စိတ်ဖိစီးမှုလျော့နည်းအောင် ကိုင်တွယ်ဖြေရှင်းရန် ဘာကြောင့်အရေးကြီးပါသလဲ။
လူ့ဘဝတွင်လူသားတစ်ဦးအဖြစ် မွေးဖွားကာ နေ့ တဓူ၀ လုပ်ငန်းဆောင်တာများ လုပ်ဆောင်လာလျှင် စိတ်ဖိစီးမှုဒဏ်ကို ကြုံလာရစမြဲဖြစ်ပါသည်။ ကိုယ်ရေးကိုယ်တာ ကြောင့်ဖြစ်စေ၊ မိသားစုရေးရာ ကြောင့်ဖြစ်စေ၊ လုပ်ငန်းခွင်တာဝန်များကြောင့် ဖြစ်စေ တစ်နည်းတစ်ဖုံဖြင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားရ၊ ရင်ဆိုင်ရ၊ ကြုံလာရမှာပင် ဖြစ်ပါသည်။ သို့သော် Distress/ Unhealthy Stress ဖြစ်ကာ ခံစားနေရသော အချိန်ကာလကြာမြင့်လာလျှင် ထိခိုက်လာကာ ပုံမှန် နေ့ တဓူ၀ လုပ်ငန်းဆောင်တာများ၊ လှုပ်ရှားသွားလာနေထိုင်မှုများအပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများ ရှိလာနိုင်ပါသည်။ ထို့အပြင် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပိုဆိုးရွားစေ၍ အသက်သေဆုံးစေနိုင်သည်အထိ သက်ရောက်မှုရှိစေနိုင်ပါသည်။
စိတ်ဖိစီးမှုနှင့် ရင်ဆိုင်ကြုံတွေ့လျှင် မပြုလုပ်သင့်သည့်အရာများ
ဤအရာများအတိုင်းပြုလုပ်နေထိုင်လျှင် ပထမဦးစွာ စိတ်ဖိစီးမှုဒဏ်မှ သက်သာစေနိုင်ကြောင်း ထင်သယောင်ယောင်ခံစားရလေ့ရှိသည်။ သို့သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာသာမက၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပို၍ဆိုးရွားလာစေနိုင်ကြောင်း သတိကပ်သင့်ပါသည်။
စိတ်ဖိစီးမှုလျော့နည်းအောင် ကိုင်တွယ်ဖြေရှင်းနိုင်မည့်နည်းလမ်းကောင်းများမှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) ကိုယ်တွင် စိတ်ဖိစီးမှုဖြစ်နေသလား။ ထို့အပြင်ဘယ်အကြောင်းအရာများက ကိုယ့်ကို စိတ်ဖိစီးမှုဖြစ်စေသလဲဆိုတာကို ဦးစွာလေ့လာဆန်းစစ်ကြည့်ပါ။ ( စိတ်ဖိစီးမှုလျော့နည်းအောင် ကိုင်တွယ်ဖြေရှင်းရာတွင် ရှေးဦးစွာ ကိုယ်ကိုတိုင် စိတ်ဖိစီးနေသည်ဆိုသည်ကို သိရှိလက်ခံရပါမည်။ စိတ်ဖိစီးမှုရှိနေသည်ဆိုတာကို စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုများဖြစ်သော ဒေါသထွက်လွယ်ခြင်း၊ စိတ်ဆက်ခြင်း၊ ကိုယ်ခန္ဓာဇီဝကမ္မဆိုင်ရာပြောင်းလဲမှုကြောင့်ဖြစ်သော မကြာခဏ ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း စသည့်လက္ခဏာများဖြင့် သိရှိနိုင်ပါသည်။ စိတ်ဖိစီးနေပြီဆိုသည်ကို သိရှိပြီးသည့်တစ်ပြိုင်နက် Stressors ( အကြောင်းအရင်းများ ) ကိုရှာဖွေရပါမည်။ ယင်းအကြောင်းအရင်းများမှာ မိသားစုရေးရာ၊ ကျောင်း၊ လုပ်ငန်းခွင်၊ ဝင်ငွေ၊ ကျန်းမာရေးရာ စသည့် ပြဿနာအရင်းအမြစ်များဖြစ်နိုင်ပါသည်။)
( ၂ ) ပြောင်းလဲလို့မရသည့် အခြေအနေကိုနားလည် လက်ခံပါ။ (တစ်ချို့သော အရာများသည်ကိုယ်ထင်တာသည်နှင့် ကွဲပြားနေတတ်သည်။ မှန်းထားသည်နှင့် ကွာခြားနေတတ်သည်။ သို့သော်လည်း ဖြစ်ပြီးသားအရာများကို ပြောင်းလဲဖို့ရန်မကြိုးစားဘဲ အရှိကို အရှိအတိုင်းနားလည်လက်ခံတတ်နိုင်အောင် ကြိုးစားကြည့်ပါ။)
( ၃ ) ကိုယ့်အတွက် စိတ်ဖိစီးမှုများစေသည့် အရာများမှရှောင်ကြဥ်ပါ။ ( ဥပမာ – ကိုယ်၏အားလပ်ချိန်တွင် မိသားစုအတွင်းကတောက်ကဆဖြစ်နေလျှင် အပြင်သို့ ထွက်၍ စိတ်ဖိစားမှုမှ ဝေးရာသို့သွားရောက်အနားယူရန် မမေ့ပါနှင့်။ )
( ၄ ) လေ့ကျင့်ခန်းများ ပုံမှန်လုပ်ပါ။ ( လေ့ကျင့်ခန်းများ ပုံမှန်ပြုလုပ်လျှင် ဦးနှောက်မှ စိတ်ကျေနပ်စေသော chemicalများကို ထုတ်လွတ်ပေးပါသည်။ ထို့အပြင် သက်လုံအား၊ ကိုယ်စွမ်းအားကိုတက်စေကာ ကိုယ့်ကိုကိုယ်ကျေနှပ်၊နှစ်သက်မှုကို ဖြစ်စေနိုင်ပါသည်။)
( ၅ ) အရာရာအပေါ် ကောင်းသောအပြုသဘောထားဆောင်ပြီး ရှုမြင်နိုင်ဖို့ ကြိုးစားကြည့်ပါ။ ( ဥပမာ – အခက်အခဲ၊ စိန်ခေါ်မှု တစ်ခုခုနှင့်ကြုံတွေ့လာရသောအခါ ကျွန်တော်၊ ကျွန်မမလုပ်နိုင်ပါဘူးဆိုသည့်အတွေးထက် ကျွန်တော်၊ကျွန်မ လုပ်နိုင်ပါသည်ဟု တွေးယူပြီးလက်တွေ့လုပ်ဆောင်ကြည့်ပါ။ အမှားပါမည်ကိုလည်း မကြောက်ဘဲနဲ့ ဤအရာကိုဘယ်လို ကျော်လွားနိုင်အောင် လုပ်ဆောင်မည်ဆိုသည်ကို အဓိကထားတွေးကာ ဖြတ်သန်းကြည့်ပါ။)
( ၆ ) ကိုယ်နှစ်သက်သော အရာများကိုရွေးချယ်လုပ်ဆောင်ပါ။ ( ဥပမာ – စာဖတ်ခြင်း၊ ခရီးသွားခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ ပန်းချီဆွဲခြင်း စသည့်ကိုယ်ဝါသနာပါရာ အရာများပြုလုပ်ခြင်းဖြင့်လည်း စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပါသည်။)
( ၇ ) ကိုယ်ပိုင်အနားယူဖို့ အချိန်ပေးပါ။ ( ကျွန်တော်တို့သည် တစ်ခါတစ်လည် မိသားစုရေးရာ ၊သူငယ်ချင်းအပေါင်းအသင်းရေးရာ၊လုပ်ငန်းခွင်ရေးရာ စသည့်လူမှုဆိုင်ရာအကြောင်းအရာများတွင်သာ အာရုံစိုက်တတ်ကြပါသည်။ လူမှုရေးရာသည် ကျွန်တော်တို့၊ ကျွန်မတို့အတွက်အရေးကြီးသည်မှာမှန်၏။ သို့သော်လည်း ကိုယ့်အတွက် အနားယူဖို့အချိန်သီးသန့်ပေးမှသာလျှင်ကုန်ဆုံးသွားသော ခွန်အားများကို ပြန်လည်ဖြည့်တင်းနိုင်မည်ဖြစ်ပါသည်။ လူသည် စက်ရုပ်တစ်ရုပ်မဟုတ်ဘူး ဆိုသည်ကို သိရှိနားလည်ရပါမည်။)
( ၈ ) ကိုယ့်အပေါ်တန်ဖိုးထားသူ၊ ကိုယ်ချစ်မြတ်နိုးရသောသူများနှင့် မကြာခဏဆက်သွယ်ပြောဆိုပါ။ ( ဥပမာ – မိသားစု၊ သူငယ်ချင်းတို့နှင့် ပွင့်ပွင့်လင်းလင်း ပြောဆိုခြင်း၊ မကြာခဏ ဆက်သွယ်ပြောဆိုခြင်းတို့သည် လူမှုအဖွဲ့အစည်းတစ်ရပ်ရပ်တွင် ကိုယ်ဝင်ဆန့်သည်၊ ကိုယ်အရေးပါသည်ဟု ခံစားရစေပါသည်။ ထို့အပြင် ကိုယ်ယုံကြည်ရသောသူထံ ကိုယ်ကြုံတွေ့ခံစားနေရသော အခက်အခဲများကို ဖွင့်ပြောခြင်းအားဖြင့် စိတ်ဖိစီးမှုများကို လျော့ကျစေနိုင်ပါသည်။)
( ၉ ) အိပ်ရေးဝစွာ အိပ်ပါ။ ( လုံလောက်စွာ အိပ်စက်ခြင်းသည် ကိုယ်၏ အတွေးများကို ပို၍ကြည်လင်ရှင်းလင်းစေနိုင်ပါသည်၊ မနက်ဖြန်ဟူသော နေ့တစ်နေ့ကို ချောမွေ့စွာဖြတ်သန်းနိုင်ဖို့ ခွန်အားသစ်များကိုလည်း ဖန်တီးပေးနိုင်ပါသည်။ ပုံမှန် တစ်ညလျှင် ၇နာရီမှ ၉နာရီကြား ကြာမြင့်စွာ အိပ်စက်သင့်ပါသည်။)
( ၁၀ ) ကျန်းမာစေသော အစားအသောက်ပုံစံသို့ ပြောင်းလဲစားသုံးပါ။ ( ဥပမာ – အဆီ၊သကြား များသောအစားအသောက်များထက် အဆီး၊သကြားနည်းသော၊အဆီမပါသော အစားအသောက်များကို ရွေးချယ်စားသုံးခြင်း၊ အသားများထက် ဟင်းသီးဟင်းရွက်များကို ပို၍ စားသုံးခြင်းတို့ဖြစ်သည်။)
( ၁၁ ) လိုအပ်လျှင် အကူအညီရယူဖို့ မငြင်းဆိုပါနှင့်။ ( ဆိုလိုသည်မှာ ကိုယ်ခံစားနေရသော စိတ်ဖိစီးမှုသည် ကိုယ့်အတွက်နေမထိထိုင်မသာအခြေအနေထိ ဆိုးရွားစေလာလျှင် ကျွမ်းကျင်သောပညာရှင်များ၊ ဆရာဝန်များနှင့် တိုင်ပင်ဆွေးနွေးပါ။ )