သတင်းအချက်အလက်တွေရဲ့ လုပ်နိုင်စွမ်း📰

သတင်းအချက်အလက်ဆိုတာ ဘာလဲ။

သတင်းအချက်အလက်ဆိုတာ တစ်စုံတစ်ခု (သို့) တစ်ဦးတစ်ယောက် အကြောင်းကို လေ့လာသင်ယူတဲ့ / ထောက်ပံ့ပေးတဲ့ အချက်အလက်များ(facts) ဖြစ်ပါတယ်။ ဒါ့အပြင် မသေချာမရေရာမှုတွေအတွက် ဖော်ပြချက်တွေ/အဖြေတွေ  ပေးတယ်၊ ဆုံးဖြတ်ချက်ချတဲ့ အခါမှာ ကူညီပေးပါတယ်။ နောက်ပြီး သတင်းအချက်အလက်ကို သေချာသုံးစွဲမယ်ဆိုရင် အသိပညာတွေ တိုးပွါးလာစေပါတယ်။ 

သတင်းအချက်အလက်တွေတိုင်းမှာ မူလအရင်းအမြစ်တွေ အများအပြား ရှိပါတယ်။ ဒါကြောင့် ဒီသတင်းအချက်အလက်တွေကို အသုံးမချခင် သတင်းလာရာအရင်းအမြစ်ကို သိထားဖို့ / ရှာဖွေထုတ်ဖော်ဖို့ မရှိမဖြစ် လိုအပ်ပါတယ်။ ဒါမှသာ သုံးစွဲတဲ့ သတင်းအချက်အလက်က ခိုင်မာမှုရှိပြီး သတင်းများ ပြန်လည်မျှဝေရာမှာလည်း တိကျသေချာနေမှာပဲ ဖြစ်ပါတယ်။ 

သတင်းအချက်အလက် အရင်းအမြစ်များ

  1. Word of Mouth (တဆင့်စကား)
  2. Books (စာအုပ်)
  3. Academic Journal (ပညာရပ် ဂျာနယ်)
  4. Magazines (မဂ္ဂဇင်း)
  5. Newspaper (သတင်းစာ)
  6. Radio (ရေဒီယို)
  7. Television (ရုပ်မြင်သံကြား)
  8. Internet (အင်တာနက်) စတဲ့နေရာတွေမှ တစ်ဆင့် သတင်းအချက်အလက် အရင်းအမြစ်များကို ရရှိစေပါတယ်။ 

သတင်းအချက်အလက်ရဲ့ အရင်းအမြစ်တွေကို သေချာခွဲခြမ်းကြည့်ခြင်း 

အင်တာနက်ခေတ်မစားခင်

  • Libraries (စာကြည့်တိုက်)
  • Television (ရုပ်မြင်သံကြား)
  • Newspaper (သတင်းစာ)
  • Radio (ရေဒီယို)
  • Experts (ကျွမ်းကျင် ပညာရှင်) စတဲ့ နေရာတွေကနေမှ တဆင့် သတင်းများကို ထုတ်ယူသုံးစွဲကြပြီး

အင်တာနတ် ခေတ်စားပြီး နောက်မှာတော့ 

  • Instant messaging apps (စာပို့တဲ့ အက်ပ်)
  • Social media platform news website (ဆိုရှယ်မီဒီယာပလက်ဖောင်း သတင်းဝဘ်ဆိုဒ်) 
  • Google (ဂူဂဲ)
  • Alternative media (အခြား မီဒီယာ) တွေကနေ သတင်းအချက်အလက်များကို အင်တာနက်ရှိရုံနဲ့တင် အချိန်မရွေး နေရာမရွေး ရရှိနေတာ ဖြစ်ပါတယ်။ 

ဒါကြောင့် အင်တာနက် ခေတ်စားပြီးနောက်ပိုင်း သတင်းအချက်အလက် စီးဆင်းမှုက အရှိန်ဟုန်မြင့်လာတာကြောင့် လူတိုင်း သတင်းအချက်အလက်များကို သုံးစွဲ ဖြန့်ဝေတာတွေလည်း အချိန်နဲ့ တပြေးညီ ဖြစ်လာနေပါပြီ။ 

လူအချင်းချင်းကြား အနီးကပ်ဆုံး သတင်းအချက်အလက် ဖြန့်ဝေမှု အရင်းအမြစ်များကတော့

  • Family members (မိသားစုဝင်)
  • Friends (သူငယ်ချင်း)
  • Community leaders (ရပ်ရွာခေါင်းဆောင်)
  • Word of Mouth(တဆင့်စကား) ဖြစ်ပါတယ်။

အင်တာနက် ရရှိရုံနဲ့တင် ဆိုရှယ်မီဒီယာတွေကို အသုံးပြုနိုင်တာကြောင့် ဆိုရှယ်မီဒီယာဆိုတဲ့အရာက လူတွေ ကြိုက်နှစ်သက်တဲ့ သတင်းအချက်အလက်များလာရာ အရင်းမြစ် တစ်ခုအနေနဲ့ ဖြစ်လာနေပါပြီ။ ၂၀၂၂၊ဇန်နဝါရီရဲ့ စစ်တမ်းကောက်ချက်အရ အင်တာနက် သုံးစွဲသူ ၂၅.၂၈ မီလီယံ အသုံးပြုသူ ပမာဏရှိတဲ့ထဲ ၂၀.၇၅ မီလီယံ ကတော့ ဆိုရှယ်မီဒီယာကို အမြဲအသုံးပြုနေသူများဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာ အက်ပ်တွေထဲမှ မြန်မာနိုင်ငံအတွင်း လူသုံးစွဲမှု အများဆုံးကတော့ Facebook ဖြစ်ပြီး အသုံးပြုသူ လူဦးရေမှာတော့ ၁၉.၂၅ မီလီယံရှိနေပါပြီ။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ လူဦးရေ ၃၇.၇ ရာခိုင်နှုန်းလောက်က ဆိုရှယ်မီဒီယာ အသုံးပြုနေကြတဲ့သူများ ဖြစ်ကြပါတယ်။ 

ဆိုရှယ်မီဒီယာများအတွင်းကနေ သတင်းအချက်အလက်များကို ဖြန့်ဝေတဲ့အခါ သုံးစွဲမှု ပုံစံများကို သိထားဖို့ လိုအပ်ပါတယ်။ ဒီအရာက သုံးစွဲသူတိုင်း သတိပြု ခွဲခြားသိမြင်ထားရမယ့် ဆိုရှယ်မီဒီယာ သုံးစွဲမှုရဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ 

ဆိုရှယ်မီဒီယာ (၂) မျိုး 

ဆိုရှယ်မီဒီယာ သုံးစွဲမှုရဲ့ ရည်ရွယ်ချက်က သတင်းအချက်အလက်တွေကြား ကောင်းတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲမှု ရှိတဲ့အပြင် ဆိုးတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲမှုလည်း ရှိပါတယ်။ 

ကောင်းတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲမှုမှာဆိုရင် 

  • များပြားများ သတင်းအချက်အလက်တွေရှိတယ်။
  • ဒေသဆိုင်ရာ/ကမ္ဘာလုံးဆိုင်ရာ အချက်အလက်တွေကို မြန်မြန်ဆန်ဆန် လက်လှမ်းမှီစေတယ်။
  • နှစ်ဦးနှစ်ဖက် အဆက်အသွယ်ရှိတယ်/ နှစ်ဦးနှစ်ဖက် ဆက်သွယ်စကားပြောနိုင်တယ်။
  • ကုန်ကျစရိတ် နည်းတယ်။

စစ်မှန်တဲ့ သတင်းများကိုတော့ အများအားဖြင့် တရားဝင်တည်ရှိတဲ့ သတင်းဌာန၊ မီဒီယာတွေကနေ တစ်ဆင့် ကြားသိရမှာ ဖြစ်ပြီး သတင်းများ မထုတ်ဝေခင်မှာလည်း သတင်းထဲမှာပါရှိတဲ့ အချက်အလက်များကို စစ်ဆေးအတည်ပြုပြီးသား သတင်းအချက်အလက်များ ဖြစ်ပါတယ်။ ဒါ့အပြင် ခိုင်မာတဲ့ သတင်းဌာန၊ မီဒီယာများထဲမှ ရရှိတဲ့ သတင်းအချက်အလက်တွေအပေါ် လူအချင်းချင်း စကားနဲ့ ဖြန့်ဝေ ပြောကြားတဲ့ အခါမှာလည်း တစ်ဦးနဲ့ တစ်ဦး နားလည်မှု၊ တူညီတဲ့ ယူဆချက်များလည်း တိုးလာနိုင်တဲ့အပြင် နှစ်ဦးနှစ်ဖက်ရဲ့ ဆက်သွယ်ရေးလည်း ယုံကြည်စိတ်ချမှုနဲ့အတူ အားကောင်းလာနိုင်ပါတယ်။ 

ဆိုးတဲ့ ဆိုရှယ်မီဒီယာ သုံးစွဲမှုကတော့ 

  • မစိစစ်ထားတဲ့ သတင်းအချက်အလက်တွေဖြစ်တယ်။
  • အရည်အသွေး(quality)ကို ဆုံးဖြတ်ရခက်တယ်။
  • မှန်ကန်တိကျမှုမရှိ၊ စိတ်ခံစားမှုသက်သက်သာဖြစ်တယ်။
  • အမုန်းစကားတွေ ဖြန့်ဖို့သုံးတယ်။
  • ကျွန်ုပ်တို့ကို ကြိုးကိုင်သွားနိုင်တယ်။ (Algorithm & Filter Bubble)

ဆိုးဝါးတဲ့ သတင်းများအဖြစ် တည်ရှိနေခြင်းက သတင်းအချက်အလက်များအပေါ် စီစစ် ဆန်းစစ်တာမျိုးတွေ မရှိပဲ အပြင်က ပြောစကားများအရ သတင်းများ ကြားသိရပြီး တစ်ဦးပိုင် စိတ်သဘောထား အမြင်နဲ့ ပေါင်းစပ်ပြီး တစ်ဦးတည်း ထင်မြင်ချက် သုံးသပ်ချက်များကို ဖြန့်ဝေတဲ့ သတင်းများ ဖြစ်ပါတယ်။ တစ်ဦးတယောက်တည်းရဲ့ ထင်မြင်ချက် သုံးသပ်ချက်တွေပါဝင်တာကြောင့် သတင်းများအပေါ် အမုန်းစကားနဲ့ တရားသေ၊ ယုံကြည်မှုအစွဲတွေနဲ့ တည်ရှိနိုင်ပါတယ်။ နောက်ဆုံး ခိုင်မာမှုမရှိတဲ့ သတင်းထဲမှာ ပါဝင်တဲ့ အတွေးအခေါ်၊ ယူဆချက်တွေက သတင်းဖတ်ရှုသူရဲ့ အတွေး နဲ့ ခံစားချက်တွေထဲအထိ မခိုင်လုံတဲ့ သတင်းများက ကြိုးကိုင်သွားနိုင်ပါတယ်။ ဒါကြောင့် သတင်းများအပေါ် ရေးသားဖြန်ဝေတဲ့ အရာများက စိတ်ခံစားချက် သက်သက်သာဖြစ်ပြီး သတင်းအပေါ် အမှန်၊အမှား ခွဲခြားနိုင်ဖို့ကိုလည်း ဆုံးဖြတ်ဖို့ခက်ပါတယ်။ 

ဆိုရှယ်မီဒီယာရဲ့ အကောင်း နဲ့ အဆိုးထဲမှာ သိထားသင့်တဲ့ သတင်းများအပေါ် သုံးစွဲ၊ ဖြန့်ဝေတဲ့ ရည်ရွယ်ချက်အပြင် အသုံးပြုသူ အမျိုးအစား နဲ့ သတင်းတစ်ခုအပေါ် ထားရှိရမယ့် စိတ်ခံစားချက် သဘောထားများကို သိထားဖို့ လိုအပ်ပါတယ်။ 

Journalist (သတင်းသမား)

သတင်းသမားများက ထုတ်လွင့်မယ် သတင်းများအပေါ် အကဲဖြတ် စစ်ဆေးတာတွေ လုပ်နိုင်တဲ့သူတစ်ဦးဖြစ်ပြီး သတင်းအပေါ် ထားရှိရမယ့် ကျင့်ဝတ်တွေကိုလည်း နားလည် လိုက်နာကြတဲ့ ပညာရှင်များဖြစ်ကြပါတယ်။

ဒါကြောင့် သတင်းတစ်ခုအပေါ် သတင်းသမားများ လုပ်ဆောင်နိုင်တဲ့ အရာများကတော့ 

  • အမှန်တရားကို သိရှိပြီး သတင်းပို့ဖို့ လေ့ကျင့်ထားသော ပညာရှင်တစ်ဦး။
  • အချက်အလက်တွေပေါ်အခြေခံပြီး သတင်းပို့တင်ဆက်တယ်၊ မထုတ်ဝေခင်မှာလဲ မူလအရင်းမြစ်တွေနဲ့ သတင်းအချက်အလက်တွေကို အကြိမ်ကြိမ်တိုက်ဆိုင်စစ်ဆေးတယ်
  • သတင်းပို့တင်ဆက်မှုတွေက ဟန်ချက်ညီအောင် လုပ်ပေးတဲ့ တည်းဖြတ်သူ(အယ်ဒီတာ) တစ်ယောက်ရှိတယ်။
  • သတင်းသမားတစ်ယောက်ရဲ့ ကျင့်ဝတ်တွေကို လိုက်နာတယ်။
  • အသရေဖျက်မှု/ဂုဏ်သိက္ခာကျဆင်းစေမှု တွေအတွက် သူ့ကို တရားစွဲဆိုနိုင်တယ်။ 

Influencer (လွှမ်းမိုးမှုရှိသူ)

ဆိုရှယ်မီဒီယာအပေါ် လွှမ်းမိုးမှုရှိသူများကတော့ လူတစ်ဦးလည်းဖြစ်နိုင်သလို၊ စီးပွါးရေးတစ်ခုခုလည်း ဖြစ်နိုင်ပါတယ်။ သတင်းအချက်အလက်များကို လွတ်လပ်တဲ့ အတွေးအခေါ် အယူအဆတွေ နဲ့အတူ ဖြန့်ဝေကြပါတယ်။ ဖြန့်ဝေလိုက်တဲ့ သတင်းရဲ့ စီးဆင်းမှုက လွှမ်းမိုးမှုရှိတဲ့ လူ (ဒါမှမဟုတ်) စီးပွားရေးတစ်ခုရဲ့ ပစ်မှတ် လူအုပ်စုအတွက်ကိုသာ ရည်ရွယ် ဖြန့်ဝေတဲ့ အရာများဖြစ်ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်တွေကတော့ 

  • သူ့ကို followလုပ်ထားတဲ့ လူတစ်စုရဲ့ ဝယ်ယူမှုအတွက် ဆုံးဖြတ်ချက်တွေအပေါ် သက်ရောက်မှုရှိတဲ့(သို့) ဩဇာအာဏာရှိတဲ့ လူတစ်ယောက်။
  • သူ့ရဲ့ ကိုယ်ပိုင်အတွေးအခေါ် စိတ်ဝင်စားမှုအပေါ် အခြေခံပြီးဖြစ်စေ၊ ထိတွေ့နေတဲ့ ပရိသတ်ရဲ့ လိုလားချက်အပေါ်မူတည်းပြီးဖြစ်စေ မစိစစ်ထားတဲ့ အကြောင်းအရာတွေကို ပြုလုပ်တယ်။
  • ဈေးကွက်ရှာဖွေရေးနဲ့ အရောင်းပစ်မှတ်တွေ ရောက်နိုင်ဖို့ အမှတ်တံဆိပ်တွေနဲ့ ကုမ္ပဏီတွေက (နာမည်မကြီးတဲ့ influencer ဖြစ်ရင်တောင်မှ) သူတို့ကို အလုပ်ခန့်လေ့ရှိကြတယ်။
  • သတင်းအချက်အလက်တွေက ကိုယ်ပိုင်အတွေ့ကြုံ (သို့) ကိုယ်ပိုင်ထင်မြင်ယူဆချက်တွေအပေါ် အခြေခံလေ့ရှိတယ်။
  • လူတိုင်းကတော့ influencer တစ်ယောက် ဖြစ်နိုင်ပါတယ်။

Fact (အချက်)

ရွေးချယ်ထားတဲ့ သတင်းများကို ဖြန့်ဝေတဲ့အခါ သတင်းထဲမှာ ပါရှိတဲ့ အချက်အလက်များအပေါ် ခိုင်လုံနဲ့ သက်သေများ နဲ့ တိကျတဲ့ ကိုကားချက်များ ပါဝင်ဖို့ လိုပါတယ်။ ဒါမှသာ သတင်းများကို လက်ခံရှိသူများအတွက် သတင်းအပေါ် နားလည်သဘောပေါက်ပြီး ဆင်ခြေသုံးသပ်နိုင်တဲ့ အကျိုးရလဒ်များ ရရှိမှာ ဖြစ်ပါတယ်။ သတင်းများ ဖြန့်ဝေတဲ့အခါ အချက်အလက်များအပေါ် သိထားရမယ့်အရာများကတော့ 

  • အချက်အလက်တစ်ခုဆိုတာက သက်သေအထောက်အထားကို အသုံးပြုခြင်းဖြင့် မှန်ကန်ကြောင်းကို အတည်ပြုသက်သေပြနိုင်တဲ့ ထုတ်ပြန်ချက်တစ်ခု၊ 
  • အဖြစ်မှန်ဖော်ပြချက်တွေက ကိစ္စရပ်တိုင်းမှာသာမက လူအားလုံးအတွက်ပါ မှန်ကန်ပါတယ်။
  • အချက်အလက်(အဖြစ်မှန်)တွေက universal ဖြစ်တယ်။

Opinion (ထင်မြင်ယူဆချက်/သဘောအမြင်)

အချိန်တိုင်း စက္ကန့်တိုင်းမှာ လူတွေက စိတ်ခံစားချက်ပေါင်း မြောက်များစွာကို ပြောင်းလဲ ခံစားကြရပါတယ်။ အကြောင်းအရာမျိုးမျိုး နဲ့ ယုံကြည်မှု အများအပြား ရှိတဲ့အတွက် သတင်းအကြောင်းအရာများအပေါ် စိတ်ခံစားချက်နဲ့ ပေါင်းစပ်ပြီး ထင်မြင်သုံးသပ်ချက်များနဲ့ အမြင်များကို ဆိုရှယ်မီဒီယာအပေါ် ဒါမှမဟုတ် လူအချင်းအချင်း ဆက်သွယ်ပြောဆိုပြီး သတင်းများကို မျှဝေကြပါတယ်။ မျှဝေလိုက်တဲ့ သတင်းရဲ့ ဂုဏ်သတ္တိများကတော့ 

  • ထင်မြင်ချက်တစ်ခုက ယုံကြည်ချက်၊ စိတ်နေသဘောထား၊ တန်ဖိုး၊ စီရင်ဆုံးဖြတ်ခြင်း သို့မဟုတ် စိတ်ခံစားချက်ကို ဖော်ပြနိုင်တယ်။ သက်သေအထောက်အထားတော့ မရှိပါဘူး။
  • ထင်မြင်ချက်တွေက ငြင်းခုံစရာပါ။
  • လူတစ်ယောက်က သဘောထားအမြင်တစ်ခုကို သဘောတူနိုင်သည် သို့မဟုတ် သဘောမတူနိုင်ဘူး။

ဒါကြောင့် နေ့စဥ် နေ့တိုင်းမှာ ကြားရ သိရ မြင်ရတဲ့ သတင်းအချက်အလက်တိုင်းက အရှိန်အဟုန်နဲ့ စီးဆင်းနေပါတယ်။ ဆိုရှယ်မီဒီယာ သို့မဟုတ် လူအချင်းချင်းကြားကနေမှ သတင်းအချက်အလက်များအပေါ် ယုံကြည်လက်ခံမှု နဲ့ ထင်မြင်ယူဆချက်များကို စနစ်တကျ ဆန်းစစ်တတ်ဖို့ လိုအပ်ပါတယ်။ နောက်ပြီး သတင်းများကို ပြန်လည် မျှဝေတဲ့အခါမျိုးတွေမှာလည်း သတင်းရဲ့ အရင်းအမြစ်များကို စစ်ဆေးကြည့်ဖို့ ဦးစွာလိုအပ်ပါတယ်။ ဒါမှသာ ပြန်လည်မျှဝေမယ့် သတင်းများကို မျှဝေသင့် မမျှဝေသင့် ဆုံးဖြတ်နိုင်ပြီး မျှဝေလိုက်တဲ့ သတင်းများကလည်း တိကျသေချာတဲ့ အချက်အလက်များ ပါဝင်နေမှာ ဖြစ်ပါတယ်။