ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုတာဘာလဲ။
ကြံ့ကြံ့ခံနိုင်စွမ်း ( Resilience ) ဆိုသည်မှာ ကိုယ့်ဘဝတွင်ဖြစ်ပေါ်လာသော ကြီးမားသည့်ပြောင်းလဲမှုများ၊ အခက်အခဲစိန်ခေါ်မှုများ၊ စိတ်ဖိစီးမှုများကို စိတ်အခြေအနေကောင်းမွန်စွာ၊ အပြုအမူသင့်လျော်စွာဖြင့် အလိုက်သင့်စွာရင်ဆိုင်ဖြတ်သန်းနိုင်စွမ်းရှိခြင်း၊ ဖြေရှင်းနိုင်စွမ်းရှိခြင်းကို ခေါ်ဆိုပါသည်။
ကျွန်တော်တို့လူသားတိုင်းသည် မွေးဖွားလာသည့်အချိန်မှစ၍ ကြံ့ကြံ့ခံနိုင်စွမ်းအားအနည်းအများဖြင့် လောကဓံကို ရင်ဆိုင်ဖြတ်သန်းကာ ရှင်သန်ကျော်လွားခဲ့ရပါသည်။ လူတိုင်းတစ်ဦးနှင့်တစ်ဦး ကွဲပြားခြားနားသည့်အလျောက် ကြံ့ကြံ့ခံနိုင်စွမ်းလည်းမတူကြပါ။ ရှင်သန်ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်အခြေအနေ၊ မိသားစု၏ ထောက်ပံ့ကာကွယ်ပေးမှု၊ ကိုယ်ကိုတိုင်၏ ကိုယ်ရည်ကိုယ်သွေး စသည့်အချက်များကြောင့် ကွဲပြားကြပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းဆိုသည့် ခိုင်မာထက်သန်သောစိတ်စွမ်းအား၊ ဒုက္ခပြဿနာများနှင့်ကြုံတွေ့တိုင်း ပြန်လည်နာလန်ထူ၊နာလန်ထနိုင်စေရန် ကူညီပေးသော ကြံ့ကြံ့ခံနိုင်စွမ်းစိတ်စွမ်းအားမရှိလျှင် ပုံမှန်အသက်ရှင်သန်ဖြတ်သန်းနိုင်ဖို့၊ စိတ်ဖိစီးများကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ ခက်ခဲလှပါသည်။ ကြံ့ကြံ့ခံနိုင်စွမ်းရှိသူများမှာမူ ဖြစ်ပျက်လာသော အခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းရန် အသင့်ရှိနေရုံသာမက ယင်းမှ ပြန်လည်ရရှိသောသင်ခန်းစာများကို လက်တွေ့ပြန်လည်အသုံးချနိုင်စွမ်းရှိကြပါသည်။ ဖြေရှင်းနိုင်စွမ်းရှိကြပါသည်။
ကြံ့ကြံ့ခံနိုင်စွမ်းလျော့နည်းစေနိုင်သော အကြောင်းအရင်းများမှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) အခြေခံကျသော စားဝတ်နေရေး လုံလောက်မှုမရှိခြင်း။ ပုံမှန်ဝင်ငွေမရှိခြင်း။ ( လူသားတစ်ဦးအဖြစ် ဖြစ်တည်လာလျှင် ကိုယ်ခန္ဓာခွန်အားပြည့်စုံဖို့၊ ကိုယ်ခံအားကောင်းမွန်ဖို့၊ အသက်ရှင်နေထိုင်နိုင်ဖို့ အစာစားသုံးရန် လိုအပ်ပါသည်။ လူမှုဘဝဆက်ဆံရေးတွင် အမြင်တင့်စေနိုင်ဖို့ အဝတ်အစားများကိုလည်း အမြင်သင့်စွာ ဝတ်ဆင်နိုင်ရန် လိုအပ်ပါသည်။ ထို့အပြင် စားဝတ်နေရေးဖူလုံနိုင်ဖို့ လုံလောက်သောအတိုင်းအတာပမာဏတစ်ခုရှိသည့်ဝင်ငွေရရှိဖို့ရန်လည်း အထူးလိုအပ်ပါသည်။ အကယ်၍ ဤမျှလောက် အသက်ရှင်နေထိုင်နိုင်ဖို့ရန်အတွက် လိုအပ်သော အခြေခံကျသည့်အရာများမရှိလျှင် ကြုံတွေ့လာရမည့် အခက်အခဲများအပေါ် ရင်ဆိုင်ဖြေရှင်းနိုင်ဖို့ ယုံကြည်ချက်ပျောက်ဆုံးနေတတ်ပါသည်။ စိတ်အားငယ်နေတတ်ပါသည်။ တွန့်တိုနေတတ်ပါသည်။ )
( ၂ ) ပဋိပက္ခများသော၊ လုံခြုံစိတ်ချမှုမရှိသော ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် ကြီးပြင်းလာရခြင်း။ ( အထူးသဖြင့် ဤသို့ ဖြစ်လေ့ဖြစ်ထရှိသော ပတ်ဝန်းကျင်အသိုင်းအဝိုင်းများကြားတွင် ကြီးပြင်းလာရသည့်ကလေးငယ်များသည့် ကြံ့ကြံ့ခံနိုင်စွမ်းနည်းနေကြသည်ကို တွေ့ရှိရပါသည်။ ကလေးငယ်များ၏ စိတ်ထားသည်လူကြီးများနှင့် မတူဘဲနုနယ်ကြပါသည်။ ပုံသွင်းလွယ်ကြပါသည်။ စူးစမ်းမှုလိုစိတ်ရှိပြီး အတုယူလွယ်တတ်ကြပါသည်။ မှီခိုလိုစိတ်ရှိကြသည်။ အားကိုးလိုစိတ်ရှိကြသည်။ စိတ်အနာတရရလျှင်လည်း ကြီးပြင်းလာသည့်တိုင်အောင် မပျောက်ပျက်ဘဲ ကာလကြာမြင့်စွာ နာကျင်ခံစားနေတတ်ကြပါသည်။ ထို့ကြောင့်ပြင်ပမှ နာကျင်ဖွယ်ကောင်းသော ဖြစ်ရပ်များ ကလေးများအပေါ် မလွမ်းမိုးမိစေရန် သတိထားကာ ပြုမူသင့်သည်။ လုံခြုံမှုပေးသင့်သည်။ ချစ်ခြင်းတရားများ ပေးသင့်ပါသည်။)
( ၃ ) ကိုယ်တန်ဖိုးထားရသော၊ ကိုယ့်ကိုခွန်အားပေးတတ်သော၊ ကိုယ်ချစ်ခင်မြတ်နိုးရသောသူ ( မိသားစုအသိုင်းအဝိုင်းများ ) ဆုံးရှုံးသွားရခြင်း။ ( ဤဖြစ်ရပ်ကိုကြုံတွေ့ရသောသူများသည် ဆုံးရှုံးသွားသည့်အရာအပေါ် ယူကြုံးမရ၊ငိုကျွေးတတ်ပါသည်။ ထို့အပြင် အထီးကျန်ခြင်းဝေဒနာခံစားရကာ စိတ်ဓါတ်ကျရောဂါဖြစ်သည်အထိ ဆိုးရွားသွားစေနိုင်ပါသည်။ )
( ၄ ) ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှ ခွဲခြားဆက်ဆံခံရခြင်း။ မတရားသဖြင့် အနိုင်ကျင့်စော်ကားခံရခြင်း။ ( ဤမတရားသော ရင်နှင့်ဖွယ်ဖြစ်ရပ်များသည် လူမှုကျင့်ဝတ်သဘောတရားတွင် အဆိုးဆုံးသောကျူးလွန်မှုများဖြစ်ပါသည်။ ဤသို့ပြုကျင့်ခြင်းခံရသော ကျူးလွန်ခံရသူအများစုသည်လည်းဘဲ ဆိုးရွားလှသော စိတ်ဒဏ်ရာများကို ရင်ဝယ်သိမ်းပိုက်ကာ တိတ်တဆိတ်ခံစားနေကြရပါသည်။ )
( ၅ ) မသေချာ၊မရေရာသော အနာဂတ်ဖြင့်သာ ပစ္စုပ္ပန်တွင်ရှင်သန်ဖြတ်သန်းနေရခြင်း။ တိကျသေချာသော ပန်းတိုင်မရှိခြင်း။ ( ရည်မှန်းချက်ပန်းတိုင်ဆိုသည်မှာ ကိုယ့်ဘဝ၏ ဦးတည်ချက်လားရာကို ထိန်းကျောင်းပေးသည့်အရာဖြစ်ပါသည်။ အာရုံစိုက်နိုင်စွမ်းကိုလည်း တိုးမြင့်စေသည်။ ကြံ့ကြံ့ခံနိုင်စွမ်းကိုလည်း တိုးမြင့်စေနိုင်ပါသည်။ ထို့ကြောင့် ရည်မှန်းချက်ပန်းတိုင်ကင်းမဲ့သောသူသည် ဝေဟင်ပေါ် လေထီးမပါဘဲ လွင့်နေသကဲ့သို့ ဖြစ်ကာ အဘယ်အရာကြောင့် ဖြစ်တည်နေသည်ဟု သတိမရှိ၊ ခံနိုင်ရည်မရှိဘဲ လေလွင့်နေတတ်ပါသည်။ )
( ၆ ) စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုမရှိခြင်း။ ( ကြံ့ကြံ့ခံနိုင်စွမ်းကို ဖော်ဆောင်ပေးမည့် အဓိကအရင်းအမြစ်များဖြစ်သော စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာအင်္ဂါရပ်များ၊ ဇီဝကမ္မလုပ်ဆောင်ချက်များကျန်းမာမှု မရှိလျှင် ကြုံတွေ့လာရမည့်အခက်အခဲများကို ကြံ့ခံနိုင်ဖို့ အားနည်းနေတတ်ပါသည်။ အကြောင်းမှာ စိတ်ဖိစီးမှု ဟိုမုန်းများဖြစ်သော Adrenaline, Cortisol များ ကိုယ်တွင်းများစေပြီး၊ ပျော်ရွှင်မှုကိုဖြစ်ပေါ်စေသော ဟိုမုန်းများဖြစ်သည့် Dopamine, Serotonin, Oxytocin, Endorphin များကိုယ်တွင်းလျော့နည်းစေနိုင်သောကြောင့်ဖြစ်ပါသည်။ )
( ၇ ) ကိုယ့်ကိုကိုယ်၊ သို့မဟုတ် တစ်ပါးသူများအား အန္တရာယ်ဖြစ်စေနိုင်သည့် နည်းလမ်းများ ( Unhealthy coping strategies ) ဖြင့် စိတ်ထွက်ပေါက်ရှာဖွေခြင်း။ ( ဥပမာ – တစ်ပါးသူအား ရန်လိုရန်စပြုခြင်း၊ အကြမ်းဖက်ခြင်း၊ အရက်ဆေးလိပ်၊မူးယစ်ဆေးဝါးများ မှီဝဲသောက်သုံးခြင်း၊ ကိုယ့်ကိုကိုယ် မာကျောသော အရာများဖြင့် ရိုက်ခြင်း၊ ချွန်ထက်သောအရာများဖြင့် လှီးခြင်း စသည်တို့ဖြစ်ပါသည်။ )
( ၈ ) ဖြစ်ပျက်ပြောင်းလဲလာသည့် အရာရာကို သဘောထားကြီးစွာဖြင့် လက်ခံနိုင်ဖို့ ခက်ခဲနေခြင်း။ ငြင်းဆိုနေခြင်း။ ( ဥပမာ – ကိုယ်မှားခဲ့သည့်အပြုအမူ၊ လုပ်ဆောင်မှုအပေါ် ကိုယ်မမှားဘူးဟုခံယူကာငြင်းဆိုနေခြင်း၊ သို့မဟုတ် နောင်တကြီးစွာဖြင့် ပူဆွေးသောကရောက်နေခြင်းသည် အဓိကကြောင်းအရင်းကို ဖြေရှင်းရာမရောက်ဘဲ စိတ်ဖိစီးမှုပို၍ များစေတတ်ပါသည်။ ထိုအခါ ကြံ့ကြံ့ခံနိုင်စွမ်းကို လျော့ကျလာစေပါတော့သည်။ )
ကြံ့ကြံ့ခံနိုင်စွမ်းတိုးစေနိုင်သော နည်းလမ်းကောင်းများမှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) ကိုယ့်ကိုကိုယ် အပြုသဘောဆောင်သောအမြင်၊ အကောင်းမြင်စိတ် ( Positive self-views ) များဖြင့် ရှုမြင်နိုင်အောင် ကြိုးစားခြင်း။ ( ဥပမာ – ကိုယ်သည် ကိုယ့်မိသားစု၊ ပတ်ဝန်းအတွက် အရေးပါသောသူတစ်ဦးဖြစ်သည်ဟု ကောင်းသောအမြင်ဖြင့်ရှုမြင်ပါ။ ကိုယ်အမှားပြုလုပ်မိလျှင်လည်း အပြုသဘောဆောင်သောအမြင်ဖြင့် ဖြစ်တတ်ပါသည်ဟုတွေးယူပြီး ရှေ့ဆက်လုပ်ဆောင်ပါ။ )
( ၂ ) ကြုံတွေ့လာရမည့် ဘယ်အရာကိုမဆို ကိုယ်ကိုတိုင် ရင်ဆိုင်ဖြေရှင်းနိုင်ပါသည်ဟု ကြိုးစားတွေးတောခြင်း။ ( ဤသို့ ကိုယ့်ကိုကိုယ် အစဥ်အမြဲတွေးယူခြင်းဖြင့် ကိုယ်ကိုတိုင်၏ ယုံကြည်မှုကို တိုးမြင့်လာစေနိုင်ပါသည်။ ဘယ်အရာမဆို ရင်ဆိုင်ဖြေရှင်းဖို့ကြောက်ရွံ့မနေတော့ဘဲ ရင်ဆိုင်ဖြေရှင်းဖို့ရန်အတွက် အသင့်ရှိစေအောင် လှုံဆော်ပေးနေတတ်ပါသည်။ )
( ၃ ) ကိုယ်နှစ်သက်သော အရာများကိုပြုလုပ်ခြင်း။ ( ဥပမာ – ကိုယ်နှစ်သက်သောသီချင်းများနားထောင်ခြင်း၊ ကခုန်ခြင်း၊ ပန်းချီဆွဲခြင်း၊ ခရီးသွားခြင်း စသည်တို့ကိုပြုလုပ်နိုင်ပါသည်။ အထူးသဖြင့် သီချင်းသံစဥ်၊စာသားများသည် လူ၏စိတ်ကို ချိတ်ဆက်လွမ်းမိုးပြောင်းလဲပေးနိုင်ဆုံးသော ရသများဖြစ်ပါသည်။ ထို့ကြောင့် စိတ်ဓါတ်ကျနေလျှင် စိတ်ဓါတ်ခွန်အားပေးသော သီချင်းများကိုနားထောင်ခြင်း၊ ဝမ်းနည်းနေလျှင် ပျော်ရွှင်မှုရသပေးသော သီချင်းများကို နားဆင်ခံစားခြင်းဖြင့် ကြံ့ခံမှုစွမ်းရည်ကို တိုးမြင့်စေနိုင်ပါသည်။ )
( ၄ ) မတူကွဲပြားသော လုပ်ဆောင်ချက်များကို စမ်းသပ်လုပ်ဆောင်ခြင်း။ စိန်ခေါ်ခြင်း။ ( မတူကွဲပြားသော လုပ်ဆောင်ချက်များသည် ကိုယ်၏စူးစမ်းလိုစိတ်များကို မြင့်တက်စေရုံသာမက ကွဲပြားခြားနားသော အမြင်သစ်များကိုပါ မြင်လာနိုင်အောင် လှုံ့ဆော်ပေးနိုင်ပါသည်။ သို့တည်းသာမက မတူကွဲပြားသော အခက်အခဲများကြုံတွေ့လာရလျှင်လည်း ဘယ်လိုအကောင်းဆုံး၊ သင့်လျော်ဆုံး ဖြေရှင်းရမည်ဟူသော မတူကွဲပြားသည့်ဖြေရှင်းနည်းအသစ်များဖြင့် ဖြေရှင်းလာနိုင်တတ်စေပါသည်။ )
( ၅ ) ကိုယ့်ကိုကိုယ် ဂရုစိုက်နိုင်မယ့်နည်းလမ်းများ ( Self-care ) ဖြင့် ဂရုတစိုက်နေထိုင်ခြင်း။ (ဥပမာ – အိပ်ရေးမှန်ခြင်း၊ အစားအသောက်၊နေထိုင်မှုပုံစံပုံမှန်ဖြစ်ခြင်း၊ နေ့စဥ်နေ့တိုင်း ကိုယ်လက်လှုပ်ရှားခြင်း၊ လုံလောက်စွာအနားယူခြင်း၊ ဝါသနာပါသော အရာများကို ပြုလုပ်ခြင်းတို့ဖြစ်ပါသည်။ )
( ၆ ) ရေလုံလောက်စွာ သောက်သုံးခြင်း။ ( စိတ်ကိုထိန်းချုပ်ညှိနှိုင်းပေးသည့် အဓိကအင်္ဂါဖြစ်သည့် ဦးနှောက်၏ ၇၃ ရာခိုင်နှုန်းသည် ရေဖြင့်ဖွဲ့စည်းထားပါသည်။ ထို့ကြောင့် အစဥ်အမြဲ စိတ်ကြံ့ခံနိုင်စွမ်းရှိစေရန် ရေကို ပုံမှန်သောက်သုံးသင့်ပါသည်။ )
( ၇ ) ကိုယ့်ကိုကိုယ်၊ သို့မဟုတ် တစ်ပါးသူများအား အန္တရာယ် မဖြစ်စေနိုင်လောက်သည့် နည်းလမ်းကောင်းများ ( Healthy coping Strategies ) ဖြင့်သာစိတ်ထွက်ပေါက်ရှာဖွေခြင်း။ ( ဥပမာ – လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ စာဖတ်ခြင်း၊ သီချင်းနားထောင်ခြင်း၊ ခရီးသွားခြင်း။ )
ကြံ့ကြံ့ခံနိုင်စွမ်းတိုးစေနိုင်သော နည်းလမ်းတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။