စာဖတ်ရန်ကြာချိန် ၅ မိနစ်
စိတ်ဖိစီးမှု ဆိုတာဘာလဲ။
ဇီဝကမ္မဗေဒဘာသာရပ်(Physiology)အရ စိတ်ဖိစီးမှုဆိုသည်မှာ အာရုံကြောအဖွဲ့အစည်းအင်္ဂါရပ်များမှ ဟိုမုန်းများ (Adrenaline, cortisol) ထုတ်လွတ်ခြင်းအားဖြင့် ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများ (Stressors) အစရှိသည့် ရုတ်တရက်ဖြစ်လာသော၊ ဖြစ်မြဲဖြစ်နေသော၊ နောင်ဖြစ်လာမည်ဖြစ်သော အခက်အခဲများကို ခန္ဓာကိုယ်မှ ရုတ်တရက်တုံ့ပြန်ပေးနိုင်ရန်၊ အန္တရာယ်မှ ကာကွယ်ပေးနိုင်ရန် သဘာဝတရားမှ ဖန်တီးပေးသည့် ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်ချက်တစ်ခုဖြစ်ပါသည်။
ရှေးခေတ်အခါက တောတွင်းအမဲလိုက်ဘဝတွင် လူသားများအတွက် နေ့ဓဒူဝကိစ္စများသည်ပင်လျှင် အသက်အန္တရာယ်များလှသည်။ စိန်ခေါ်မှုများလှသည်။ ခြိမ်းခြောက်မှုများလှသည်။ အခက်အခဲများလှပါသည်။ ထိုစဥ် ထိုအရာများကို အဆင်သင့်ရင်ဆိုင်တုံ့ပြန်ကျော်လွားနိုင်ရန် သတိအနေအထားအဖြစ် ရှိစေသည်မှာလည်း စိတ်ဖိစီးမှုဟူသည့်ဇီဝကမ္မလုပ်ဆောင်ချက်ကြောင့် ဖြစ်ပါသည်။ စိတ်ဖိစီးမှုဖြစ်လာလျှင် နှလုံးခုန်နှုန်းမြန်လာသည်၊ အသက်ရှုမြန်လာသည်၊ ကြွက်သားများတင်းမာလာသည်။ ဤသည်မှာ လူ့ခန္ဓာကိုယ်မှ ခြိမ်းခြောက်မှုများ၊ စိန်ခေါ်မှုများကို အဆင်သင့်တုံ့ပြန်နိုင်ရန် ပြောင်းလဲပေးခြင်းဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဖိစီးမှုဆိုသည်ကို ရှေးခေတ်အခါက အသက်ရှင်သန်ဖို့ရာအတွက် ကူညီပေးသော ဇီဝကမ္မလုပ်ဆောင်ချက် (Survival mechanism) အဖြစ် ခေါ်ဆိုကြပါသည်။ သို့ရာတွင်မူ နောက်ပိုင်းလေ့လာချက်များအရ စိတ်ဖိစီးမှုသည် လူ့ခန္ဓာကိုယ်ဇီဝကမ္မအပေါ် အမျိုးမျိုးပြောင်းလဲသက်ရောက်မှုရှိကြောင်း တွေ့ရှိခဲ့ရပါသည်။
စိတ်ဖိစီးမှု အမျိုးအစား ( ၂ )မျိုးရှိပါသည်။ ယင်းတို့မှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) Healthy Stress/ Eustress
( ၂ ) Unhealthy Stress/ Distress
( ၁ ) Healthy Stress/ Eustress
Healthy Stress/ Eustress ဆိုသည်မှာ စိတ်ပိုင်းဆိုင်ရာ တွေးတောမှု၊ ခံစားမှုတွင်ဖြစ်စေ၊ ရုပ်ပိုင်းဆိုင်ရာ အပြုအမူ၊ အနေအထိုင်များတွင်ဖြစ်စေ ကျွန်ပ်တို့အတွက် အကျိုးဖြစ်ထွန်းစေသော၊ ဖွံ့ဖြိုးတိုးတက်စေသော စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပါသည်။ ယင်းစိတ်ဖိစီးမှုအမျိုးအစားသည် အချိန်ကာလအားဖြင့်တိုတောင်းသည်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ယင်းစိတ်ဖိစီးမှုဒဏ်ကို စီမံထိန်းချုပ်နိုင်ရုံသာမက အမှန်တကယ်ကြုံတွေ့လာရလျှင်ပင် ရင်ဆိုင်ဖြတ်သန်းဖို့ စိတ်အားထက်သန်နေလေ့ရှိပါသည်။
ဥပမာ – တစ်ကိုယ်တည်း ခရီးသွားခြင်း၊ အလုပ်သစ်တစ်ခုကိုစတင်ခြင်း၊ လှုပ်ရှားမှုများသော လေ့ကျင့်ခန်းများကို ပုံမှန်ပြုလုပ်ခြင်း၊ စာများကိုကြိုတင်လေ့လာမှတ်သားပြီး စာမေးပွဲခန်းသို့ဝင်ခြင်း၊ စိန်ခေါ်မှုများသော်လည်း ကိုယ့်အတွက်လိုအပ်သည့်အရာကို ဖြည့်ဆည်းပေးနိုင်သော စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ မတူကွဲပြားသည့် ပတ်ဝန်းကျင်သို့ ရွေ့ပြောင်းအခြေချနေထိုင်ခြင်း၊ အစရှိသည့်ဖြစ်ရပ်များတွင် Eustress ကိုခံစားရလေ့ရှိပါသည်။
( ၂ ) Unhealthy Stress/ Distress
Unhealthy Stress/ Distress ဆိုသည်မှာ စိတ်ဖိစီးမှုဒဏ်ကို အချိန်ကာလအားဖြင့်ကြာမြင့်စွာ၊ ထပ်ခါထပ်ခါ ကြုံတွေ့ခံစားလာရာမှ ကိုယ်၏ သိရှိခံစားမှု၊ တွေးတောဆင်ခြင်မှု၊ အပြုအမူများ၊ အနေအထိုင်များ၊ အဆိုးဘက်သို့ တရွေ့ရွေ့ယိန်းယိုင်ပြောင်းလဲလာပြီး မနှစ်မြို့ဖွယ်နေမထိ၊ထိုင်မသာ အခြေအနေထိဖြစ်လာစေနိုင်သည့် စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပါသည်။ ဤ စိတ်ဖိစီးမှုအမျိုးအစားသည် စိတ်ဖိစီးမှု အမျိုးအစား( ၂ ) မျိုးမှ ပို၍ဆိုးရွားသော စိတ်ဖိစီးမှုအမျိုးအစားဖြစ်ပြီး ကိုယ့်၏ ခံစားချက်များကိုပြောင်းလဲသွားစေရုံသာမကဘဲ ဘေးပတ်ဝန်းကျင်အပေါ် ကိုယ်၏ပြုမူပုံ၊ နေ့ဓဒူဝ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ပုံတို့ကိုပါ ပြောင်းလဲသွားစေနိုင်သည်။ ခက်ခဲသွားစေနိုင်သည်။ ထိခိုက်သွားစေနိုင်ပါသည်။
ဥပမာ – နာတာရှည်ရောဂါဝေဒနာ ( ကင်ဆာ၊ လေဖြတ်ခြင်း၊ အစရှိသဖြင့် ) တွေ့ကြုံခံစားနေရခြင်း၊ ကိုယ်ချစ်မြတ်နိုးရသောသူတစ်ဦးဦး သေဆုံးသွားခြင်း၊ ငယ်စဥ်ဘဝကတည်းက ထပ်တလဲလဲ ကိုယ်ထိလက်ရောက် အနိုင်ကျင့်စော်ကားခံရခြင်း၊ ပဒိန်းကျင့် (Rape) ခံရခြင်း၊ အိမ်တွင်းအကြမ်းဖက်မှုဖြစ်လေ့ဖြစ်ထရှိသော မိသားစုမှ မွေးဖွားလာကာ ကိုယ်တိုင်မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရခြင်း၊ ကိုယ့်ခင်ပွန်း သို့မဟုတ် မယားမှကိုယ့်အပေါ်ဖောက်ပြန်ကာ မတရားကွာရှင်းခြင်း၊ စသည့် ဖြစ်ရပ်များတွင် Distress ကိုခံစားရလေ့ရှိပါသည်။
စိတ်ဖိစီးမှုကြောင့် ကိုယ်ခန္ဓာဇီဝကမ္မဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှု များမှာ အောက်ပါအတိုင်းဖြစ်၏။
စိတ်ဖိစီးမှုဖြစ်လာလျှင် ဆောင်ရန်ရှောင်ရန်တွေကို အောက်ဖော်ပြပါ ဗီဒီယိုလေးမှ တစ်ဆင့် လေ့လာကြရအောင်။
စိတ်ဖိစီးမှုကြောင့် လူမှုဆက်ဆံရေးနှင့် စိတ်ဝိဉာဉ်ဆိုင်ရာ ပြောင်းလဲမှုများမှာ အောက်ပါအတိုင်းဖြစ်၏။