ဝမ်းနည်းမှု ( Sadness ) ဆိုတာဘာလဲ။
ဝမ်းနည်းမှုဆိုသည်မှာ လူသားတိုင်းခံစားလေ့ရှိကြသည့် နာကျင်ဖွယ်ကောင်းသော ပုံမှန်စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ အများအားဖြင့် ပုံမှန်နေ့ဓဒူဝကိစ္စများ၊ ဖြစ်လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်များနှင့် ကြုံတွေ့ရလျှင် ခံစားလေ့ရှိသည့် စိတ်အခြေအနေတစ်ရပ်ဖြစ်ပါသည်။ ဝမ်းနည်းမှုဆိုသည့် ပုံမှန်စိတ်ခံစားမှုကို ခံစားရသည့် အချိန်ကာလသည် တိုတောင်းသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူ့အလိုလိုပြေပျောက်သွားလေ့ရှိပါသည်။
လူသားတိုင်းအတွက် ဝမ်းနည်းမှုဘာကြောင့်လိုအပ်တာလဲ။
ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားမှုသည် လူသားတိုင်းအတွက် ကိုယ်တွေ့ကြုံခံစားနေရသည့် အခက်အခဲပြဿနာများကို ဖြတ်သန်းဖို့ရာအတွက် ခွန်အားသစ်များကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည်ဖော်ဆောင်ပေးနိုင်သော ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ စိတ်သက်သာမှုကို ရရှိစေပါသည်။ ငြိမ်သက်မှုကိုပေးစွမ်းနိုင်ပါသည်။ ပျော်ရွှင်မှုလမ်းစသစ်ကို ပြန်လည်ဖွင့်ပေးနိုင်ပါသည်။ ဘဝတွင်အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ ပျော်ရွှင်မှုကိုသာ ရှာဖွေရုံဖြင့် မရရှိနိုင်ပါ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားချက်နှင့် ဒွန်တွဲခံစားမှသာ ဘဝ၏ မှန်ကန်သော ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပါသည်။
စိတ်ဓါတ်ကျရောဂါ ( Depression ) ဆိုတာဘာလဲ။
စိတ်ဓါတ်ကျခြင်းဆိုသည်မှာ ဆေးပညာပိုင်းဆိုင်ရာအရ စိတ်ရောဂါဝေဒနာတစ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။ ကိုယ်၏သိရှိမှု၊ စိတ်ခံစားမှု၊ အပြုအမူတို့သည် ကာလကြာရှည်စွာ ( အနည်းဆုံး ၂ ပါတ် ) ပုံမှန်မဟုတ်သော အခြေအနေတစ်ရပ်အဖြစ်သို့ ပြောင်းလဲသွားလျှင် စိတ်ဓါတ်ကျခြင်းဝေဒနာခံစားနေပြီဆိုသည်ကို သိရှိနိုင်ပါသည်။ စိတ်ဓါတ်ကျလျှင် ကိုယ်နေ့ဓဒူဝဆောင်ရွက်သော လုပ်ငန်းများဖြစ်သည့် အိပ်စက်ခြင်း၊ အစားအစာ စားသုံးခြင်း၊ ပုံမှန်အလုပ်လုပ်ခြင်း စသည်တို့ပင် ပုံမှန်အတိုင်းမလုပ်ဆောင်နိုင်ဘဲ နေ့စဥ်နေ့တိုင်းအခက်အခဲနှင့် ကြုံတွေ့လာရတတ်ပါသည်။
စိတ်ဓါတ်ကျခြင်းရောဂါ၏ လက္ခဏာများ
( ၁ ) ကိုယ်ကိုတိုင် (depressed mood) စိတ်ဓါတ်ကျနေသည်ဟုခံစားရခြင်း။ ( ဝမ်းနည်းနေသည်ဟု၊ သို့မဟုတ် စိတ်ထဲတွင် ဗလာနတ္ထိဖြစ်နေသည်ဟု ထုတ်ဖော်ပြောဆိုတတ်ပါသည်။ ထို့အပြင် မကြာခဏအလိုလိုမျက်ရည်ကျကာ ပူဆွေးသောကရောက်တတ်ပါသည်။ ငိုကြွေးတတ်ပါသည်။ )
( ၂ ) ကိုယ်တစ်ချိန်ကနှစ်သက်ခဲ့သော အရာတွေအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားခြင်း။ ( ဥပမာ – ကိုယ်နှစ်သက်စွာ စားသုံးလေ့ရှိသည့် အစားအသောက်များ နောက်တစ်ကြိမ်ပြန်စားသုံးလျှင်အရသာမရှိဟု ခံစားရခြင်း။ ကိုယ်နှစ်သက်စွာ ဆက်ဆံပြောဆိုလေ့ရှိသည့်သူများနှင့် နောက်တစ်ကြိမ်ပြောဆိုလျှင် မပျော်ရွှင်တော့ဟုခံစားရခြင်း။ )
( ၃ ) စားသောက်မှုပုံစံ ပြောင်းလဲသွားခြင်း။ ( အစာနည်းသွားခြင်း၊ သို့မဟုတ် အလွန်အကြူးစားသုံးခြင်း။ တစ်ချို့သောသူများသည် စိတ်ဓါတ်ကျလျှင် အစားအစာ စားသုံးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုများ၊ ခံစားနေရသော စိတ်ဝေဒနာများကို ဖြေဖျောက်လေ့ရှိကြပါသည်။ သို့ရာတွင် ထိုသို့ပြုမူခြင်းသည် ခဏသာ စိတ်သက်သာရာရစေပါသည်။ လေ့လာတွေ့ရှိချက်များအရ စိတ်ဓါတ်ကျရောဂါဝေဒနာ ခံစားနေရသော အမျိုးသား၊ အမျိုးသမီးများတွင် အဝလွန်ခြင်းရောဂါကို ပို၍ခံစားရကြောင်းတွေ့ရှိရပါသည်။ )
( ၄ ) အိပ်စက်အနားယူမှုအချိန်စက်ကွင်းကို နှောက်ယှက်ခြင်း။ ( လေ့လာတွေ့ရှိချက်များအရ စိတ်ဓါတ်ကျရောဂါခံစားနေရသော ၈၀ ရာခိုင်နှုန်းသူများသည် အိပ်မပျော်ခြင်းကိုခံစားနေရပြီး ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသောသူများသည် အလွန်အကြူးအိပ်ကြသည်ကို မှတ်သားဖွယ် တွေ့ရှိရပါသည်။ )
( ၅ ) စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ညှိနှိုင်းလှုပ်ရှားမှု ပျက်ပြယ်လာခြင်း။ ( ဥပမာ – မြေပြင်မှအကြွေစေ့ပြား ကောက်ယူရာတွင် ကောင်းမွန်စွာချိန်ညှိပြီး မကောက်ယူနိုင်ခြင်း၊ လှုပ်ရှားသွားလာရာတွင် ကိုယ်ဟန်အနေအထားကို ပုံမှန်မထိန်းကျောင်းနိုင်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ စကားပြောဆိုရာတွင်ဖြစ်စေ၊ တွေးခေါ်ရာတွင်ဖြစ်စေ နှေးကွေးလာခြင်း။ )
( ၆ ) ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရခြင်း။ ( ပုံမှန်လုပ်နေကျ အလုပ်ဖြစ်သော ကိုယ်ရေးကိုယ်တာအလုပ်၊ အိမ်အလုပ်ကိုပင်မလုပ်နိုင်တော့ဟု ခံစားရခြင်းကို ဆိုလိုပါသည်။ )
( ၇ ) ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း။
( ၈ ) ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဟု အမြဲခံစားရခြင်း။ ကိုယ့်ကိုကိုယ် အမြဲအပြစ်ရှိသည်ဟု ခံစားနေရခြင်း။ ထို့ကြောင့် ကိုယ်ကိုကိုယ် သတ်သေမှသာ စိတ်သက်သာမည်၊ အပြစ်ရှိသည်ဟု ခံစားနေရခြင်းမှ ကင်းဝေးမည်ဟု တွေးစေနိုင်သည်အထိ စိတ်ကိုလှုံ့ဆော်ပေးနိုင်ပါသည်။
ဝမ်းနည်းမှု ( Sadness ) နှင့် စိတ်ဓါတ်ကျရောဂါ ( Depression ) တို့၏ကွာခြားချက်များ
ဝမ်းနည်းမှု ( Sadness ) | စိတ်ဓါတ်ကျရောဂါ ( Depression ) |
ပုံမှန်ခံစားလေ့ရှိသော စိတ်ခံစားမှု တစ်ရပ်ဖြစ်ပါသည်။ | ပုံမှန်မဟုတ်သော စိတ်ရောဂါဝေဒနာတစ်ရပ်ဖြစ်ပါသည်။ |
နေ့ဓဒူဝ ဖြစ်လေ့ဖြစ်ထရှိသည့် စိတ်ပျက်ဖွယ်၊ နာကျင်ဖွယ်ဖြစ်ရပ်များမှ ဖြစ်ပေါ်လာတတ်ပါသည်။ ကိုယ်ကိုတိုင်လည်း ဘာကြောင့်ဖြစ်သည်ဆိုသည့် အကြောင်းရင်းခံကိုသိရှိထားပါသည်။ | အကြောင်းအရာမျိုးစုံကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ – ရင်နှင့်ဖွယ်၊ နာကျင်ဖွယ်ကောင်းသော ဖြစ်ရပ်များကြောင့်ဖြစ်စေ၊ မွေးရာပါGenes ကြောင့်ဖြစ်စေ၊ အာရုံကြောအဖွဲ့အစည်းများ၏ chemicals ပြောင်းလဲမှုကြောင့်ဖြစ်စေ စိတ်ဓါတ်ကျရောဂါကို ဖြစ်စေနိုင်ပါသည်။ သို့သော်လည်း စိတ်ဓါတ်ကျရောဂါဝေဒနာကို ခံစားနေရသူကိုယ်တိုင်သည် ယင်းကိုဖြစ်စေသော အကြောင်းအရင်းခံ တိတိကျကျဝေခွဲ၍ မသိရှိနိုင်ပါ။ |
အချိန်ကာလကြာမြင့်လာလျှင် အလိုလိုပြေပျောက်သွားတတ်ပါသည်။ | ကျွမ်းကျင်သောစိတ်ကျန်းမာရေးပညာရှင်၊ ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ပြီး ထိရောက်သောကုသမှုခံယူမှသာ ပျောက်ကင်းနိုင်ပါသည်။ |
ကိုယ်၏ နေ့ဓဒူဝလုပ်ငန်းဆောင်တာများကို ကိုယ်တိုင်စီခန့်ခန့်ခွဲနိုင်ပါသေးသည်။ | ကိုယ်၏ နေ့ဓဒူဝလုပ်ငန်းဆောင်တာများကို ကိုယ်တိုင်စီမန်မခန့်ခွဲနိုင်တော့ပေ။ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်းဆောင်လျှင်ပင် အမြဲလိုလို ပင်ပန်းနွမ်းနယ်တတ်ပါသည်။ ကိုယ်နှစ်သက်လေ့ရှိသောအရာအပေါ် စိတ်ဝင်စားမှု လျော့နည်းသွားတတ်ပါသည်။ စိတ်အားထက်သန်မှုလည်း ပြေလျော့သွားတတ်ပါသည်။ |
ဝမ်းနည်းမှု နှင့် စိတ်ဓါတ်ကျရောဂါတို့ရဲ့ ကွာခြားချက်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။