စာနာမှု ( Empathy ) ဆိုတာဘာလဲ။
စာနာမှု ( Empathy ) ဆိုတာ တခြားသူတစ်ယောက်၏ ခံစားချက်များ၊ အတွေးအခေါ်များ၊ အခက်အခဲများ၊ အဖြစ်အပျက်များကို ကိုယ်ကိုယ်တိုင် မြင်ရ၊ ကြုံရ၊ ဖြစ်ပျက်ခံစားခဲ့ရသကဲ့သို့ စာနာနားလည်ခံစားပေးနိုင်သည့် စိတ်စွမ်းရည် ကိုဆိုလိုပါသည်။ သို့တည်းသာမက ကိုယ်ကိုတိုင် ဝင်ရောက်ကူညီရိုင်းပင်းတတ်သည်အထိ စာနာမှုသဘောထားကြီးမားတတ်ပါသည်။
Sympathy နှင့် Empathy တို့၏ကွာခြားချက်
- Sympathy နှင့် Empathy တို့၏ သဘောတရားကို တော်တော်များများက တူညီကြသည်ဟု ထင်မြင်ယူဆလေ့ရှိကြပါသည်။ သို့သော်လည်း အမှန်တကယ်တွင်မူ သိသာစွာ ကွဲပြားနေ၏။
- Sympathy ဆိုသည်မှာကား Empathy ကဲ့သို့ တစ်ခြားသူတစ်ယောက် ဖြစ်ပျက်ခံစားနေရသော အခက်အခဲ၊ ပြဿနာများကို ကိုယ်တိုင်ဖြစ်ပျက်ခဲ့ရသကဲ့သို့ စာနာ၊နားလည်ပေးခြင်း၊ ကူညီထောက်ပံ့ပေးခြင်းမျိုး မဟုတ်ဘဲ အပေါ်ယံ ဝမ်းနည်းကြောင်းပြသည့် သဘောသပ်သပ်ကို ဆိုလိုပါသည်။
- တစ်နည်းအားဖြင့် ဆိုရသော် Sympathyသည် သူတစ်ပါး၏ ခံစားချက်၊ ပူဆွေးမှုများကို ကိုယ့်အမြင်ဖြင့်သာ ကြည့်ရှု ဝမ်းနည်းပေးပြီး Empathy မှာကား သူတစ်ပါး၏ အမြင်ကိုပါ သိမြင်နိုင်အောင်၊ ခံစားနိုင်အောင်၊ အထောက်အကူပြုနိုင်အောင် ရှုမြင်ပေးနိုင်ခြင်း ဖြစ်ပါသည်။
စာနာမှု (Empathy)ကို အဓိအားဖြင့် (၃)မျိုး ခွဲခြားနိုင်ပါသည်။
( ၁ ) Cognitive Empathy
( ၂ ) Emotional Empathy
( ၃ ) Compassionate Empathy
( ၁ ) Cognitive Empathy
- Cognitive Empathy ဆိုသည်မှာ တခြားသူတစ်ယောက်၏ စိတ်ခံစားချက်များ ၊အမြင်များ၊ အခက်အခဲများကို တွေးတောသိမြင်ပေးနိုင်ခြင်း၊ စာနာနားလည်ပေးနိုင်ခြင်း ကိုဆိုလိုပါသည်။ တစ်နည်းအားဖြင့် “Perspective Taking” ဟု ခေါ်ဆိုကြပါသည်။
- Cognitive Empathy ရှိသူတို့သည် တခြားသူတစ်ယောက်၏နေရာတွင် ဝင်ရောက်ပြီး သူတွေးသလို၊ သူမြင်သလို တွေးနိုင် မြင်နိုင်သည့် စိတ်စွမ်းရည်ရှိကြပါသည်။
( ဥပမာ _ ဆွေးနွေးညှိနှိုင်းကြသည့်အခါ၊ ငြင်းခုံကြသည့်အခါတွင် ကိုယ့်အမြင်ကသာလျှင် အမှန်ဖြစ်သည်ဟု တရားသေစွဲကိုင်မထားဘဲ တခြားသူတစ်ယောက်၏နေရာမှ နေ၍လည်း ဝင်ပြီးမြင်အောင် ကြည့်ပေးနိုင်သည်၊ နားလည်ပေးနိုင်သည်၊ စာနာပေးနိုင်သည်၊ ကိုဆိုလိုပါသည်။ )
- ဤနေရာတွင် အထူးသတိပြုသင့်သည့်အချက်တစ်ချက်မှာ Cognitive Empathy ရှိသူတို့သည် သူတစ်ပါး၏ အခက်အခဲများကို မျှဝေခံစားတာထက် သူတစ်ပါးတွေးသည့်၊ ခံစားသည့်အရာများကို သိမြင်ပေးနိုင်သည်၊ မျှဝေတွေးခေါ်ပေးနိုင်သည်ကို ပို၍ဆိုလိုပါသည်။
( ၂ ) Emotional Empathy
- Emotional Empathy ဆိုသည်မှာ သူတစ်ပါး၏နေရာတွင် ဝင်ရောက်ခံစားပေးနိုင်သည့် စိတ်စွမ်းရည်မျိုးရှိခြင်းကို ဆိုလိုပါသည်။
- တစ်နည်းအားဖြင့် Emotional Empathy ကို “Emotional Contagion” ဟုလည်း ခေါ်ဆိုနိုင်ပါသည်။ ကိုယ့်ရဲ့တစ်ကိုယ်ရည် ဖိစီးခံစားရမှုမျိုး၊စိတ်ခံစားမှုအချင်းချင်း ကူးစက်တာမျိုးကို ပြောဆိုခြင်းဖြစ်၏။
( ဥပမာ – ရုပ်ရှင်ကြည့်သည့်အခါ ဝမ်းနည်းစရာဇာတ်ဝင်ခန်းပါလျှင် လိုက်ငိုမိသည်မျိုး၊ မတရားအလုပ်ခံရသည့် ဇာတ်ဝင်ခန်းပါလျှင် စိတ်ထဲမှ အလိုလိုဒေါသထွက်မိလာသည်မျိုးမှာ Emotional Empathy အလွန်အားကောင်းလို့ပင် ဖြစ်ပါသည်။ )
- Cognitive Empathy နှင့်မတူသည်မှာ Emotional Empathy သည် ကိုယ်၏ အမြင်ဖြင့် သိမြင်ပေးနိုင်တာထက် ကိုယ်၏ စိတ်ခံစားချက်အားဖြင့် ပိုပြီးမျှဝေခံစားပေးနိုင်ခြင်းဖြစ်ပါသည်။
- Emotional Empathy ကို လူသားများ၏ ပထမဦးဆုံးသော ဖြစ်ပေါ်လာသည့် Empathy အမျိုးအစားဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပါသည်။ ( အကြောင်းမှာ မိခင်နဲ့ကလေးကြားတွင် Emotional Empathy ကို သိသိသာသာ ထင်ထင်ရှားရှားဦးစွာ မြင်တွေ့နိုင်လို့ပင် ဖြစ်ပါသည်။ အမေဖြစ်သူက ပြုံးပြသည့်အခါ ကလေးကလည်း ပြန်ပြီးပြုံးပြသည်မျိုး၊ အမေက ငိုသည့်အခါ ကလေးကပါ လိုက်ပြီး ငိုသည်မျိုးသည် Emotional Empathy ၏ သိသာထင်ရှားသည့် အစဦးဆုံးသော ဥပမာတစ်ရပ်ဖြစ်ပါသည်။ )
- Emotional Empathy ၏ ကောင်းသည့်အချက်သည် သူတစ်ပါး၏ ခံစားချက်များကို သေသေချာချာ ခံစားသိမြင်စေနိုင်သည့်အတွက် သူတို့အတွက် ပို၍သင့်လျော်သော၊ လိုအပ်နေသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ပိုပြီး သင့်တော်စွာ ပေးစွမ်းစေနိုင်ပါသည်။ အထူးသဖြင့် ဆရာဝန်များ၊ သူနာပြုများသည် လူနာများအပေါ်တွင် Emotional Empathy ရှိဖို့ အလွန်အရေးကြီးပါသည်။
( ၃ ) Compassionate Empathy
- Compassionate Empathy ဆိုသည်မှာ တခြားတစ်ယောက်၏ နေရာမှ ဝင်ရောက်ခံစားပေးပြီး ခံစားနေရသည့် ဝေဒနာများကို သက်သာဖို့ရန် ဝင်ရောက်ကူညီပေးသည့်အထိ ပါဝင်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
- တစ်ခြားသူတစ်ယောက် ခံစားနေရသည်များကို သိမြင်နားလည်ပေးသည်မျိုး (Cognitive Empathy)၊ မျှဝေခံစားပေးသည်မျိုး (Emotional Empathy) တွေထက် သူခံစားနေရတာတွေ လျှော့ပါးသက်သာသွားအောင် စိတ်ရောကိုယ်ပါ လုပ်ဆောင်ပေးလိုက်သည်မျိုးကို Compassionate Empathy ဟုခေါ်ပါသည်။
( ဥပမာ _ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က အနိုင်ကျင့်ခံနေရသည့်အခါ အဲ့ဒီသူဘက်ကနေ ရပ်တည်ပေးပြီး သူ့အတွက် ကူညီပေးတာမျိုး ဖြစ်ပါသည်။)
- Compassionate Empathy သည် လူတိုင်းထားနိုင်ဖို့ ခက်ခဲသလို အမြဲထားနိုင်ဖို့လည်း မလွယ်ကူလှပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်အနေဖြင့် တခြားသူတစ်ယောက်၏ ဆင်းရဲဒုက္ခတွေ၊ နာကျင်မှုတွေကို အမြဲတမ်းမျှဝေခံစားပြီး ကုသပေးဖို့ မဖြစ်နိုင်လို့ပင် ဖြစ်ပါသည်။
** လူတိုင်းတွင် ဤ Empathy သုံးမျိုးစလုံးရှိနိုင်သကဲ့သို့ မရှိတာနိုင်မျိုးလည်း ဖြစ်နိုင်ပါသည်။
စာနာမှုစိတ်ထားအားကောင်းအောင် မွေးမြူခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများမှာ အောက်ပါအတိုင်း ဖြစ်၏။
- တစ်ပါးသူအား ဂရုဏာရှေ့ပြုကာ ကူညီရိုင်းပင်းလိုစိတ် မြင့်မားလာခြင်း။
- ပေါင်းသင်းဆက်ဆံရေး အဆင်ပြေပြီး ပိုပြီးတည်မြဲနက်ရှိုင်းသော ဆက်ဆံရေးတစ်ခုကို အောင်မြင်စွာ တည်ဆောက်နိုင်ခြင်း။ ( The Greater Good Science Center )
- လုပ်ငန်းခွင်၊ လူမှုရေးပိုင်းတွင်လည်း ခေါင်းဆောင်နိုင်မှုစွမ်းရည် တိုးတက်လာကာ ဦးဆောင်ဦးရွက်မှုပြုနိုင်ခြင်း။ အများကချစ်ခင်၊ လေးစားခြင်း။
- ခွင့်လွတ်တတ်သော စိတ်ထားကို မြင့်မားစေကာ ပြဿနာ၊ ပဋိပက္ခများ ပေါ်ပေါက်လာပါကလည်း တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ ဖြေရှင်းနိုင်ခြင်း။
- ပိုမိုကောင်းမွန်ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်း၊ အပြန်အလှန် ပျော်ရွှင်မှုဝေငှပေးနိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်ထောင်နိုင်ခြင်း။
Motivation (စိတ်အားတက်ကြွမှု၊ စိတ်လှုံ့ဆော်မှု)
Motivation (စိတ်အားတက်ကြွမှု၊ စိတ်လှုံ့ဆော်မှု) ဆိုသည်မှာ မိမိ၏ဦးတည်ရာ ပန်းတိုင်အရပ်သို့ရောက်ရှိရန် အဓိကလိုအပ်သော စိတ်အားထက်သန်မှုကို ပေးစွမ်းပေးသည့် စိတ်၏တွန်းအားတစ်ရပ် ဖြစ်ပါသည်။ စိတ်ဆန္ဒ၏ မောင်းနှင်အားဖြစ်ပါသည်။
ဤစိတ်၏ လှုံ့ဆော်မှု၊ တွန်းအားပေးမှုကြောင့်သာလျှင် ကျွန်ုပ်တို့၏နေ့ရက်စဥ်တိုင်းလှုပ်ရှားသွားလာရာ၌ စိတ်ဓါတ်ခွန်အားအပြည့်ဖြင့် လုပ်ငန်းဆောင်တာများ ပြုလုပ်နိုင်သည်ဖြစ်၍ စိတ်လှုံ့ဆော်မှု မရှိလျှင်ကား အလွယ်ဆုံးသော အမှုကိစ္စကိုပင် ထမ်းရွက်နိုင်ဖို့ အခက်ကြုံနိုင်၊ မဖြစ်နိုင် ဖြစ်တတ်ပါသည်။ ထို့အပြင် စိတ်ဓါတ်ကျမှု ဝေဒနာနှင့် ရင်ဆိုင်ရတတ်ပြီး အဆုံးတွင် ကိုယ့်၏ ရည်မှန်းချက်၊ ပန်းတိုင်များ ပျောက်ဆုံးကာ လောကအလယ် လေလွင့်ပျောက်ဆုံးနေတတ်ပါသည်။
လူတစ်ယောက်၏စိတ်ကို ထိုသူ၏အတွင်းစိတ်ဗီဇနှင့် အပြင်ဘက်ပတ်ဝန်းကျင်တို့မှ လွှမ်းမိုးချုပ်ကိုင်နိုင်သလို စိတ်အားတက်ကြွမှုကိုလည်း အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ လွမ်းမိုးချုပ်ကိုင်နိုင်ပါသည်။ ယင်းတို့မှာအောက်ပါအတိုင်းဖြစ်၏။
( ၁ ) Intrinsic Motivator ( အတွင်းပိုင်းမှ လှုံ့ဆော်မှု )
( ၂ ) Extrinsic Motivator ( အပြင်ပိုင်းမှ လှုံ့ဆော်မှု )
( ၁ ) Intrinsic Motivator ( အတွင်းပိုင်းမှ လှုံ့ဆော်မှု )
- Intrinsic Motivator ဆိုသည်မှာ စိတ်အတွင်းပိုင်းမှ အတွင်းစိတ်ဗီဇကြောင့်ဖြစ်စေ၊ မူလ ပင်ရင်းစိတ်ထား၊ အပြုအမူကြောင့်ဖြစ်စေ သူ့အလိုလို လှုံ့ဆော်ပေးနေသော စိတ်၏အတွင်းပိုင်း လှုံ့ဆော်မှုကို ဆိုလိုပါသည်။
( ဥပမာ – Gym ဆော့လေ့ရှိသော သူသည် Gym ဆော့လျှင့် သူ့အလိုလို ပျော်မွေ့ခြင်းကြောင့်၊ ဝါသနာပါသောကြောင့် အမြဲဆော့လေ့ရှိပါသည်။ Gym မဆော့လျှင်မနေနိုင်၊ Gym ဆော့ပြီးမှသာလျှင် ပျော်ရွှင်သည်၊ လန်းဆန်းသည်၊ တစ်ခုခု ပြီးမြောက်သည်ဟု ခံစားရခြင်း တို့ကြောင့် နေ့ဓဒူဝတွင် အမြဲပြုလုပ်လျက်ရှိပါသည်။ ဤသည်မှာ စိတ်၏အတွင်းပိုင်းမှ လှုံ့ဆော်မှုပေးသည်ကို ဖော်ပြသော ဥပမာတစ်ရပ် ဖြစ်ပါသည်။ )
( ၂ ) Extrinsic Motivator ( အပြင်ပိုင်းမှ လှုံ့ဆော်မှု )
- Extrinsic Motivator ဆိုသည်မှာကား အပြင်ပိုင်းမှ အသိအမှတ်ပြုမှု၊ ကျော်ကြားမှု၊ ငွေကြေး၊ ဆုကြေး စသည့် အပြင်ပိုင်းလှုံ့ဆော်မှုများမှ တွန်းအားပေးသောအရာ ကိုဆိုလိုပါသည်။
( ဥပမာ – စာမေးပွဲ၌ အမှတ်နည်းသောသူတစ်ယောက်သည် နောက်စာမေးပွဲ၌ အမှတ်များလျှင် မိဘများမှ ဆုပေးမည်ဟု ဆိုသောကြောင့် စာကြိုးစားခြင်းသည် ဆုပေးမည်ဟု ဆိုသော Extrinsic Motivator ကြောင့် အမှတ်များအောင် ကြိုးစားခြင်းဖြစ်ပါသည်။ )
စိတ်ကုထုံးပညာရှင် Victor Vroom ၏ သုတေသနရှာဖွေတွေ့ရှိချက်များအရ Extrinsic Motivatorတွင် အစိတ်အပိုင်း သုံးမျိုးရှိကြောင်းဆိုထားပါသည်။ ပထမဦးဆုံးမှာ ကိုယ်၏ကြိုးစားအားထုတ်မှုသည် ကိုယ့်၏ စွမ်းဆောင်ရည်ကို တိုးတက်စေလိမ့်မည်ဟု မျှော်လင့်ခြင်း၊ ဒုတိယမှာ ကိုယ့်၏ ကောင်းမွန်သောစွမ်းဆောင်ရည်ကို တစ်စုံတစ်ယောက်မှ သတိပြုမိ၍ ချီးမွမ်းခြင်း၊ ဆုကြေးပေးခြင်း၊ တတိယမှာမူ ကတိပြုထားသည့်အတိုင်း လုပ်ဆောင်ရခြင်း၊ ဆုကြေးရခြင်း တို့ ဖြစ်ပါသည်။ ဤသည်တို့မှာ Extrinsic Motivator ဖြစ်စေသော တွန်းအား အစိတ်အပိုင်းတို့ ဖြစ်ပါသည်။
အမှန်တကယ်တွင် လူ၏စိတ်ဆိုသည်မှာ အမြဲတက်ကြွမနေနိုင်ပါ။ လူတစ်ယောက်၏ နေ့စဉ်ဘဝတွင် ခက်ခဲပင်ပန်းသော အလုပ်တွေသာမက သာမန်နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်ပါ လုပ်ဆောင်နိုင်ရန် Motivation အမြဲလိုအပ်ပါသည်။
သို့မဟုတ်လျှင် အရာရာကို ပျင်းရိငြီးငွေ့ပြီး ဘယ်အရာကိုမျှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေပါလိမ့်မည်။
Motivation ( စိတ်အားတတ်ကြွမှု၊ စိတ်လှုံ့ဆော်မှု ) ကို ဖြစ်ပေါ်စေသော နည်းလမ်း ( ၆ )သွယ် မှာ အောက်ပါအတိုင်း ဖြစ်၏။
( ‘6’ Powerful Ways to Increase Self-Motivation )
( ၁ ) လွယ်ကူရှင်းလင်းသည့် နည်းလမ်းများဖြင့် စိတ်ခွန်အား မြှင့်တင်ခြင်း။
( ဥပမာ – သင့်ကို စိတ်ခွန်အား မဖြစ်စေနိုင်သည့် အရာများ၊ သင်၏ အချိန်တွေကို အလဟသ ကုန်စေနိုင်မည့် အရာများကို စိတ်ထဲမှ ဖယ်ရှားပစ်ခြင်း ဖြစ်ပါသည်။ )
( ၂ ) အောင်မြင်မှုကိုသာလျှင် အာရုံစိုက်ခြင်း။
( ဥပမာ – သင်၏ အနာဂတ်၊ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ထွန်းလာစေနိုင်သည့် အောင်မြင်မှုများကိုသာလျှင် တစ်စိုက်မတ်မတ် အာရုံစိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် အရှုံးနှင့် ရင်ဆိုင်နေရသော်လည်း အလျှော့မပေးဘဲ တရွေ့ရွေ့ ကြိုးစားလုပ်ဆောင်ခြင်းသည် စိတ်အားတတ်ကြွမှုကို ဖြစ်ပေါ်စေနိုင်ပါသည်။ )
( ၃ ) အမှန်တကယ် ဖြစ်မြောက်နိုင်မည့် သေးငယ်၊ကျစ်လစ်သော ရည်မှန်းချက်များ ထားရှိခြင်း။
( ဥပမာ – “ငါ ဒီနေ့ အခန်းသန့်ရှင်းရေး လုပ်ပြီးရမည်” ဟု သေးငယ်၊ ကျစ်လစ်သော Goal တစ်ခုထားပြီး ပြီးမြောက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကြီးမားသော Goals များစွာထားပြီး အားလုံးကို ထမ်းရွက်နေရခြင်းသည် ကိုယ်၏ စိတ်အားထက်တန်မှုကို လွမ်းမိုးကျဆင်းစေနိုင်ပါသည်။ ထို့ကြောင့် ကိုယ်လုပ်နိုင်သော၊ သေးငယ်ကျစ်လစ်သော ရည်မှန်းချက်ကို ဦးစွာချမှတ်ပြီး လုပ်ဆောင်နိုင်ခြင်းက စိတ်ကြွတတ်ကြွမှုအားကို ကောင်းမွန်ထက်တန်စေနိုင်ပါသည်။ )
( ၄ ) ရယူခြင်းမှ ပေးဆပ်ခြင်းဆီသို့ ပြောင်းလဲခြင်း။
( သင်၏ ပျော်ရွှင်မှု၊ သင့်အနာဂတ်များသည် သင်နှင့်သာ သက်ဆိုင်ပါသည်။ အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါ။ လူတိုင်းသည်လည်း သင့်ကိုချစ်ခင်ပေးရမည်၊ နားလည်ပေးရမည်၊ ကူညီပေးရမည်ဟု တွေးနေမည့်စား၊ တစ်ပါးသူဆီမှ သင်လိုချင်သော အရာများကို တောင်းယူမည့် အစား သင့်ဘက်မှ စ၍ပေးလိုက်ခြင်းသည် စိတ်ခွန်အားအပြင် စိတ်၏ အေးချမ်းမှုကိုပါ ရရှိစေနိုင်ပါသည်။ )
( ၅ ) အကျင့်ကောင်းများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း။
( ဥပမာ – စာဖတ်ခြင်း၊ ကိုယ်လက်လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကျန်းမာသော စာသောက်မှုပုံစံ၊ အနေအထိုင်သို့ ပြောင်းလဲခြင်း တို့ဖြစ်ပါသည်။ ထို အကျင့်ကောင်းများသည် သင်နှင့် အသားကျလာသည့်အခါ သင့်ကို စိတ်ခွန်အား ရရှိစေနိုင်ပါလိမ့်မည်။ )
( ၆ ) ကျေးဇူးတင်စကားပြောခြင်း။
( ဘာရယ်မဟုတ် မုန့်ဆိုင်တွင် မုန့်သွားဝယ်တာပင် ဖြစ်သော်လည်း မုန့်ဆိုင်မှ အဒေါ်ကြီးကို ဆိုင်မှထွက်ခါနီး “ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်ခြင်းက စိတ်အားတတ်ကြွမှု၊ စိတ်ကျေနပ်မှုကို ရရှိစေနိုင်ပါသည်။ )
References