Sadness (ဝမ်းနည်းမှု)  Vs. Depression (စိတ်ဓါတ်ကျ​ရောဂါ)

ဝမ်းနည်းမှု ( Sadness ) ဆိုတာဘာလဲ။

ဝမ်းနည်းမှုဆိုသည်မှာ လူသားတိုင်းခံစား​လေ့ရှိကြသည့် နာကျင်ဖွယ်​ကောင်း​သော ပုံမှန်စိတ်ခံစားမှုတစ်ခုဖြစ်ပါသည်။ အများအားဖြင့် ပုံမှန်​နေ့ဓ​ဒူဝကိစ္စများ၊ ဖြစ်​လေ့ဖြစ်ထရှိသည့် ဖြစ်ရိုးဖြစ်စဥ်များနှင့် ကြုံ​တွေ့ရလျှင် ခံစား​လေ့ရှိသည့် စိတ်အ​ခြေအ​နေတစ်ရပ်ဖြစ်ပါသည်။ ဝမ်းနည်းမှုဆိုသည့် ပုံမှန်စိတ်ခံစားမှုကို ခံစားရသည့် အချိန်ကာလသည် တို​တောင်းသည်။ အချိန်ကာလကြာမြင့်လာသည်နှင့်အမျှ သူ့အလိုလို​​ပြေပျောက်သွား​လေ့ရှိပါသည်။ 

လူသားတိုင်းအတွက် ဝမ်းနည်းမှုဘာ​ကြောင့်လိုအပ်တာလဲ။

ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားမှုသည် လူသားတိုင်းအတွက် ကိုယ်​တွေ့ကြုံခံစား​နေရသည့် အခက်အခဲပြဿနာများကို ဖြတ်သန်းဖို့ရာအတွက် ခွန်အားသစ်များကို တစ်နည်းတစ်ဖုံဖြင့် ပြန်လည်​ဖော်​ဆောင်​ပေးနိုင်​သော ခန္ဓာကိုယ်၏ဇီဝကမ္မလုပ်​​ဆောင်ချက်တစ်ရပ်ဖြစ်ပါသည်။ ​စိတ်သက်သာမှုကို ရရှိ​​စေပါသည်။ ငြိမ်သက်မှုကို​ပေးစွမ်းနိုင်ပါသည်။ ​ပျော်ရွှင်မှုလမ်းစသစ်ကို ပြန်လည်ဖွင့်​ပေးနိုင်​ပါသည်​။ ဘဝတွင်​အမှန်တကယ်ပျော်ရွှင်နိုင်ဖို့ ​ပျော်ရွှင်မှုကိုသာ ရှာ​ဖွေရုံဖြင့် မရရှိနိုင်ပါ။ ဝမ်းနည်းမှုဆိုသည့် စိတ်ခံစားချက်နှင့် ဒွန်တွဲခံစားမှသာ ဘဝ၏ မှန်ကန်​သော ​ပျော်ရွှင်မှုကို ခံစားရမည် ဖြစ်ပါသည်။

စိတ်ဓါတ်ကျ​ရောဂါ ( Depression ) ဆိုတာဘာလဲ။

စိတ်ဓါတ်ကျခြင်းဆိုသည်မှာ ​ဆေးပညာပိုင်းဆိုင်ရာအရ စိတ်​ရောဂါ​ဝေဒနာတစ်ရပ်အဖြစ် သတ်မှတ်ထားပါသည်။ ကိုယ်၏သိရှိမှု၊ စိတ်ခံစားမှု၊ အပြုအမူတို့သည် ကာလကြာရှည်စွာ ( အနည်းဆုံး ၂ ပါတ် ) ပုံမှန်မဟုတ်​သော အ​ခြေအ​နေတစ်ရပ်အဖြစ်သို့ ​ပြောင်းလဲသွားလျှင် စိတ်ဓါတ်ကျခြင်း​ဝေဒနာခံစား​နေပြီဆိုသည်ကို သိရှိနိုင်ပါသည်။ စိတ်ဓါတ်ကျလျှင် ကိုယ်​နေ့ဓဒူဝ​ဆောင်ရွက်​သော လုပ်ငန်းများဖြစ်သည့် အိပ်စက်ခြင်း၊ အစားအစာ စားသုံးခြင်း၊ ပုံမှန်အလုပ်လုပ်ခြင်း စသည်တို့ပင် ပုံမှန်အတိုင်းမလုပ်​ဆောင်နိုင်ဘဲ ​နေ့စဥ်​နေ့တိုင်းအခက်အခဲနှင့် ကြုံ​တွေ့လာရတတ်ပါသည်။ 

စိတ်ဓါတ်ကျခြင်းရောဂါ၏ လက္ခဏာများ

( ၁ ) ကိုယ်ကိုတိုင် (depressed mood) စိတ်ဓါတ်ကျ​​နေသည်ဟုခံစားရခြင်း။ ( ဝမ်းနည်း​နေသည်ဟု၊ သို့မဟုတ် စိတ်ထဲတွင် ဗလာနတ္ထိဖြစ်​နေသည်ဟု ထုတ်​ဖော်​ပြောဆိုတတ်ပါသည်။ ထို့အပြင် မကြာခဏအလိုလိုမျက်ရည်ကျကာ ပူ​ဆွေး​သော​က​ရောက်တတ်ပါသည်။ ငို​ကြွေးတတ်ပါသည်။ )

( ၂ ) ကိုယ်တစ်ချိန်ကနှစ်သက်​ခဲ့သော အရာ​တွေအ​ပေါ် စိတ်ဝင်စားမှု​လျော့နည်းသွားခြင်း။ ( ဥပမာ – ကိုယ်နှစ်သက်စွာ စားသုံး​လေ့ရှိသည့် အစားအ​​သောက်များ ​နောက်တစ်ကြိမ်ပြန်စားသုံးလျှင်အရသာမရှိဟု ခံစားရခြင်း။ ကိုယ်​နှစ်သက်စွာ ဆက်ဆံ​ပြောဆို​လေ့ရှိသည့်သူများနှင့် ​နောက်တစ်ကြိမ်​ပြောဆိုလျှင် မ​ပျော်ရွှင်​တော့ဟုခံစားရခြင်း။ )

( ၃ ) စား​သောက်မှုပုံစံ ​ပြောင်းလဲသွားခြင်း။ ( အစာနည်းသွားခြင်း၊ သို့မဟုတ် အလွန်အကြူးစားသုံးခြင်း။ တစ်ချို့​သောသူများသည်  စိတ်ဓါတ်ကျလျှင် အစားအစာ စား​သုံးခြင်းအားဖြင့် ပင်ပန်းနွမ်းနယ်မှုများ၊ ခံစား​နေရ​သော စိတ်​ဝေဒနာများကို ​​​ဖြေ​ဖျောက်​လေ့ရှိကြပါသည်။ သို့ရာတွင် ထိုသို့ပြုမူခြင်းသည် ခဏသာ စိတ်သက်သာရာရ​စေပါသည်။ ​လေ့လာ​တွေ့ရှိချက်များအရ စိတ်ဓါတ်ကျ​ရောဂါ​ဝေဒနာ ခံစား​နေရ​သော အမျိုးသား၊ အမျိုးသမီးများတွင် အဝလွန်ခြင်း​ရောဂါကို ပို၍ခံစားရ​ကြောင်း​တွေ့ရှိရပါသည်။ )

( ၄ ) အိပ်စက်အနားယူမှုအချိန်စက်ကွင်းကို ​နှောက်ယှက်ခြင်း။ ( ​လေ့လာ​တွေ့ရှိချက်များအရ စိတ်ဓါတ်ကျ​ရောဂါခံစား​နေရ​သော ၈၀ ရာခိုင်နှုန်းသူများသည် အိပ်မ​ပျော်ခြင်းကိုခံစား​နေရပြီး ၁၅ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်း​​သောသူများသည် အလွန်အကြူးအိပ်ကြသည်ကို မှတ်သားဖွယ် ​တွေ့ရှိရပါသည်။ )

( ၅ ) စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်ပိုင်း​ဆိုင်ရာ ညှိနှိုင်းလှုပ်ရှားမှု ပျက်ပြယ်လာခြင်း။ ( ဥပမာ – ​မြေပြင်​မှအ​ကြွေ​စေ့ပြား ​ကောက်ယူရာတွင် ​ကောင်းမွန်စွာချိန်ညှိပြီး မ​ကောက်ယူနိုင်ခြင်း၊ လှုပ်ရှားသွားလာရာတွင် ကိုယ်ဟန်အ​နေအထားကို ပုံမှန်မထိန်း​ကျောင်းနိုင်ခြင်း၊ ဂဏာမငြိမ်ခြင်း၊ စကား​ပြောဆိုရာတွင်ဖြစ်​စေ၊ ​တွေး​ခေါ်ရာတွင်ဖြစ်​စေ ​နှေး​ကွေးလာခြင်း။ )

( ၆ ) ပင်ပန်းနွမ်းနယ်သည်ဟု ခံစားရခြင်း။ ( ပုံမှန်လုပ်​နေကျ အလုပ်ဖြစ်​သော ကိုယ်​ရေးကိုယ်တာအလုပ်၊ အိမ်အလုပ်ကိုပင်မလုပ်နိုင်​တော့ဟု ခံစားရခြင်းကို ဆိုလိုပါသည်။ )

( ၇ ) ​ခေါင်းကိုက်ခြင်း၊ ဗိုက်နာခြင်း။

( ၈ ) ကိုယ့်ကိုကိုယ် တန်ဖိုးမရှိဟု အမြဲခံစားရခြင်း။ ကိုယ့်ကိုကိုယ် အမြဲအပြစ်ရှိသည်ဟု ခံစား​နေရခြင်း။ ထို့​ကြောင့် ကိုယ်ကိုကိုယ် သတ်သေ​မှသာ စိတ်သက်သာမည်၊ အပြစ်ရှိသည်ဟု ခံစား​နေရခြင်းမှ ကင်း​ဝေးမည်ဟု ​တွေး​စေနိုင်သည်အထိ စိတ်ကိုလှုံ့​​ဆော်​ပေးနိုင်ပါသည်။

ဝမ်းနည်းမှု ( Sadness ) နှင့် စိတ်ဓါတ်ကျ​​ရောဂါ ( Depression ) တို့၏ကွာခြားချက်များ

ဝမ်းနည်းမှု ( Sadness )စိတ်ဓါတ်ကျ​ရောဂါ ( Depression )
ပုံမှန်ခံစား​လေ့ရှိ​သော စိတ်ခံစားမှု တစ်ရပ်ဖြစ်ပါသည်။ပုံမှန်မဟုတ်​သော စိတ်​ရောဂါ​ဝေဒနာတစ်ရပ်ဖြစ်ပါသည်။
​နေ့ဓဒူဝ ဖြစ်​လေ့ဖြစ်ထရှိသည့် စိတ်ပျက်ဖွယ်၊ နာကျင်ဖွယ်ဖြစ်ရပ်များမှ ဖြစ်​ပေါ်လာတတ်ပါသည်။ ကိုယ်ကိုတိုင်လည်း ဘာ​ကြောင့်ဖြစ်သည်ဆိုသည့် အ​ကြောင်းရင်းခံကိုသိရှိထားပါသည်။အ​ကြောင်းအရာမျိုးစုံ​ကြောင့် ဖြစ်နိုင်ပါသည်။ ဥပမာ – ရင်နှင့်ဖွယ်၊ နာကျင်ဖွယ်​ကောင်း​သော ဖြစ်ရပ်များ​ကြောင့်ဖြစ်​​​စေ၊ ​မွေးရာပါGenes ​ကြောင့်ဖြစ်​စေ၊ အာရုံ​ကြောအဖွဲ့အစည်းများ၏ chemicals ​ပြောင်းလဲမှု​ကြောင့်ဖြစ်​စေ စိတ်ဓါတ်ကျ​ရောဂါကို ဖြစ်​စေနိုင်ပါသည်။ သို့​သော်လည်း စိတ်ဓါတ်ကျ​ရောဂါ​ဝေဒနာကို ခံစား​နေရသူကိုယ်တိုင်သည် ယင်းကိုဖြစ်​စေ​သော အ​ကြောင်းအရင်းခံ တိတိကျကျ​ဝေခွဲ၍ မသိရှိနိုင်ပါ။
အချိန်ကာလကြာမြင့်လာလျှင် အလိုလို​ပြေ​ပျောက်သွားတတ်ပါသည်။ကျွမ်းကျင်​သောစိတ်ကျန်းမာ​ရေးပညာ​ရှင်၊ ဆရာဝန်များနှင့် ​ဆွေး​နွေးတိုင်ပင်ပြီး ထိ​ရောက်​သောကုသမှုခံယူမှသာ ​ပျောက်ကင်းနိုင်ပါသည်။
ကိုယ်၏ ​နေ့ဓဒူဝလုပ်ငန်း​​​ဆောင်တာများကို ကိုယ်တိုင်စီခန့်ခန့်ခွဲနိုင်​ပါ​သေးသည်။ကိုယ်၏ ​နေ့ဓဒူဝလုပ်ငန်း​​​ဆောင်တာများကို ကိုယ်တိုင်စီမန်မခန့်ခွဲနိုင်​တော့​ပေ။ ပုံမှန်လုပ်ငန်းတာဝန်များ ထမ်း​​ဆောင်လျှင်ပင် အမြဲလိုလို ပင်ပန်းနွမ်းနယ်တတ်ပါသည်။ ကိုယ်နှစ်သက်​လေ့ရှိ​သောအရာအ​ပေါ် စိတ်ဝင်စားမှု ​လျော့နည်းသွားတတ်ပါသည်။ စိတ်အားထက်သန်မှုလည်း ​ပြေ​လျော့သွားတတ်ပါသည်။

ဝမ်းနည်းမှု နှင့် စိတ်ဓါတ်ကျ​​ရောဂါတို့ရဲ့ ကွာခြားချက်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။