ပူ​ဆွေး​သောက​ရောက်ခြင်း (Grief)

ပူ​​ဆွေး​သောက​ရောက်ခြင်း (Grief) ဆိုတာဘာလဲ။

ပူ​ဆွေး​သောက​ရောက်ခြင်းဆိုသည်မှာ ဆုံးရှုံးမှု​​​တွေနှင့် ရင်ဆိုင်ကြုံ​တွေ့ရသည့်အခါ စိတ်တွင်းမှ တုံ့ပြန်​ပေးသည့် စိတ်၏တုံ့ပြန်မှုအရာ တစ်ခု ဖြစ်ပါသည်။

မည်သည့်အချိန်တွင် ပူ​ဆွေး​သောကကို ခံစားရ​လေ့ရှိသနည်း။

အများအားဖြင့် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အခါ ပူဆွေးသောကကို ခံစားရလေ့ရှိပါသည်။ ဆုံးရှုံးသွားသည့်အရာ အမျိုးမျိုးဖြစ်နိုင်၏။

  • ချစ်ခင်ရသည့်သူကို ဆုံးရှုံးခြင်း၊ (သေကွဲ/ရှင်ကွဲ)
  • Relationship/ အိမ်ထောင်ပြိုကွဲခြင်း၊
  • ကိုယ်ဝန်ပျက်ကျခြင်း၊
  • အိမ်မွေးတိရစ္ဆာန် ဆုံးရှုံးခြင်း၊
  • အလုပ် ဆုံးရှုံးခြင်း၊
  • ဘဝနေထိုင်မှု ပုံစံပြောင်းလဲလိုက်ရခြင်း၊
  • မွေးရပ်မြေကို စွန့်ခွါရခြင်း၊ အိမ်နဲ့ခွဲရခြင်း၊ မိသားစု၊ သူငယ်ချင်းများနဲ့ ခွဲခွါရခြင်း။

ဆုံးရှုံးရသည့်အရာမှာ ကိုယ့်အတွက် တန်ဖိုးကြီးလေလေ၊ ပူဆွေးသောက ရောက်ရလေပဲ ဖြစ်ပါသည်။

မည်သို့ သက်ရောက်မှုတွေရှိနိုင်မည်နည်း။

ပူဆွေးသောကရောက်ခြင်းသည် လူ​တွေကို နည်းမျိုးစုံဖြင့် သက်ရောက်နိုင်ပြီး လူအများ၏ တုံ့ပြန်မှုမှာလဲ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ တုံ့ပြန်မှုပုံစံကို ​အောက်ပါအတိုင်း (၃) ပိုင်းခြား၍ ​လေ့လာနိုင်ပါသည်။

      ( ၁ )  စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။

      ( ၂ )  ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။

      ( ၃ )  အပြုအမူပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပုံစံ နှင့် အခြားသူတွေနဲ့ ဆက်ဆံမှုပိုင်းဆိုင်ရာ တုံ့ပြန်မှု။

( ၁ ) စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု

  • စိတ်ခံစားချက်အနေဖြင့် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပူခြင်း၊ အထီးကျန်ခြင်း၊ တစ်စုံတစ်ရာ အ​ပေါ် နောင်တရ​နေခြင်း၊ အပြစ်ရှိသလိုခံစား​နေရခြင်း စသည့် စိတ်ခံစားချက်ဆိုင်ရာ ​ပြောင်းလဲမှုမှုများနှင့် တုံ့ပြန်ကာ ​ဖော်ပြတတ်ပါသည်။

( ၂ ) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု

  • ခန္ဓာကိုယ်အ​နေဖြင့် အိပ်မ​ပျော်ခြင်း၊ ရင်ထဲ တင်းကျပ်၍ အသက်ရှူရခက်ခဲခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲမြန်ခြင်း စသည့် ​ပြောင်းလဲမှုလက္ခဏာရပ်များဖြင့် တုံ့ပြန်​ဖော်ပြတတ်ပါသည်။

( ၃ ) အပြုအမူပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပုံစံ နှင့် အခြားသူတွေနဲ့ ဆက်ဆံမှုပိုင်းဆိုင်ရာ တုံ့ပြန်မှု

  • အများနှင့် ​ပေါင်းသင်းဆက်ဆံရသည်ကို ​ပျော်​မွေ့သူသည် ရုတ်တရက် ပူ​ဆွေး​သောက​ရောက်သည့်အခါ (သို့မဟုတ်) ပူ​ဆွေး​သောက​ရောက်ပြီး​နောက် တစ်ယောက်ထဲနေထိုင်သည်ကို ပို၍ နှစ်သက်လာခြင်း၊ တစ်​ယောက်တည်း​နေထိုင်ကာ ခံစားချက်များကို ​ဖြေ​​လျှော့ခြင်း ၊ တချို့မှာမူ အများက နှစ်သိမ့်ပေးလျှင်အ​နေအထိုင် ပိုသက်သာခြင်း စသည့် ​ပြောင်းလဲမှုပိုင်းဆိုင်ရာများနှင့် တုံ့ပြန်ကာ ​ဖော်ပြတတ်ပါသည်။
  • အဓိက အချက်မှာမူ ပူဆွေးသောကရောက်ခြင်း၊ ခံစား​နေရခြင်းသည် ပုံသေမဖြစ်နိုင်ပါ။  အချိန်ကာလအပိုင်းအခြား ကိုလည်း သတ်မှတ်လို့မရနိုင်ပါ။ အမြဲတမ်းတောက်လျှောက် ပူဆွေး​သောက​ရောက်နေမည်လည်း မဟုတ်ပါ။ သို့​သော် တစ်ချို့အဖြစ်အပျက်များ၊ အမှတ်တရများနှင့် တိုက်ဆိုင်လာလျှင် ပြင်းပြင်းထန်ထန် ပိုခံစား​ရ​လေ့ ရှိသည့်အတွက် ပူဆွေးသောက​ရောက်လာပြီ ဆိုလျှင် 
  • checkedဦးဆုံး မိမိခံစားချက်ကို အသိအမှတ်ပြု​ပေးပါ။
  • checkedခံစားချက်ကို ချုပ်တည်းမထားပါနှင့်။ နည်းမှန်လမ်းမှန် ဖွင့်ချ​ပေးပါ။
  • checkedမိမိကိုယ်ကို ဝမ်းနည်းခွင့်၊ ပူဆွေးခွင့်ပေးပါ။

သို့သော် ပူဆွေး​​ရသည့် ခံစားချက်မှာ အားအင်ကုန်ခန်းရသည့်၊ ပင်ပန်းရသည့် အရာဖြစ်သည့်အတွက်

  • checkedအခြေခံကျသည့် အစားအသောက်နှင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရေးကို အထူးဂရုစိုက်​ပေးဖို့ လိုအပ်ပါသည်။ 
  • checkedဖြစ်နိုင်လျှင် မိမိယုံကြည်ရသည့်သူတွေထံ မိမိ၏ခံစားချက်များကို ရင်ဖွင့်ပြောပြခြင်းဖြင့် စိတ်၏သက်သာရာ လမ်း​ကြောင်းကို ရှာ​ဖွေနိုင်ပါသည်။ 
  • checkedထို့အပြင် စိတ်ခံစားချက်များကို သက်သာစေဖို့ရန်အတွက် ခံစားချက်များကို ချရေးခြင်းမျိုး၊ အမှတ်တရအပင်စိုက်ခြင်းမျိုးလည်း ပြုလုပ်နိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရ​သော် ပူဆွေးသောကရောက်မှုသည် အချိန်လိုအပ်သည့်ကိစ္စတစ်ခုဖြစ်ပြီး ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့် အရာတစ်ခုလည်းဖြစ်ပါသည်။  လွမ်းဆွတ်ခြင်း၊ ပူဆွေးခြင်းများကို ခံစားနေရင်း မိမိကို စိတ်ပျော်စေသည့် အရာ “Healthy Copping Methods” များ လုပ်ဆောင်ရင်း၊ မိမိကိုယ်ကိုလဲ ဂရုစိုက်ရင်း၊ မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်ရင်း ကျော်ဖြတ်ရမည့် အရာ ဖြစ်ပါသည်။ လိုအပ်ပါက နားလည်တတ်ကျွမ်းသူများ၏ အကူအညီကိုလဲ ရယူဖို့၊ တိုင်ပင်​ဆွေး​နွေးဖို့ အ​ရေးကြီးလှပါသည်။ ပူဆွေးသောကရောက်ခြင်းသည် ပျော့ညံ့ခြင်း မဟုတ်သည့်အတွက် မိမိကိုယ်ကို အပြစ်မတင်နှင့်။ ကျန်းမာစွာ ​ရှင်သန်နေထိုင်ပါ။ အားတင်းထားပါ။

ပူ​ဆွေး​သောက​ရောက်ခြင်းရဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။