ပုံစံ (၅) မျိုးအ​ကြောင်း အသေးစိတ် 💡

ပဋိပက္ခသည် လူအများကြားတွင် လူတို့ကို ထိခိုက်နစ်နာစေသော ကွာခြားချက်များ ဖြစ်ပါသည်။ ပဋိပက္ခသည် ရောဂါနဲ့ တူပါသည်။ လူတို့၏ တစ်နေ့တာဘဝတွင် ဒုက္ခရောက်စေပါသည်။ ထို့ကြောင့် ပဋိပက္ခသည် ကိုင်တွယ်ဖြေရှင်းခြင်း နည်းလမ်းများကို လူတို့၏ ထိခိုက် နစ်နာမှုများ၊ ခံစားမှုများကို ကာကွယ် ဖယ်ရှားနိုင်မှာ ဖြစ်ပါတယ်။ 

ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံ(၅)မျိုးကို ပဋိပက္ခ တစ်ခု ပြဿနာတစ်စုံတစ်ရာ ဖြစ်လာတဲ့အခါ ဒီပုံစံ(၅)မျိုးလုံးကို တစ်ပြိုင်တည်းသုံးပြီး ဖြေရှင်းလို့ မရနိုင်ပါ။ ထို့အတွက် ပဋိပက္ခ တစ်ခု ဖြေရှင်းရန် နည်းလမ်းအသစ် ၊ ပုံစံအသစ်များကို စဉ်းစားရမည်ဖြစ်ပါတယ်။ ဖြစ်လာတဲ့ ပြဿနာ ပေါ်မူတည်ပြီး အကောင်းဆုံး 

ဖြစ်မယ့် ဖြေရှင်းနည်းကို ရွေးချယ် အသုံးပြု တတ်ဖို့လိုပါတယ်။

ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုးက ဒွန်တွဲနေတတ်တာမို့ ပုံစံ(၅)မျိုးရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

၁။ မိမိအလို လိုက်ရန်တိုက်တွန်းခြင်း (Competing)

အရေးပေါ်ကိစ္စရပ်များ ကဲ့သို့သော အခြေအနေများအတွက် အလျင်အမြန်နှင့် တိကျသော လုပ်ဆောင်ချက်များချမှတ်ရန် အရေးပါတဲ့အချိန်တွေမှာ ဒီဖြေရှင်းမှုပုံစံကို အသုံးပြုနိုင်ပါတယ်။ မိမိအလို လိုက်ရန်တိုက်တွန်းတဲ့ပုံစံဖြစ်လို့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကို ကာကွယ်နိုင်ပြီး ကိုယ်တိုင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေ ရှိရင်လည်း ဆုံးဖြတ်ချက် မြန်မြန်ချနိုင်ပါသေးတယ်။

ဥပမာ – ဗိုက် အရမ်းဆာနေပေမယ့် နေ့လည်စာ ဘာစားရမှန်းမသိဘူးလို့ ဆိုလာကြတဲ့အခါ ကိုယ်စားချင်တဲ့ အစားအသောက်တွေ ပြောပြပြီး မြန်မြန်ပဲဖြေရှင်းလိုက်ကြတာမျိုးပေါ့။

ဒါပေမယ့်လည်း အမြဲတမ်း ကိုယ့်အလိုကို လိုက်ဖို့တိုက်တွန်းတဲ့ပုံစံ ဖြစ်နေတတ်တာကြောင့် အလွန်အကျွံအသုံးချမိတဲ့အခါ ကိုယ်နဲ့အခြားသူတွေကြားက ဆက်ဆံရေးကို အားနည်းလာစေနိုင်ပါတယ်။ သဘောထားကွဲလွဲတာမျိုးတွေလည်းဖြစ်လာနိုင်တာကြောင့် သတိထားဖို့တော့လိုပါမယ်။

၂။ရှောင်ဖယ်ခြင်း (Avoiding)

ကိုယ်ဖြေရှင်းရမယ့်ကိစ္စ ဒါမှမဟုတ် ကိုယ်နဲ့‌ဖြေရှင်းရမယ့် တစ်ဖက်လူကြား ဆက်ဆံရေးက အရေးမကြီးတဲ့ အချိန်တွေမှာ ဒီဖြေရှင်းမှုပုံစံကို အသုံးပြုနိုင်ပါတယ်။

ဥပမာ – တစ်ခါတရံသာ ရောက်တဲ့ဈေးထဲက ဈေးသည်ဆီက ဈေးဆစ်နေရင်း မထင်မှတ်ဘဲအငြင်းပွားမှုတွေ ထဖြစ်တဲ့အခါ ဘာမှဆက်မပြောတော့ဘဲ ထွက်လာလိုက်တာမျိုးပေါ့။ အဲ့ဒါအပြင် အခြားတစ်ယောက်ကနေပြီး ဒီအငြင်းပွားမှုကို ကိုယ့်ထက်ပိုထိရောက်စွာ ဖြေရှင်းနိုင်တဲ့အချိန်တွေမှာဆိုရင်လည်း ရှောင်ဖယ်ခြင်းပုံစံကို အသုံးပြုလိုက်တာဟာ‌ ပိုကောင်းတဲ့ဖြေရှင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။

ကိုယ်မဖြေရှင်းနိုင်တာကို ရှောင်လိုက်တာ ဒါမှမဟုတ် ကိုယ်ဝင်ပါလိုက်မှ ပြဿနာဟာ ပိုကြီးသွားနိုင်မယ့် အခြေအနေမျိုးတွေ ရှိနေတဲ့အခါ ရှောင်ဖယ်လိုက်တာက အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း အမြဲတမ်း ရှောင်ဖယ်တဲ့ပုံစံကိုချည်း သုံးနေလို့‌ေတာ့မဖြစ်ပါဘူး။ ဖြေရှင်းလို့ရပါရက်နဲ့ မဖြေရှင်းဘဲထားလိုက်ရင် တဖြည်းဖြည်းစုလာပြီး ဒီပြဿနာကပိုကြီးလာတဲ့အခါ ရှင်းရခက်ပြီး အကြမ်းဖက်မှုကို ဦးတည်တဲ့အခြေအနေတွေထိလည်း ရောက်သွားနိုင်ပါ‌သေးတယ်။

အဲ့တာကြောင့် ကျွန်တော်တို့ဟာ ပြဿနာတစ်မျိုးကို ဖြေရှင်းနည်း(၅)မျိုးလုံးသုံးပြီး ဖြေရှင်းလို့မရသလို တစ်မျိုးတည်းကိုပဲ အမြဲသုံးပြီး ဖြေရှင်းနေလို့လည်း မဖြစ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်။

၃။ လိုက်လျောခြင်း (Accommodating)

အငြင်းပွားရသော ကိစ္စသည် မိမိအတွက်အ ရေးမပါသော်လည်း အခြားသူအတွက် အရေးကြီးတဲ့အချိန်မှာ ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။

ဥပမာ – Hot Potနဲ့ ကြေးအိုး စားချင်တယ်ဆိုပါတော့။ ကိုယ်ကနှစ်ခုလုံးကိုစားပေမယ့် သူငယ်ချင်းက ကြေးအိုးမစားတဲ့အခါ သူစားတဲ့hot potကို လိုက်စားပေးလိုက်တာမျိုးက နှစ်ဦးကြားက ဆက်ဆံရေးကို လည်းပိုကောင်းမွန်လာစေပါတယ်။ 

အဲ့ဒါ့အပြင် တစ်ဖက်လူထက် ကိုယ်ကအတွေ့အကြုံ ဒါမှမဟုတ် ကျွမ်းကျင်မှုတွေ အားနည်းနေတဲ့အ ခါမျိုးမှာလည်း ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဆက်ဆံရေးကိုထိန်းသိမ်းရန်နဲ့ အနှောင့်အယှက်တွေကို ရှောင်ဖယ်လိုတဲ့အခါမှာလည်း လိုက်လျောခြင်း ပုံစံကိုအသုံးပြုနိုင်ပါတယ်။ စကားနည်း ရန်စဲဆိုတဲ့ စကားပုံလိုပေါ့။ ဒါပေမယ့်လည်း အမြဲလိုက်လျောနေမိတဲ့အခါမှာတော့ ကိုယ့်ဆန္ဒတွေမ ပြည့်ဝနိုင်တော့ပါဘူး၊ ခဏခဏ လိုက်လျောရတဲ့အခါ တစ်ဖက်ကိုလည်း အခွင့်အရေးယူတယ် အားနာမှုမရှိဘူး စသည်ဖြင့် ကိုယ့်စိတ်မှာ မကျေမနပ်ဖြစ်လာနိုင်တာမျိုးတွေ လည်း ကြုံရနိုင်ပါတယ်။

၄။ နှစ်ဖက်အလျှော့ပေးခြင်း (Compromising)

သဘောတူညီမှု တစ်ခုရရှိဖို့အရေးကြီးတဲ့အချိန် ဒါမှမဟုတ် ရှုပ်ထွေးတဲ့ ကိစ္စရပ်‌တွေအတွက် ယာယီပြေလည်မှုရရှိဖို့ဆိုရင် ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းမှု လုပ်နေစဉ်အတွင်း မိမိအလို လိုက်ရန်တိုက်တွန်းခြင်း ဒါမှမဟုတ် ပူးပေါင်းဖြေရှင်းခြင်းပုံစံ ကိုအသုံးပြုလိုက်လို့ အောင်မြင်စွာမဖြေရှင်းနိုင်ခဲ့ရင် နှစ်ဖက်အလျှော့ပေးခြင်းပုံစံကို အရံအဖြစ်အသုံးပြုလို့ရပါတယ်။ နှစ်ဖက်လုံးက အလျှော့ပေးပြီး ဖြေရှင်းတဲ့ပုံစံဖြစ်လို့ ရေတိုမှာတော့ ဒီပြဿနာကပြေလည်သွားနိုင်ပါတယ်။

ဥပမာ – ကိုယ်နဲ့ ကိုယ့်ချစ်သူ စကားများ ရန်ဖြစ်ရမှာမလိုလားလို့ ခဏတာအလျှော့ပေးပြီး နှစ်ဖက် ပြေလည်လိုက်တာမျိုးပေါ့။

ရေတိုမှာတော့ဒီပြဿနာက ပြေလည်သွားနိုင်ပေမယ့် ပြဿနာကို အတွင်းကျကျ လေ့လာပြီး ဖြေရှင်းခဲ့တာမဟုတ်လို့ နောင်တစ်ချိန်မှာ ဒီလိုပြဿနာမျိုး တစ်ဖန်ပြန်ဖြစ်လာနိုင်ပါတယ်။ နှစ်ဖက်လုံးက အလျှော့ပေးလိုက်တာမို့ မိမိတို့လိုချင်တဲ့အရာတွေလည်း မရရှိနိုင်တော့သလို လိုအပ်ချက်တွေကိုလည်း ပြည့်စုံအောင် ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါဘူး။

၅။ ပူးပေါင်းဖြေရှင်းခြင်း (Collaborating)

ပူးပေါင်းဖြေရှင်းခြင်းပုံစံကို အသုံးပြုခြင်းအားဖြင့် နှစ်ဖက်လုံးရဲ့ အရေးပါတဲ့ လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကို ပြည့်ဝစေမယ့် အဖြေတစ်ခုကို ရှာဖွေနိုင်ပါတယ်။ ကိစ္စရပ်တစ်ခုပေါ်မှာ အခြေခံပြီး အငြင်းပွားမှုမှ ာပါဝင်တဲ့လူတိုင်းရဲ့ မတူကွဲပြား တဲ့အမြင်တွေကနေ အကောင်းဆုံးအဖြေတစ်ခု ရရှိဖို့ဦးတည် ဖြေရှင်းနိုင်ပါ‌းတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုကို အားကောင်းစေပြီး ဆန်းသစ်တဲ့ အမြင်အမျိုးမျိုးကို တွေ့ရနိုင်တာကြောင့် ပူးပေါင်းဖြေရှင်းခြင်းဟာ အငြင်းပွားမှုကိုကိုင်တွယ်ဖြေရှင်းရာမှာ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။

ဖြေရှင်းနည်းတစ်ခုမှာ အားသာချက်ရှိသလို အားနည်းချက်တွေ ရှိနေနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။

ဥပမာ အဖေအသည်းအသန်ဖြစ်လို့ ဆေးရုံတင်ရတော့မယ့်အချိန်မှာ မောင်နှမတွေအကုန်ခေါင်းချင်းဆိုင်ပြီး ဒီဆေးရုံတော့ကောင်းတယ်၊ ဟိုဆေးရုံဆိုပိုအဆင်ပြေတယ်ဆိုပြီး ပူးပေါင်းဖြေရှင်းနေလို့မရပါဘူး။ အရေးပေါ်ကိစ္စတွေအတွက် ဆုံးဖြတ်ချက် မြန်မြန်ချတတ်ဖို့ လည်းလိုပါသေးတယ်။ အမြဲပူးပေါင်းဖြေရှင်းမိတဲ့အခါ တချို့ပြဿနာ‌‌တွေမှာ မလိုအပ်ဘဲ အချိန်နဲ့ လူအင်အား အများကြီးသုံးမိတာမျိုးတွေ ကြုံရနိုင်လို့ပါပဲ။ လုပ်ငန်းစဉ်ကို ပိုမိုကြန့်ကြာ စေနိုင်တဲ့အတွက် အားမရစရာတွေလည်း ဖြစ်လာနိုင်သေးတာမို့ သတိပြုဖို့တော့လိုပါတယ်။