အငြင်းပွားမှုနဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖို့ ပုံစံ(၅) မျိုး📑

လူရယ်လို့ဖြစ်လာတာနဲ့ နေ့စဉ်ဘဝမှာ မလွဲမသွေကြုံတွေ့ရမှာတော့ ပဋိပက္ခဖြစ်ပါတယ်။  ဒါပေမယ့်  ပဋိပက္ခဆိုတာနဲ့ အမြဲတမ်းအဆိုးကြီးလို့ပဲ တွေးလို့မရပါဘူးနော်။ 

ဘာလို့လဲဆိုတော့ အဲ့ဒီပဋိပက္ခတွေထဲမှာ တချို့ပဋိပက္ခတွေဟာ ကိုယ်တိုင် ကိုင်တွယ်တတ်ရင် အခွင့်အလမ်းတွေ ပေးစွမ်းနိုင်တဲ့ အပြုသဘောဆောင်တဲ့ ပဋိပက္ခတွေ အဖြစ်ရှိနေတတ်ပေမယ့် တချို့ကျပြန်တော့ အင်မတန်ပြင်းထန်လာပြီး ဆိုးကျိုးတွေပဲပေးတဲ့ ပဋိပက္ခတွေလည်းရှိတာပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရမယ့် လူသားတွေရဲ့ ကျွမ်းကျင်ပိုင်နိုင်မှုအရပဲ ကြုံနေရတဲ့ ပဋိပက္ခတွေရဲ့နောက်ဆုံးရလဒ်က ထွက်လာရတာ ဖြစ်ပါတယ်။

ပဋိပက္ခ တစ်ခုမှာ လူတစ်ဦးက အပြုမူဆိုင်ရာ တစ်ခုခုကို ပြုလုပ်ခြင်းက အကြောင်းရင်းတစ်ခုခု ရှိကြောင်းကို ပြန်လည် သုံးသပ်ခြင်းကလည်း အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ တုံ့ပြန်မှု အနေထားပေါ် မူတည်ပြီး မေးသင့်တဲ့ မေးခွန်းတွေကတော့ 

  • တစ်ယောက်ယောက်က ကိုယ့်ကို မကောင်းတာ တစ်ခုခုလုပ်လာတဲ့ အခါမှာ ဘာဖြစ်လို့လဲ ဟု မေးပါ။ အနည်းဆုံး သူဘာလို့ ဒီလုပ်ရပ်ကို လုပ်သလဲဆိုတာကို သိအောင် လုပ်ပါ။
  • တစ်ယောက်နဲ့တစ်ယောက် နေထိုင်ရခက်တဲ့ အနေထားတစ်ခုနဲ့ ပဋိပက္ခ ( မည်သည့် ပြသနာရပ်များမဆို) ဖြစ်နေခဲ့ရင်တောင် ပွင့်ပွင့်လင်းလင်း ကြိုးစား စကားပြောပြီး ညှိနှိုင်းဆောင်ရွက်မှုတွေကို လုပ်ဆောင်ပါ။
  • ရန်လိုသော အပြုမူကို ကြုံတွေ့ရတဲ့ အခါမှာလည်း မိမိဘက်မှ ထင်မြင်ချက်တစ်ခုတည်းဖြင့် ချက်ချင်း ကောက်ချက် မချပဲ ဘာကြောင့်လဲဆိုတာကို မေးမြန်းပေးပါ။ စိတ်ရှင်းရှင်းထားပြီး ရိုးသားစွာ သိချင်စိတ်ဖြင့် မေးမြန်းရမည်။ ( ဒီနေရာမှာ – တစ်ဖက်က ဒေါသကြီးစွာ အော်ဟစ် နေသည့် အခြေနေမျိုး ဖြစ်ပါက မိမိဘက်မှ မေးခွန်းထုတ်မည့် အချိန်မတိုင်ခင် အသက်ကို ပြင်းပြင်းရှုပြီး စိတ်အခြေ တည်ငြိမ်အောင် တည်ဆောက်ပြီး မေးခွန်းကို တည်ငြိမ်းအေးဆေးစွာ မေးမြန်းပါ။)
  • ရပ်တည်မှု အနေအထား ( ဆဲဆိုခြင်း၊ မျက်လုံးခြင်းမဆုံအောင် ရှောင်လွှဲခြင်း၊ ) စသည့် အခြေနေတွေရဲ့ နောက်ကွယ်မှာ ရှိနေသည့် လိုအပ်ချက်များကို ရှာဖွေပါ။
  • လိုအပ်ချက်များကို ဖြေရှင်းပေးနိုင်မည့် နည်းလမ်းများကို ရှာဖွေပါ။ သို့မှသာ ရန်လိုသည့် အပြုမူနှင့် ဖျက်ဆီးတတ်သည့် ပဋိပက္ခ ကို ကာကွယ် ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

ပဋိပက္ခ တစ်နည်းအားဖြင့် အငြင်းပွားမှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ချဉ်းကပ်နည်း(၅)မျိုးရှိပါတယ်။

  1. မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)
  2. ရှောင်ဖယ်ခြင်း(Avoiding)
  3. လိုက်လျောခြင်း(Accommodating)
  4. နှစ်ဖက်အလျှော့ပေးခြင်း(Compromising)
  5. ပူးပေါင်းဖြေရှင်းခြင်း(Collaborating) တို့ပဲဖြစ်ပါတယ်။

မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)

ဒါကို အတိုကောက် “တိုက်ယူ-ငါနိုင်‌စေ၊သူရှုံးစေ”ဆိုပြီး ပြောပြထားပါတယ်။ ဒီနည်းကရှင်းရှင်းလေးပါပဲ။ ကိုယ်လိုချင်တာကိုပဲ အတင်းလုပ်ယူတာမျိုးပေါ့။ ဒီလိုလူမျိုးက တစ်ခုခုညှိနှိုင်းဖြေရှင်းတော့မယ်ဆို သူ့နည်းဗျူဟာအတိုင်းပဲဖြစ်စေချင်တယ်၊ သူ့ကိုပဲလိုက်‌လျောစေချင်တယ်။ တစ်ဖက်သားကို သူ့အတိုင်းလိုက်လုပ်ဖို့ တိုက်တွန်းတယ်၊ ထိန်းချုပ်တယ်၊ ဖိအားပေးပြီး အကျပ်ကိုင်တယ်ပေါ့။

ရှောင်ဖယ်ခြင်း(Avoiding)

“ရှောင်ဖယ်-သူရှုံးစေ၊ငါရှုံးစေ”ဆိုတဲ့ဒီနည်းလမ်းကတော့ ဘာပဲဖြစ်လာဖြစ်လာ ရင်မဆိုင်ဘဲ ရှောင်ပြေးတတ်တဲ့ သဘောပဲပေါ့။

အဲ့လိုမျိုးဆိုရင် ရှိ‌ပြီးသားပြဿနာ၊ အငြင်းပွားမှုက ပျောက်ကွယ်မသွားတဲ့အပြင် နှစ်ဖက်စလုံးအတွက် ပြဿနာက ပိုကြီးနိုင်တာမို့လို့ နှစ်ဖက်စလုံးအတွက် အရှုံးပဲလို့ပြောရခြင်း ဖြစ်ပါတယ်။

လိုက်လျောခြင်း(Accommodating)

ဒီဟာကတော့ “လိုက်လျော-သူနိုင်စေ၊ငါရှုံးစေ”ပေါ့။ တစ်ခါတလေ ပြဿနာကိုဖြေရှင်းရမယ်မှန်းတော့သိတယ်။ ဟိုဖက်ကစ ဖြေရှင်းမှာကိုစောင့်ပြီး သူဖြေရှင်းဖို့ပြောလာရင်

ကိုယ်ကပျင်းနေတာနဲ့ သူပြောသမျှအကုန် “အဆင်ပြေပါတယ်” လုပ်လိုက်တာမျိုး။ အဲ့ဒီလိုအခြေအနေမျိုးမှာဆို ကိုယ်ကနောက်ပိုင်းတစ်ယောက်တည်း ကြုံတွေ့လာရမယ့် ပြဿနာတွေလည်းရှိလာနိုင်တာမို့လို့ ဟိုဖက်ကတော့အဆင်ပြေပြီး ကိုယ်ကတော့ပြဿနာတွေနဲ့ ထပ်ကြုံရတာမို့လို့ ပြဿနာဖြေရှင်းပြီးသွားလည်း ကိုယ်ကအရှုံးဖြစ်ရတာပေါ့။

နှစ်ဖက်အလျှော့ပေးခြင်း(Compromising)

ဒီနည်းလမ်းကတော့ နှစ်ဦးနှစ်ဖက်အပေးအယူလုပ်ပြီး ဖြေရှင်းကြတဲ့အတွက် နှစ်ဖက်လုံး အရှုံးမရှိဘူး။အဲ့ဒါကြောင့် “အပေးအယူလုပ်-ငါမရှုံး၊မင်းလည်းမနိုင်”လို့ပြောကြပါတယ်။အဲ့လိုညှိနှိုင်းမှုမျိုးမှာဆို နှစ်ယောက်လုံးက အဆင်ပြေဖို့ပဲအားသာနေကြတော့ ကိုယ့်ရဲ့သတ်မှတ်ထားတဲ့စံနှုန်းထက် လျှော့ပြီးအပေးအယူလုပ်ကြတယ်။ ဆိုလိုတာက နှစ်ယောက်လုံး သူတို့လက်ခံသဘောတူနိုင်မယ့် ပမာဏကိုညှိနှိုင်းဆုံးဖြတ်ကြတော့ အဆင်ပြေသွားတာပေါ့။ ဒီမှာ ညှိနှိုင်းတာက ပြေလည်သွားတယ်ဆိုပေမယ့် ကိုယ့်ရဲ့သတ်မှတ်စံနှုန်းအပြည့်အဝကို နှစ်ယောက်လုံးမရလိုက်ကြတော့ ဒါကိုညှိနှိုင်းမှုအောင်မြင်တယ်လို့ မသတ်မှတ်နိုင်သေးပါဘူး။

ပူးပေါင်းဖြေရှင်းခြင်း(Collaborating)

ဒီနည်းလမ်းကတော့ အကောင်းဆုံးလို့ပြောလို့ရပေမယ့် လူတိုင်းဒီနည်းလမ်းကိုမကျင့်သုံးနိုင်ပါဘူး။ ဘာလို့ဆို ပြဿနာတစ်ခုကြုံလာပြီဆို အဖြေကိုပူးပေါင်းပြီးရှာဖို့ဆိုတာ တော်ရုံမလွယ်ပါဘူး။ ဒီနည်းလမ်းမှာ နှစ်ဖက်လုံးက ပူးပေါင်းအဖြေရှာချင်တဲ့ စိတ်အပြည့်နဲ့ ပြဿနာရဲ့အချက်အလက်တွေ စုဆောင်း၊‌ ဆွေးနွေးတာတွေလုပ်၊ ဖြစ်နိုင်တဲ့နည်းလမ်းတွေ အကုန်စဉ်းစား၊ နှစ်ယောက်လုံးအတွက် သူနိုင်ကိုယ်နိုင်ဖြစ်မယ့် win-win situationကို အဖြေရှာကြတာပဲဖြစ်ပါတယ်။ပြဿနာဖြေရှင်းရင် အကျိုးရလဒ်တွေအများကြီးထွက်တဲ့ ဒီနည်းလမ်းကို “ပူးပေါင်းခြင်း-ငါနိုင်စေ၊သင်လည်းနိုင်စေ”ဆိုပြီးအတိုကောက်ပြောကြပါတယ်။

ဒီနည်းလမ်းငါးမျိုးစလုံးက အမြဲတမ်းတစ်ခုကိုပဲကောင်းတယ်ဆိုပြီးဖြေရှင်းလို့မရနိုင်ပါ။

ဥပမာ-အလျင်တဆော ချက်ချင်းထဖြေရှင်းရမယ့် ပြဿနာတစ်ခုကို Collaboratingဆိုတဲ့ ပူးပေါင်းဖြေရှင်းမှုပုံစံနဲ့ ဖြေရှင်းလို့မရသလို ပြဿနာက ကိုယ်လိုက်မဖြေရှင်းရင်တောင် ပြေလည်သွားနိုင်မယ့်ကိစ္စတစ်ခုကို Competing (မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း)၊ Compromising(နှစ်ဖက်အလျှော့ပေးခြင်း)ဆိုတဲ့ပုံစံမျိုးတွေနဲ့လည်းသွားဖြေရှင်းလို့မရပါဘူး။

ကိုင်တွယ်ဖြေရှင်းမှုပုံစံတွေမှာ သူ့ကိုယ်ပိုင်ကိုယ်စီအားသာချက်၊အားနည်းချက်တွေရှိတဲ့အတွက် ကိုယ်ကအခြေအနေအချိန်အခါကိုလိုက်ပြီး ဒီဖြေရှင်းပုံနည်းလမ်းတွေကိုကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့လိုအပ်ပါလိမ့်မယ်။