ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိရှိခြင်း🖋️

ဘက်လိုက်မှု(Bias)

ဘက်လိုက်မှုဆိုတာဘာလဲ။

ဘက်လိုက်မှုဆိုတာ ကျိုးကြောင်းဆီလျော်တဲ့ သုံးသပ်ဆင်ခြင်ခြင်း (သို့) တွေးတောခြင်းမရှိဘဲ တစ်စုံတစ်ခု (သို့) တစ်စုံတစ်ဦးဆီကို တိမ်းညွတ်သွားတဲ့အချိန်ကို ပြောတာဖြစ်ပါတယ်။ ဘက်လိုက်မှုက ကျွန်ုပ်တို့ရဲ့ ယခင်အတွေ့အကြုံတွေ၊ နေ့စဉ်ပုံမှန် ကြည့်ရှုနေတဲ့ သတင်း အချက်အလက်တွေနဲ့ ယဉ်ကျေးမှုနဲ့ဘာသာရေးယုံကြည်ချက်တွေရဲ့ ထုတ်ကုန်(ရလဒ်)ဖြစ်နိုင်တယ်။ 

လူတိုင်းမှာ သူတို့ရဲ့ ဘက်လိုက်မှု ရှိတယ်။ တရားသူကြီးတွေ၊ ဂျာနယ်လစ်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်တွေမှာတောင်မှ သူတို့ဆီမှာ ကိုယ်ပိုင်ဘက်လိုက်မှုရှိကြပါတယ်။

ဘက်လိုက်မှုတွေက နှစ်မျိုးဖြစ်နိုင်တယ်။ 

ကောင်းတဲ့ ဘက်လိုက်မှုနဲ့ ဆိုးတဲ့ ဘက်လိုက်မှုပါ။

ကောင်းတဲ့ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယူကြည်ထားတဲ့ အရာက မိမိအတွက် သူတစ်ပါးအတွက် ကောင်းကျိုးဖြစ်စေနိုင်တယ်။ ဥပမာ-ကျန်းမာရေးနှင့်ညီညွတ်တဲ့ စားသောက်မှု သို့မဟုတ် အသီးအရွက် များများစားခြင်းအပေါ် ဘက်လိုက်မှုရှိခြင်း။

ဆိုးတဲ့ ဘက်လိုက်မှုကတော့ ကိုယ်လက်ခံယုံကြည်ထားတဲ့ အရာက မိမိ ဒါမှမဟုတ် အခြားသူအတွက် ထိခိုက်နာကျင်ခံစားမှုတွေ ဖြစ်စေတတ်ပါတယ်။ ဥပမာ- အဝလွန်သူများ သို့မဟုတ် အရမ်းဝတဲ့သူတွေကို ဆန့်ကျင်ပြီး ဘက်လိုက်မှုပြုလုပ်ခြင်း။

ကျွန်ုပ်တို့ရဲ့ ကိုယ်ပိုင် ဘက်လိုက်မှုတွေက အွန်လိုင်းသတင်းအချက်အလက်ကို ရယူသုံးစွဲမှုအပေါ် ဘယ်လို သက်ရောက်မှုရှိသလဲ။

ကျွန်ုပ်တို့ရဲ့ ဘက်လိုက်မှုတွေက ကျွန်ုပ်တို့နဲ့ အချိန်နဲ့အမျှ ထိတွေ့နေတဲ့  အချက်အလက် အများကြီးကို မြန်မြန်ဆန်ဆန် အကဲဖြတ်(ဆုံးဖြတ်)နိုင်ဖို့  ကူညီပေးတဲ့ ဖြတ်လမ်းတွေ ဖြစ်လာပါတယ်။ ဒီအချက်ကြောင့် ကျွန်ုပ်တို့ဟာ သတင်းအချက်အလက်တွေ ရယူသုံးစွဲတဲ့ အခါ အဲဒီ သတင်းအချက်အလက်ပေါ်မှာ ဆင်ခြင်သုံးသပ်မှု အားနည်းပြီး အခြားသူတွေဆီ ရောက်အောင် ချက်ချင်းမျှဝေတာတွေ လုပ်တတ်ပါတယ်။

မင်းရဲ့ ဘက်လိုက်မှုတွေက ဘာတွေလဲ။

သင်ရဲ့ ဘက်လိုက်မှုတွေက ဘယ်အရာတွေပေါ် အခြေခံနေသလဲ ဆိုတာကို အောက်ကအချက်တွေနဲ့ ဆက်စပ်စဉ်းစားကြည့်ပါ။

(၁) ဘာသာရေး

(၂) လူမျိုး

(၃) လူမှုအသိုင်းအဝန်း

(၄) လိင်

(၅) လိင်စိတ်တိမ်းညွတ်မှု

(၆) စိတ်တူကိုယ်တူအုပ်စု

(၇) ရိုးရာယဉ်ကျေးမှု

(၈) ယုံကြည်ကိုးကွယ်မှု

(၉) နိုင်ငံ

(၁၀) နိုင်ငံရေးပါတီ

ကျွန်ုပ်တို့ရဲ့ ဘက်လိုက်မှုတွေကို ဘာကြောင့် သတိထားဖို့ လိုအပ်သလဲ။

(၁) လူတွေနဲ့ သတင်းအချက်အလက်တွေကို တရားမျှမျှတတ မဆုံးဖြတ်(မစီရင်)နိုင်တဲ့ အခြေအနေတွေကို ရှောင်ရှားဖို့။

(၂) ကျွန်ုပ်တို့က ကမ္ဘာကြီးနဲ့ ဘယ်လိုအပြန်အလှန် ဆက်ဆံသလဲ၊ အွန်လိုင်းမှာတွေ့တဲ့ အချက်အလက်တွေကို ဘယ်လိုတုံပြန်သလဲ ဆိုတာတွေအပေါ် ကျွန်ုပ်တို့ရဲ့ ဘက်လိုက်မှုတွေက သက်ရောက်မှုရှိပါတယ်။

(၃) ကျွန်ုပ်တို့က ကိုယ်ပိုင် ဘက်လိုက်မှုတွေကို သိဖို့မကြိုးစားဘူးဆိုရင် မဟုတ်မမှန် သတင်းတွေကို မှားမှားနဲ့ တုံ့ပြန်နိုင်တယ်၊ ပိုဆိုးတာက အဲဒီသတင်းတွေကို ဖြန်ဝေနိုင်လို့ပါပဲ။

(၄)ကိုယ့်ကိုယ်ကို အသိတရားရှိတာက သင်ယူမှုနဲ့ ကြီးထွားမှု(Growth)ကို ဦးတည်တယ်။

ကိုယ့်ရဲ့  ဘက်လိုက်မှုတွေကို ဘယ်လို သတိထားရမလဲ။

(၁) သင့်မှာ ကိုယ်ပိုင် ဘက်လိုက်မှုများ ရှိနေတာကို အသိအမှတ်ပြု လက်ခံပါ။

(၂) သင်ရဲ့ ယူဆချက်တွေနဲ့ ယုံကြည်ချက်တွေကို စိန်ခေါ်(challenge)ကြည့်ပါ။

(၃) အရင်က ဆုံးဖြတ်ချက်တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘက်လိုက်မှုတွေကြောင့် ဘယ်လောက်အထိ ထိခိုက်မှုရှိတယ်ဆိုတာကို ပြန်လည်သုံးသပ်ကြည့်ပါ။

(၄) သင့်ကိုယ်သင်မေးပါ- “ငါရဲ့ အဓိက တန်ဖိုးထားမှုတွေနဲ့ ယုံကြည်ချက်တွေက ဘာတွေလဲ”

ဘက်လိုက်မှုအမျိုးအစားများ

ကျွန်ုပ်တို့၏ ဦးနှောက်သည် အကန့်အသတ်ရှိသည်။ မြောက်များစွာသော သတင်းအချက်အလက်များ နှင့် ရင်ဆိုင်ရသောအခါ ဘက်လိုက်မှုဟုခေါ်သော စိတ်ပိုင်းဆိုင်ရာ ဖြတ်လမ်းကို သုံး၍ သတင်းများကို စီစစ်လေ့ရှိသည်။ 

အောက်တွင် ကျွန်ုပ်တို့၏ စိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှုများကို ဖော်ပြထားသည်။

၁။ သွက်ဝိုက်သော ဘက်လိုက်မှု

လူတစ်ယောက်၏ အခြားလူတစ်ယောက်အပေါ်  စိတ်မဲ့ အလိုအလျောက် ထားရှိသော သဘောထား (အကောင်း သို့မဟုတ် အဆိုး) ဖြစ်သည်။

၂။ အတည်ပြုသော ဘက်လိုက်မှု

လူသည် ၎င်း၏ ဘက်လိုက်မှု သို့မဟုတ် နဂို ရှိနှင့်ပြီးသား သဘောထားကို မှန်ကန်ကြောင်း အတည်ပြုလေ့ရှိသည်။ ဥပမာ ရွေးကောက်ပွဲ၌ ပါတီ A ၏ ထောက်ခံသူများက ပါတီ A ၏ ကောင်းသတင်းများ ဖြန့်၍ အခြား ပါတီများ၏ ဆိုးသတင်းများ ဖြန့်သည်။

၃။ အများနိုင် အကျိုးသက်ရောက်မှု

သတင်းကို လူအများက မှန်ကန်ကြောင်း ထောက်ခံပါက ထောက်ခံခြင်း ဖြစ်သည်။

၄။ အတွင်းလူအား မျက်နှာလိုက်၍ အပြင်လူအား ခွဲခြားဆက်ဆံခြင်း

လူမျိုး၊ လိင်၊ ဘာသာရေး ယုံကြည်မှု၊ နိုင်ငံရေး ရပ်တည်ချက် စသော အချက်များအပေါ် အခြေခံ၍ အတွင်းလူအား အပြင်လူထက် အသာပေး ဆက်ဆံသည်။

၄။ အဆိုးမြင် ဘက်လိုက်မှု

ကျွန်ုပ်တို့ ဦးနှောက်သည် အကောင်းထက် အဆိုးကို ပိုဦးစားပေး၍ မိမိနှင့် ဘက်မတူသူ၏ ကောင်းသတင်းထက် ဆိုးသတင်းများကို ဖြန့်ဝေသည်။

၅။ စိတ်ခံစားမှုအား လုံ့ဆော်နိုင်ခြင်း

သတင်းတုသည် လူတို့၏ စိတ်ခံစားမှုကို လုံ့ဆော်သည်။ သို့ပါ၍ စိတ်ခံစားမှုကို လုံ့ဆော်နိုင်လေလေ သတင်း​ပျံနှံမှု အားကောင်းလေလေ ဖြစ်သည်။ 

ဘက်လိုက်မှု ကျော်လွှားရန် နည်းလမ်းများ

၁။ အတိတ်က ဆုံးဖြတ်ချက်များကို ပြန်လည်သုံးသပ်ပါ။

သင် အတိတ်တွင် သတင်းတုကို မျှဝေကောင်း မျှဝေခဲ့ဖူးပေမည်။ ဘာကြောင့် လုပ်ခဲ့သည်ကို ပြန်လည်သုံးသပ်ခြင်းဖြင့် သင့် စိတ်ပိုင်းဆိုင်ရာ ဘက်လိုက်မှုကို သတိမူစေသည်။

၂။ ပြင်ပအမြင်ကို ထည့်သွင်းပါ။

သင့်အမြင်ကို စိန်ခေါ်သော ပြင်ပအမြင်များကို ထည့်သွင်းစဥ်းစားခြင်းဖြင့် သင့်စိတ်ကို ပွင့်စေ၍ ဘက်လိုက်မှုကို ပြိုကွဲစေသည်။

၃။ သင့်အမြင်ကို စိန်ခေါ်ပါ။

သတင်းတစ်ပုဒ် မမျှဝေခင် သို့မဟုတ် လင့်ခ်တစ်ခု မနှိပ်ခင် ဘာကြောင့် ဤသို့လုပ်ရသည်ကို မေးခွန်းထုတ်ပါ။

၄။ ဖိအားရှိချိန်၌ ဆုံးဖြတ်ချက် မချရန်။

အလျင်စလို ဆုံးဖြတ်ချက်ချခြင်းကို ရှောင်ကြဥ်ခြင်းဖြင့် ဘက်လိုက်မှုကို လျော့ပါးစေပြီး သတင်းကို သေချာ သုံးသပ်စေသည်။