စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာ ( Post-Traumatic Stress Disorder _ PTSD ) ဆိုတာဘာလဲ။
စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာ ( Post-Traumatic Stress Disorder ) ဆိုသည်မှာ ကိုယ့်ဘဝတွင် ထိတ်လန့်ခြောက်ခြားဖွယ်၊ ကြောက်မက်ဖွယ်ကောင်းသော၊ အန္တရာယ်ရှိသော ဖိစီးမှုဒဏ်များကို နာကျင်စွာ ကြုံတွေ့ခံစားခဲ့ရပြီးနောက် ဖြစ်ပေါ်လာသော စိတ်အခြေအနေဖရိုဖရဲဖြစ်ခြင်းကိုဆိုလိုပါသည်။
ကိုယ်မမျှော်လင့်ထားသော၊ ခြောက်ခြားဖွယ်ဖြစ်ရပ်များကို ရုတ်တရက် ကြုံတွေ့ခံစားလာရလျှင် လူ့သဘာဝအရ ထိတ်လန့်တုန်ရွံ့မိမည်မှာ ပုံမှန်ဖြစ်ပါသည်။ အကြောင်းမှာ ရုတ်တရက်ဖြစ်ပေါ်လာသောခြောက်ခြားဖွယ်ဖြစ်ရပ်များ၊ အပြောင်းအလဲများ၊ ဖိစီးမှုဒဏ်များကို ခံနိုင်ရည်ရှိရန်၊ သို့မဟုတ် ယင်းအဖြစ်အပျက်မှ အလျင်အမြန်ရှောင်ရှားနိုင်ရန် ကိုယ်ခန္ဓာက အလိုလိုတုံ့ပြန်ပေးခြင်းသာဖြစ်ပါသည်။ ဤသည်ကို ( Fight-or-Flight response ) ဟုဆိုပါသည်။
စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာ ( Post-Traumatic Stress Disorder )၏ သမိုင်းကြောင်း
စိတ်ဒဏ်ရာအလွန် တွေ့ကြုံ ခံစားရသောစိတ်ဖိစီးမှုဝေဒနာများ (PTSD)သည် ရှေးယခင်ကတည်းကပင်တည်ရှိလာသော စိတ်ဝေဒနာဖြစ်ပါသည်။ ယင်းကိုစိတ်ပိုင်းဆိုင်ရာ ဝေဒနာအဖြစ် မသတ်မှတ်ခင်ကတည်းအချိန်တွင်မူ Willian Shakespeare, Charles Dickens စသည့်စာပေပညာရှင်များ၏ စာပေများတွင် ကြောက်မက်ဖွယ်ကောင်းသော အတွေ့အကြုံခံစားချက်များအဖြစ်ရေးသားထားသည်ကိုတွေ့ရှိရပါသည်။ သြစတြီးယားသမားတော် Josef Leopold ၁၇၆၁ခုနှစ်တွင် ရေးသားထားသည့် စာမူတွင်မူ ရှေ့တန်းရောက်စစ်မှုထမ်းများ PTSD ကဲ့သို့စိတ်ဖိစီးမှုဝေဒနာများခံစားရလေ့ရှိကြောင်းရေးသားထားပါသည်။ အိမ်ကိုလွမ်းခြင်း၊ အိပ်မပျော်ခြင်း၊ စိုးရိမ်ကြောင့်ကြခြင်း၊ ဝမ်းနည်းခြင်းတို့ပါဝင်လေ၏။ ထို့အပြင် ပြည်တွင်းစစ်အတွင်း စစ်သားများ၏ ကျန်းမာရေးအခြေအနေကိုလေ့လာခဲ့သော U.S. doctor Jacob Mendez ကမူ စစ်ထွက်ရသောစစ်သားများတွင် နှလုံးနှင့်ပတ်သက်သော ဝေဒနာများခံစားရကြောင်းရေးသားထားပါသည်။ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်တွင်မူ ဤဝေဒနာလက္ခဏာများကို စိတ်ပိုင်းဆိုင်ရာအားနည်းမှုဟု သတ်မှတ်ခဲ့ရမှ စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုလက္ခဏာများ (“Shell Shock” in WWI , “Combat Stress” in WWII) အဖြစ်သတ်မှတ်ကာပိုအလေးထားလာကြပါသည်။ ဤသို့ဖြင့် ၁၉၈၀ခုနှစ်တွင် American Psychiatric Association (APA) မှထုတ်ဝေသော စိတ်ပညာရှင်၊ဆရာဝန်များအမြဲဖတ်ရှုလေ့လာရသည့် Diagnostic and Statistical Manual of Mental Disorders (DSM-III) တွင် စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှု (PTSD) အဖြစ်သတ်မှတ်ပြောင်းလဲခဲ့ကြပါသည်။
စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာ ( Post-Traumatic Stress Disorder ) ခံစားနေရပြီဆိုသည်ကို မည်သို့သိနိုင်မည်နည်း။
လူတိုင်းသည် စိတ်ဖိစီးမှုဝေဒနာကို စိတ်ဒဏ်ရာအလွန်ကာလများတွင် ကြုံတွေ့ခံစားရမှာပင် ဖြစ်ပါသည်။ ရက်ပိုင်း၊ လပိုင်းအတွင်း ပုံမှန်ပြုမူလှုပ်ရှားနိုင်ရန် ခက်ခဲလေ့ရှိပြီး စိတ်ဒဏ်ရာအပေါ် တုံ့ပြန်သည့်လက္ခဏာများကို အချိန်ကာလတစ်ခုထိ ခံစားရတတ်ပါသည်။ အများအားဖြင့် ၃ရက်မှ ၁လအတွင်း နာကျင်ခံစားမှုများပြင်းပြင်းထန်ထန် ခံစားရလေ့ရှိပါသည်။ ထိုကာလနောက်ပိုင်းတွင် အများအားဖြင့် ပုံမှန်ပကတိအခြေအနေသို့ သဘာဝအတိုင်းအလိုလို ပြန်ကောင်းလာတတ်ကြပါသည်။ ပုံမှန်လုပ်ဆောင်သည့်အတိုင်း ပြန်လည်သွားလာလှုပ်ရှားနိုင်သည်။ ပြုမူနိုင်သည်။ အများနှင့်ပေါင်းသင်းနိုင်သည်။ တွေးတောဆင်ခြင်နိုင်ပါသည်။ အကယ်၍ အချိန်ကာလ ကြာမြင့်စွာ စိတ်ဖိစီးမှုဝေဒနာများလျော့ပါးသက်သာလာခြင်းမရှိဘဲ ဆက်လက်ခံစားနေရပါက စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုဝေဒနာ ( Post-Traumatic Stress Disorder ) ရှိနိုင်သည်ဆိုသည်ကို သတိပြုဆင်ခြင်သင့်ပါသည်။
ကိုယ့်မှာ စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုဝေဒနာ ( PTSD ) ရှိနေပြီဆိုသည်ကို အောက်ပါအတိုင်းသိနိုင်ပါသည်။
( ၁ ) စိတ်ဒဏ်ရာဖြစ်စေခဲ့သော အဖြစ်အပျက်များကို ပြန်လည်ကြုံတွေ့နေရသကဲ့သို့၊ ရင်ဆိုင်နေရသကဲ့သို့ အထပ်ထပ် အခါခါ ခံစားနေခြင်း။ ( ဥပမာ – ကိုယ်တွေ့ကြုံခံစားခဲ့ရစဥ် ကိုယ်ပြုမူခဲ့သောအရာအတိုင်း၊ ကိုယ်ထိတ်လန့်ခဲ့သည့် အရာအတိုင်း နောက်ကြောင်းပြန် ပြုမူခံစားခြင်းဖြစ်သည်။ ဤတွင် နှလုံးခုန်နှုန်းမြန်ခြင်း၊ အသက်ရှုမဝခြင်း၊ ချွေးဇောပြန်ခြင်း စသည့်အရင်က တုံ့ပြန်ခဲ့သည့်အတိုင်း တွေးတောမိရုံဖြင့် ပြန်လည်ခံစားသက်ဝင်ခြင်းတို့ပါဝင်ပါသည်။ နောက်တစ်ခုမှာမူ အိပ်မက်ဆိုးအဖြစ် ပြန်လည်မြင်မက်ခြင်းဖြစ်ပါသည်။ အိပ်မက်ဆိုးအဖြစ်မြင်မက်ကာ ထိန့်လန့်တကြား အိပ်ယာမှချက်ချင်း နှိုးနှိုးတတ်ပါသည်။ နောက်ဆုံးမှာမူ ကိုယ်မတွေးချင်သော်လည်း စိတ်ဒဏ်ရာဖြစ်စေခဲ့သော အဖြစ်အပျက်များသည်အတွေးထဲ အမြဲစိုးမိုးနေရာယူတတ်ပါသည်။ ခြိမ်းခြောက်နေတတ်ပါသည်။ )
( ၂ ) အဖြစ်ဆိုးကို ပြန်လည်အမှတ်ရစေသော အကြောင်းအရာများကို ကြောက်ရွံ့တကြီးဖြင့် သတိထားကာ ရှောင်ရှားနေခြင်း။ ( ဥပမာ – စိတ်ဒဏ်ရာကို ပြန်လည်အမှတ်ရစေသော နေရာ၊ အခြေအနေ၊ အရာဝတ္ထုများမှ ရှောင်ရှားခြင်း၊ အတွေး၊ ခံစားချက်၊ စကား၊ စသည်တို့မှ စိတ်ဒဏ်ရာနှင့် မဆက်စပ်မိစေရန် ရှောင်ရှားတွေးခေါ်ခြင်း၊ ပြောဆိုခြင်းတို့ဖြစ်ပါသည်။ ကားတိုက်ခြင်းမှ စိတ်ဒဏ်ရာရသောသူသည် နောင်တစ်ချိန်တွင် ကားမမောင်းတော့ပေ။၊ ကားမစီးတော့ပေ။ )
( ၃ ) ဂနာမငြိမ်ဖြစ်ခြင်း။ စိတ်ဆက်ခြင်း။ ဒေါသထွက်လွယ်ခြင်း။ ( ဤသို့အမြဲ ဖြစ်နေ၊ ခံစားနေခြင်းသည် ကိုယ်၏ နေ့ဓဒူဝလုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် တနည်းတဖုံဖြင့် ထိခိုက်မှုကိုဖြစ်စေနိုင်ပါသည်။ အာရုံစူးစိုက်မှုကို လျော့နည်းစေနိုင်ပါသည်။ )
( ၄ ) သိမှုပိုင်းဆိုင်ရာ၊ ခံစား၊ တွေးတောမှုပိုင်းဆိုင်ရာ ယိုယွင်းလာခြင်း။ ( သိမှုပိုင်းဆိုင်ရာတွင် ကိုယ်စိတ်ဒဏ်ရာရခဲ့သော အဖြစ်အပျက်မှ ကိုယ်တွေ့ကြုံပြောဆိုခဲ့သော အဓိက အပြုအမူ၊ပြောဆိုမှုများကို မေ့လျော့နေခြင်းပါဝင်သည်။ ခံစားချက်တွင်မူ ကိုယ့်ကိုကိုယ် အမြဲအပြစ်ရှိသည်ဟု ခံစားနေရခြင်း၊ အရင်က ကိုယ်နှစ်သက်ခဲ့သော အရာအပေါ် ငြီးငွေ့လာခြင်းတို့ပါဝင်သည်။ တွေးတောမှုတွင်မူ ကိုယ့်ကိုကိုယ်သာမက ပတ်ဝန်းကျင်ကိုပင် မကောင်းမြင်စိတ်ဖြင့် ရှုမြင်လိုစိတ်များလာခြင်းဖြစ်ပါသည်။ )
စိတ်ဒဏ်ရာအလွန် စိတ်ဖိစီးမှုဝေဒနာ ( PTSD ) ကို ကျော်လွားနိုင်မည့် နည်းလမ်းများမှာအောက်ပါအတိုင်းဖြစ်ပါသည်။
( ၁ ) ကိုယ့်ကို စာနာနားလည်ပေးနိုင်သော၊ နွေးထွေးမှုပေးနိုင်သော၊ အထောက်အပံ့ပေးနိုင်သော မိသားစု၊ မိတ်ဆွေသူငယ်ချင်းများအနားမှာ ရှိခြင်း။
( ၂ ) အစဥ်အမြဲ ဆက်သွယ်ပြောဆိုခြင်း ( “Talk” therapy )။ ဤသို့ အမြဲအပြန်အလှန် ဆက်သွယ်ပြောဆိုခြင်းဖြင့် စိတ်ဒဏ်ရာကို ကုစားသောနည်းလမ်းသည် ၆ပတ်မှ ၁၂ပတ်အထိကြာမြင့်နိုင်ပါသည်။ သို့မဟုတ် ယင်းထက်ပို၍ကြာမြင့်နိုင်ပါသည်။
( ၃ ) နားလည်တတ်ကျွမ်းသောစိတ်ပညာရှင်၊ ဆရာဝန်များနှင့် ညှိနှိုင်းဆွေးနွေးတိုင်ပင်ပြီး အကြံဥာဏ်ရယူခြင်း။
( ၄ ) ကိုယ်ကိုတိုင် ယုံကြည်မှုထားပြီးကုစားနေစဥ် စိတ်ရှည်ရှည်၊ ဇွဲရှိရှိဖြင့် ကြိုးစားကျော်လွားခြင်း။
စိတ်ဒဏ်ရာအလွန်ဖွံ့ဖြိုးတိုးတက်မှု ( Post Traumatic Growth ) ဆိုတာဘာလဲ။
စိတ်ဒဏ်ရာအလွန်ဖွံ့ဖြိုးတိုးတက်မှု ( Post Traumatic Growth ) ဆိုသည်မှာ ကိုယ့်ဘဝတွင် ထိတ်လန့်ခြောက်ခြားဖွယ်၊ ကြောက်မက်ဖွယ်ဖိစီးမှုဒဏ်များကို ကြံ့ကြံ့ခံရင်း ကျော်လွှားပြီးနောက် ရင့်ကျက်လာသောစိတ်အခြေအနေ၊ သို့မဟုတ် အလိုက်သင့်ရင်ဆိုင်ဖြေရှင်းတတ်လာသော ဖွံ့ဖြိုးတိုးတက်မှုကို ဆိုလိုပါသည်။
စိတ်ဒဏ်ရာအလွန် ဖွံ့ဖြိုးတိုးတက်ပြီး ပြောင်းလဲလာသည့်အရာများ။
ယင်းသို့ အခက်အခဲပြဿနာများကို ကြံ့ကြံ့ခံရင်း စိတ်ပိုင်းဆိုင်ရာအရ ရင့်ကျက်လာသောသူများသည် အခက်အခဲပြဿနာများကို နောက်တစ်ကြိမ်ရင်ဆိုင်ရမည်ဆိုလျှင် မကြောက်ရွံ့တော့ပေ။ ရင်ဆိုင်ဖြေရှင်းဖို့ရန်အတွက်လည်း အသင့်ရှိနေတတ်ပါသည်။ အမှားလုပ်မိလျှင်ပင် တွေဝေလွင့်မျောသွားခြင်းမရှိဘဲ သင်ခန်းစာယူကာ ပြန်လည်ရင်ဆိုင်ဖြေရှင်းတတ်ပါသည်။ ပို၍ ကြံ့ခိုင်လာပါသည်။ ကိုယ့်ကိုကိုယ် ပို၍တန်ဖိုးထားတတ်လာပါသည်။ ကိုယ့်ဘဝမှာ ပိုအရေးကြီးတာတွေကို ပိုတန်ဖိုးထားတတ်လာသည်။ အချိန်ပိုပေးလာတတ်ပါသည်။ ထို့အပြင် စိတ်အားငယ်တတ်သည့်အခြားသောသူများကိုလည်း ပြန်လည်ကူညီဖေးမဖို့ စိတ်အားထက်သန်လေ့ရှိကြပါတော့သည်။
စိတ်ဒဏ်ရာအလွန် ဖိစီးမှုဝေဒနာလက္ခဏာများနှင့် ကျော်လွားနိုင်မည့် နည်းလမ်းတွေကို သိပြီဆိုတော့ သင်ခန်းစာဗီဒီယိုလေးကို လေ့လာရအောင်။