စိတ်ဒဏ်ရာ (Trauma)

စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေ ဆိုသည်မှာ လူတစ်ယောက်အတွက် တုန်လှုပ်ခြောက်ခြားစေသော အဖြစ်အပျက်ဖြစ်ပြီး ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းထက်ပိုသော ထိတ်လန့်တုန်လှုပ်ဖွယ် အတွေ့အကြုံဖြစ်ပါသည်။

ဘယ်အသက်အရွယ်မှာ စိတ်ဒဏ်ရာရနိုင်ပါသလဲ။

  • စိတ်ဒဏ်ရာ ရစေနိုင်သော အတွေ့အကြုံ၊ အဖြစ်အပျက်ကို  အသက်အရွယ်မရွေး ကြုံတွေ့နိုင်ပါသည်။

စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများ

*** ကိုယ်တိုင်ကြုံတွေ့ခြင်း သို့မဟုတ် မြင်တွေ့ခြင်း

  • အသက်အန္တရာယ်ဖြစ်စေနိုင်၊ သေဆုံးစေနိုင်သောဒဏ်ရာရစေနိုင်သည့် အခြေအနေများ။ (ဥပမာ – ရုတ်တရက် အိမ်မီး​လောင်ခြင်းကို ကြုံ​တွေ့ခဲ့ရခြင်း။ သဘာဝ​ဘေးအန္တရာယ်ကျ​ရောက်သည်ကို မျက်မြင်ကိုယ်​တွေ့ ကြုံခဲ့ရခြင်း။)
  • အလွန်အမင်း ထိတ်လန့်စေသော အဖြစ်အပျက်များ။ (ဥပမာ – စစ်အတွင်း ထိတ်လန့်ဖွယ် အဖြစ်အပျက်များ ကြုံ​တွေ့ခဲ့ရခြင်း။ ရက်စက်စွာ ပြန်​ပေးဆွဲခံခဲ့ရခြင်း။)
  • အိမ်တွင်းအကြမ်းဖက်မှုနှင့် အခြား အကြမ်းဖက်မှုများကို ကြုံတွေ့/မြင်တွေ့ရခြင်း။

*** ကိုယ်တိုင်ကြားသိရခြင်း

  • မမျှော်လင့်ထားသော/ ဆိုးရွားသော သေဆုံးမှု။ (ဥပမာ –  မိသားစုဝင် (သို့မဟုတ်) ချစ်ခင်ရသူ တစ်ယောက်ယောက်သေဆုံးမှုကို ရုတ်တရက် ကြားသိရခြင်း။)
  • အသက်အန္တရာယ်ခြိမ်းခြောက်ခံရမှုများကို ကြားသိရခြင်း။ (ဥပမာ – ဖုန်း​ခေါ်ဆိုခြင်းမှ ဖြစ်​စေ၊ Message ​ပေးပို့ခြင်းမှဖြစ်​စေ အသက်ခြိမ်း​ခြောက်မှုကို ကြားသိရခြင်း။)

ဘယ်လို တုံ့ပြန်မှုတွေရှိနိုင်ပါသလဲ။

  • စိတ်ဒဏ်ရာသည် လူတွေကိုနည်းမျိုးစုံနဲ့ သက်ရောက်နိုင်ပြီး လူတွေရဲ့ တုံ့ပြန်မှုကလဲ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။

စိတ်ဒဏ်ရာသည် လူတစ်ယောက်၏ ထင်မြင်ယူဆချက်နှင့်သာ သီးသန့်သက်ဆိုင်သောအရာဖြစ်ပါသည်။ ဆိုလိုသည်မှာ တစ်စုံတစ်ယောက်ကို ထိတ်လန့်တုန်လှုပ်စေသော ကိစ္စတစ်ခုသည် အခြားသူတစ်ဦးကို တူညီစွာသက်ရောက်မှု ရှိချင်မှ ရှိနိုင်မည် ဖြစ်ပါသည်။

ယေဘုယျအားဖြင့် စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေကြုံတွေ့ ရသူ အများစုသည် ရက်ပိုင်း၊ လပိုင်းအတွင်း ပုံမှန် ပြုမူလှုပ်ရှားနိုင်ရန် ခက်ခဲလေ့ရှိပြီး အောက်ပါတို့ကို ခံစားရနိုင်ပါသည်။

  • အိမ်၊ အလုပ်၊ ကျောင်းတွင် ပုံမှန် မလည်ပတ်နိုင်ခြင်း။
  • စိတ်ခံစားမှုများ ထုံထိုင်း​လေးလံခြင်း၊ စိတ်ခံစားချက်ကင်းမဲ့/ စိုးရိမ်ပူပန်ခြင်း။
  • ပတ်ဝန်းကျင်တွင် အာရုံစူးစိုက်နိုင်မှု မရှိခြင်း။
  • ဖြစ်ပျက်ခဲ့​သော အရာများကို အမှန်တကယ် ဖြစ်နေတာလို့မထင်မြင်ခြင်း။
  • အဖြစ်ဆိုးများကို ထပ်ခါ၊ထပ်ခါ မြင်ယောင်ခြင်း၊ အိပ်မက်မက်ခြင်း။
  • အိပ်မပျော်ခြင်း။
  • စိတ်ဆတ်လွယ်ခြင်း။
  • အဖြစ်ဆိုးကို သတိရစေသည့် အရာမှန်သမျှကို သတိကြီးစွာ ရှောင်ရှား​နေရခြင်း။

ဘယ်လောက်ကြာကြာ ခံစားရမလဲ။

  •  စိတ်ဒဏ်ရာအပေါ် တုံ့ပြန်သည့် လက္ခဏာများကို အချိန်ကာလတစ်ခု ခံစားရတတ်ပါသည်။ အများအားဖြင့် (၃)ရက် မှ (၁)လ အတွင်း ခံစားရမှုများ ပိုမိုပြင်းထန်နိုင်ပြီး ထိုကာလနောက်ပိုင်းတွင် ကာကွယ်ထောက်ပံ့ပေးသော အချက်များ နှင့် ကြံ့ကြံ့ခံနိုင်မှုတို့အပေါ် မူတည်၍ လျော့ပါးသက်သာလာနိုင်ပါသည်။ အကယ်၍ မသက်သာပဲ လက္ခဏာများကို ဆက်လက်ခံစားနေရပါက  စိတ်ဒဏ်ရာအလွန် ဖိစီးမှု ဝေဒနာ Post Traumatic Stress Disorder (PTSD) ကို ခံစားနေရပြီလားဟု ဆန်းစစ်သင့်ပါသည်။

စိတ်ဒဏ်ရာရစေနိုင်သော အခြေအနေများနဲ့တုံ့ပြန်မှုတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။