါ် ကိုင်တွယ်ဖြေရှင်းပုံနဲ့ အဆိုးမြင်သဘောထားကို ဖြစ်စေနိုင်တဲ့  ပြဿနာများကြား နည်းပြတွေက ဖြေရှင်းနည်းများကို နားလည်ထားပါတယ်။ နည်းပြရဲ့ အလုပ်ချိန်ကို သက်သက်စီဖယ်ထားပြီး အခြားဝန်ထမ်းတွေအတွက် လမ်းပြပေးဖို့ နည်းပြတွေကို ရွေးချယ်ကာ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ပါ။

7. ပရော်ဖက်ရှင်နယ်အမူအရာထားရှိပါ။ (Keep a professional demeanor)

ကျွမ်းကျင်မှုရှိပြီး အတတ်ပညာခိုင်မာတဲ့အရာတွေက အလုပ်ကျင့်ဝတ်ရဲ့ အခြေခံအုတ်မြစ်ဖြစ်တယ်။ ခိုင်မာတဲ့ အလုပ်ကျင့်ဝတ်တစ်ခုက သင်လုပ်တဲ့အလုပ်မှာ ဂုဏ်ယူစွာနဲ့ စဉ်ဆက်မပြတ်အောင်မြင်ဖို့ သေချာတဲ့ တွန်းအားရှိကြောင်းကို ဖော်ပြတယ်ဆိုတာ သတိရပါ။

ဆိုလိုရင်းမှာ သင်က သင့်ကိုယ်သင် အဖွဲ့ရဲ့ တစ်စိတ်တစ်ပိုင်းတစ်ခုအဖြစ်မြင်ပြီး သင့်လုပ်ဖော်ကိုင်ဖက်တွေနဲ့ သင့်အလုပ်နေရာမှာ အကောင်းဆုံးဖြစ်အောင် ကိုယ်စားပြုဖို့ လိုအပ်ပါတယ်။ သင့်လုပ်ဖော်ကိုင်ဖက်တွေအတွက် ရန်လိုတဲ့ ပတ်ဝန်းကျင် ဒါမဟုတ် စိတ်မသက်မသာဖြစ်စေတဲ့ ပတ်ဝန်းကျင်ကို ဖန်တီးတဲ့နည်းလမ်းများနဲ့  သင်ဘယ်တော့မှ မလုပ်ဆောင်ပါနဲ့၊ ဘာကြောင့်လဲဆိုတော့ သင့်နောက်ပန်းတိုင်ကို ရောက်ဖို့ရာအတွက် အစွမ်းကုန် ကြိုးစားရာမှာ အနှောက်အယှက်ဖြစ်စေပါတယ်။ လေးစားမှုပေးခြင်းကို တန်းတူအတူတကွ ရသင့်တယ်လို့ ခံစားရရင် ကုမ္ပဏီအအတွင်းရှိ အခြားလူအားလုံးရဲ့ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းခြင်း ဒါမှမဟုတ် ပဋိပက္ခဖန်တီးမှုတွေ မပြုလုပ်ပါနဲ့။ ကုမ္ပဏီကို ကိုယ်စားပြုတဲ့ ပုံနဲ့ သင့်ကိုသင် ကိုယ်စားပြုတဲ့ပုံကို သေချာ ဂရုတစိုက် ပြသဖို့ လိုအပ်သလို ရှင်းလင်းတတ်ကျွမ်းပြီး လိမ္မာပါးနပ်တဲ့ အသွင်အပြင်ကို ထိန်းထားဖို့ လိုအပ်ပါတယ်။  

ကိုးကား-https://www.valamis.com/hub/work-ethic