ယနေ့ မဟုတ်မမှန်(လုပ်ကြံ)သတင်းများ🗞️

“သတင်းအတု” ဆိုတဲ့ စကားလုံးရဲ့ ပြဿနာ

“သတင်းအတု”ဆိုတဲ့ စကားလုံးက နိုင်ငံရေးသဘောဆောင်ဖို့ အရမ်းလွယ်ကူပြီး သတင်းလောကကို ပြန်လည်ထိုးနက်ဖို့ လက်နက်တစ်ခုအဖြစ် အသုံးချဖို့လည်း လွယ်ကူနေတဲ့ စကားရပ်တစ်ခုဖြစ်နေပါတယ်။ အာဏာကိုင်စွဲထားသူတွေ မကြိုက်တဲ့ သတင်းတင်ဆက်မှုတွေကို အမြစ်ဖြတ်ဖို့ လက်နက်တစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေက သတင်းသမားနဲ့ မီဒီယာကို ဂုဏ်သိက္ခာကျအောင် သတင်းအတုကို အသုံးချပြီး အခြားသူကို ပြန်လည်တိုက်ခိုက်ဖို့လုပ်ကြတယ်။ ဒါကြောင့် သတင်းအတုအစား သတင်းအမှားနဲ့ မဟုတ်မမှန်(လုပ်ကြံ)သတင်း (Misinformation and Disinformation)ဆိုတဲ့ စကားလုံးတွေကို အသုံးပြုဖို့ အကြံပြုလိုပါတယ်။ သတင်းအတု အကြောင်း ပြောဆိုတဲ့အခါမှာ ဒီအယူအဆနှစ်ခုကို ပေါင်းစပ်ထားတာကို တွေ့ရပါတယ်။

သတင်းဖြန့်တဲ့သူက သဘောရိုးနဲ့ မှန်တယ်ထင်ပြီး ဖြန်ဝေနေတာမျိုးဆိုရင် သတင်းအမှားဖြစ်ပါတယ်။ သတင်းအမှားတွေက မှားနေတယ်ဆိုတာကို ထောက်ပြဖို့ အဆင်ပြေနိုင်ပါတယ်။ မဟုတ်မမှန်(လုပ်ကြံ)သတင်းဆိုတာက ဖြန်ဝေနေသူက သတင်းမမှန်မှန်းသိရက်နဲ့ တမင်ဖြန့်ဝေနေတဲ့ သတင်းအမှားမျိုးဖြစ်ပါတယ်။ ရည်ရွယ်ချက်ရှိရှိနဲ့ တမင်တကာ လိမ်လည်လှည့်ဖျားတာဖြစ်ပြီး မသမာတဲ့ လုပ်ရှားဆောင်ရွက်သူတွေရဲ့ လှည့်စားအယုံသွင်းမှုတွေကို ခံနေရသူတွေနဲ့ သက်ဆိုင်ပါတယ်။ တတိယတစ်မျိုးကတော့ မသမာတဲ့ သတင်းဖြန့်ဝေမှု(Malinformation)လို့ ခေါ်နိုင်ပါတယ်။ အမှန်တရားပေါ်မှာ အခြေပြုထားတဲ့ သတင်းဖြစ်ပေမယ့်လည်း လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ နိုင်ငံတစ်ခုခုအပေါ် ဆိုးကျိုးထိခိုက်မှုရှိစေဖို့ ရည်ရွယ်ပြီး ဖြန့်ဝေတဲ့ သတင်းဖြစ်ပါတယ်။

သတင်းအမှား (Misinformation)

  • အမှားတစ်ခုခုကြောင့် မှားယွင်းနေတဲ့ သတင်းတွေ ဖြန့်ဝေခြင်း။
  • လွဲမှားစွာကြားသိခြင်း (သို့) အသေးစိတ်အချက်အလက်တွေကို မှားယွင်းစွာ မှတ်သားမိခြင်းလိုမျိုး ရိုးရှင်းတဲ့ အရာတွေ ပါဝင်တယ်။

မဟုတ်မမှန်(လုပ်ကြံ)သတင်း (Disinformation)

  • ထိခိုက်နစ်နာစေဖို့အတွက် သတင်းမှားတွေ ဖြန့်ဝေတာကို တမင်သက်သက် ဆောင်ရွက်ခြင်း။
  • ရည်ရွယ်ချက်ရှိရှိ လုပ်တယ်။

ဒီနှစ်ခုရဲ့ အဓိကကွာခြားချက်က ထိခိုက်စေလိုသောဆန္ဒ ဖြစ်ပါတယ်။

မဟုတ်မမှန်သတင်း ဖန်တီးရတဲ့ အကြောင်းအရင်းများ

  • သတင်းမှားတွေကို အများပြည်သူတွေဆီ ဖြန့်ဝေပြီး အကျိုးအမြတ်ရဖို့။ ဥပမာ- လိမ်လည်လှည့်ဖြားမှုများ(scams)
  • လူတစ်ဦးရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးဖို့ (သို့) မြှင့်တက်စေဖို့။ (ဥပမာ- မှင်နီတားခြင်း)
  • စိတ်ရှုပ်ထွေးမှုတွေဖြစ်စေပြီး နိုင်ငံရေးအာဏာရယူဖို့။ (ဥပမာ ရွေးကောက်ပွဲ မဲဆွယ်မှုများ)၊

မဟုတ်မမှန်သတင်းတွေက ဘယ်လိုလွှမ်းမိုးမှုရှိနေသလဲ။

  • Politics and Elections? နိုင်ငံရေး နဲ့ ရွေးကောက်ပွဲများ
  • Violent Extremism? အကြမ်းဖက်အစွန်းရောက်များ
  • Public Health Crisis? ပြည်သူ့ကျန်းမာရေး အကျပ်အတည်း

မဟုတ်မမှတ်သတင်းနဲ့ သတင်းအမှားတွေရဲ့ မကောင်းတဲ့ အကျိုးဆက်များ

  • Covid 19 သတင်းအမှားကြောင့် ရာချီတဲ့ လူတွေ သေရတယ်။
  • ယခုနှစ်(၂၀၂၁) ပထမသုံးလအတွင်း ကိုရိုနာဗိုင်းရပ်နှင့်ပတ်သက်သည့် သတင်းမှားများကြောင့် ကမ္ဘာတစ်ဝှမ်းတွင် အနည်းဆုံး လူ ၈၀၀ သေဆုံးခဲ့ကြောင်း သုတေသီများက ပြောကြားခဲ့သည်။
  • American Journal of Tropical Medicine and Hygiene တွင် ထုတ်ဝေသည့် လေ့လာမှုတစ်ခုအရ ဆိုရှယ်မီဒီယာပေါ်တွင် မှားယွင်းသော အချက်အလက်များကြောင့် လူပေါင်း 5,800 ခန့် ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း ခန့်မှန်းထားသည်။
  • မီသနော သို့မဟုတ် အယ်လ်ကိုဟောအခြေခံ သန့်စင်ရေး ပစ္စည်းများ သောက်သုံးခြင်းကြောင့် လူအများကြီးသေဆုံးခဲ့ရသည်။

သတင်းအမှား နဲ့ မဟုတ်မမှန်သတင်း အမျိုးအစား (၇) ခု

  1. False Connection (မှားယွင်းနေသော ချိတ်ဆက်မှုများ)
  • ပုံမှန်အားဖြင့်“နှိပ်ချင်လာအောင်ဆွဲဆောင်တဲ့ အကြောင်းအရာ (clickbaits)”တွေ ဖြစ်တယ်။
  • မှားယွင်းတဲ့ ချိတ်ဆက်မှုသတင်းရဲ့ သတင်းခေါင်းစီးစာသားတွေက အများအားဖြင့် စိတ်ခံစားမှု၊ အံ့သြစရာ တွေဖြစ်နေတတ်ပြီး တစ်ခါတစ်လေမှာ လူတွေဖွင့်ကြည့်အောင် မျှဝေတာမျိုးတွေလုပ်အောင် ခြောက်လှန့်တာမျိုးလည်း ရှိပါတယ်။
  • ခေါင်းစဉ်က ဇာတ်လမ်းအပြည့်အစုံကို မပေးပါဘူး။ ပို့စ်တစ်ခုလုံးကို ဖတ်ကြည့်ရင်တော့ ခေါင်းစဉ်က မတိကျတာကို တွေ့ရပါလိမ့်မယ်။
  1. Satire/Parody (ကောလဟာလ/သရော်စာ/သရော်မှု)
  • မှားယွင်နေတဲ့ အချက်အလက်တွေကို ရယ်စရာကောင်းအောင် ပြုလုပ်ထားတယ်။
  • အခြေအနေမှန်ကို ချဲ့ကားပြီး ဟာသအဖြစ် ပြောင်းလဲလိုက်ကြတယ်။
  • အချို့လူတွေက အခြားသူကို ထိခိုက်နစ်နာစေဖို့ အကြောင်းပြချက်အဖြစ် / သရော်စာအဖြစ် အသုံးပြုကြပြီး ကောလာဟလတွေကို ဖြန့်ကြတယ်။
  1. Imposter Content (အယောင်အဆောင်အကြောင်းအရာတွေ)
  • သတင်းအချက်အလက်အမှားတွေကို မျှဝေတဲ့အခါ အရေးကြီးပုဂ္ဂိုလ် တစ်ဦး(သို့)အဖွဲ့အစည်း ရဲ့ နာမည်(သို့)ဓာတ်ပုံကို အသုံးပြုကြပါတယ်။
  • အစစ်အမှန်ပုံတွေ၊ လိုဂိုတွေနဲ့ အမည်တွေကို အသုံးပြုပြီး လူတွေကို ပိုမိုယုံကြည်လာအောင်လုပ်ကြတယ်။ ဒါပေမယ့် ကိုးကားချက်(Quotes)၊ အချက်အလက်(Statistics) ဇာတ်လမ်းတွေလိုမျိုး သူရဲ့ အတွင်းပိုင်း အချက်အလက်တွေကတော့ လုပ်ကြံပေါင်းစပ်ထားတာဖြစ်ပါတယ်။
  1. Manipulated Content (ကြိုးကိုင်ခြယ်လှယ်နေတဲ့ အကြောင်းအရာ)
  • ဇာတ်လမ်းအမှားဖြစ်အောင် တကယ့်အစစ်အမှန် သတင်းတွေကို တည်းဖြတ်လိုက်ကြတယ်။
  • ဓာတ်ပုံနဲ့ ဗီဒီယိုတွေက အများအားဖြင့် ခြယ်လှယ်ခံရတဲ့ အရာတွေဖြစ်ပါတယ်။ နည်းပညာကို သုံးပြီး ရိုးရိုးပုံတစ်ပုံကို အခြားတစ်ခုခုဖြစ်အောင် ပြောင်းဖို့က လွယ်ကူပါတယ်။
  1. False Content (မှားယွင်းနေတဲ့ အကြောင်းအရာ)
  • အခြားသူတွေကို လှည့်စားနိုင်ပြီး ဇာတ်လမ်းအကြောင်းအရာကို ပြောင်းလဲသွားစေနိုင်တဲ့ ပြင်ပအကြောင်းအရာတစ်ခုအဖြစ် သတင်းအချက်အလက် အမှန်တွေကို ဖော်ပြကြတယ်။
  • မူရင်းစာထဲက စကားလုံးတွေကို ထုတ်နှုတ်တာ၊ ရုပ်ပုံတစ်ခုလုံးကို ပြသတာမျိုးမဟုတ်ဘဲ ဓာတ်ပုံတစ်ပုံရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ပြတာ၊ လက်ရှိဖြစ်ရပ်အတွက် အရင်က ပုံတွေကိုတောင် အသုံးပြုထားတာမျိုး တွေ့ရတတ်ပါတယ်။
  1. Fabricated Content (လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာ)
  • 100% ယုံကြည်စေမယ့် အကြောင်းအရာ
  • လုပ်ကြံဖန်တီးထားတဲ့ အကြောင်းအရာမှာပါတဲ့ အချက်အလက်အားလုံးကို အခြားသူတစ်ဦးကနေ စဉ်းစားထားတာ တီထွင်ဖန်တီးထားတာ ဖြစ်ပါတယ်။
  • တစ်ခုလုံးကို ဖန်တီးထားတာဖြစ်တယ် – တစ်ခါတစ်လေမှာ တစ်ခုခုကို စစ်မှန်ပြီး ဆွဲဆောင်မှုရှိတဲ့ပုံစံဖြစ်စေဖို့အတွက် ရှုပ်ထွေးတဲ့နည်းပညာကို အသုံးပြုကြပါသေးတယ်။
  1. Misleading Content (အထင်မှားစေတတ်တဲ့ အကြောင်းအရာ)
  • ဆိုလိုရင်းအဓိက အကြောင်းအရာကို ထပ်ဖြည့်တာ၊
  • အသစ်တစ်ခုခုပြုလုပ်ဖို့ မရေမတွက်နိုင်တဲ့ ရင်းမြစ်တွေကနေ မတူညီတဲ့ အချက်အလက် အပိုင်းအစတွေကို စုစည်းထားတာ ဒါမှမဟုတ် အချက်အလက်အချို့ကို နည်းလမ်းတစ်ခုခုနဲ့ ပြန်ပြီးပုံသွင်းထားတာ။
  • သီးခြားယုံကြည်ချက်တစ်ခုကို ခိုင်မာစေဖို့ ရည်ရွယ်တယ် – အုပ်စုတစ်စု သို့မဟုတ် တစ်ဦးချင်းစီကို အန္တရာယ်ဖြစ်စေနိုင်တဲ့ ယုံကြည်ချက်မျိုး

📌ကျွန်ုပ်တို့အများစုက မှားယွင်းတဲ့ အချက်အလက်တွေကို မှားမှားနဲ့ပဲ မျှဝေနေကြတယ်။
📌အမှန်တကယ်တော့၊ ၁၀ ရာခိုင်နှုန်းထက်နည်းတဲ့ လူတွေကသာ ရည်ရွယ်ချက်ရှိရှိနဲ့ မဟုတ်မမှန်သတင်းတွေကို လုပ်ကြံဖန်တီးကြတယ်။