ပူဆွေးသောကရောက်ခြင်း (Grief) ဆိုတာဘာလဲ။
ပူဆွေးသောကရောက်ခြင်းဆိုသည်မှာ ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ကြုံတွေ့ရသည့်အခါ စိတ်တွင်းမှ တုံ့ပြန်ပေးသည့် စိတ်၏တုံ့ပြန်မှုအရာ တစ်ခု ဖြစ်ပါသည်။
မည်သည့်အချိန်တွင် ပူဆွေးသောကကို ခံစားရလေ့ရှိသနည်း။
အများအားဖြင့် တစ်စုံတစ်ခုကို ဆုံးရှုံးသွားသည့်အခါ ပူဆွေးသောကကို ခံစားရလေ့ရှိပါသည်။ ဆုံးရှုံးသွားသည့်အရာ အမျိုးမျိုးဖြစ်နိုင်၏။
- ချစ်ခင်ရသည့်သူကို ဆုံးရှုံးခြင်း၊ (သေကွဲ/ရှင်ကွဲ)
- Relationship/ အိမ်ထောင်ပြိုကွဲခြင်း၊
- ကိုယ်ဝန်ပျက်ကျခြင်း၊
- အိမ်မွေးတိရစ္ဆာန် ဆုံးရှုံးခြင်း၊
- အလုပ် ဆုံးရှုံးခြင်း၊
- ဘဝနေထိုင်မှု ပုံစံပြောင်းလဲလိုက်ရခြင်း၊
- မွေးရပ်မြေကို စွန့်ခွါရခြင်း၊ အိမ်နဲ့ခွဲရခြင်း၊ မိသားစု၊ သူငယ်ချင်းများနဲ့ ခွဲခွါရခြင်း။
ဆုံးရှုံးရသည့်အရာမှာ ကိုယ့်အတွက် တန်ဖိုးကြီးလေလေ၊ ပူဆွေးသောက ရောက်ရလေပဲ ဖြစ်ပါသည်။
မည်သို့ သက်ရောက်မှုတွေရှိနိုင်မည်နည်း။
ပူဆွေးသောကရောက်ခြင်းသည် လူတွေကို နည်းမျိုးစုံဖြင့် သက်ရောက်နိုင်ပြီး လူအများ၏ တုံ့ပြန်မှုမှာလဲ ပုံစံမျိုးစုံဖြစ်နိုင်ပါသည်။ တုံ့ပြန်မှုပုံစံကို အောက်ပါအတိုင်း (၃) ပိုင်းခြား၍ လေ့လာနိုင်ပါသည်။
( ၁ ) စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။
( ၂ ) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု။
( ၃ ) အပြုအမူပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပုံစံ နှင့် အခြားသူတွေနဲ့ ဆက်ဆံမှုပိုင်းဆိုင်ရာ တုံ့ပြန်မှု။
( ၁ ) စိတ်ခံစားချက်ပိုင်းဆိုင်ရာ တုံ့ပြန်မှု
- စိတ်ခံစားချက်အနေဖြင့် ဝမ်းနည်းခြင်း၊ ဒေါသထွက်ခြင်း၊ စိတ်ပူခြင်း၊ အထီးကျန်ခြင်း၊ တစ်စုံတစ်ရာ အပေါ် နောင်တရနေခြင်း၊ အပြစ်ရှိသလိုခံစားနေရခြင်း စသည့် စိတ်ခံစားချက်ဆိုင်ရာ ပြောင်းလဲမှုမှုများနှင့် တုံ့ပြန်ကာ ဖော်ပြတတ်ပါသည်။
( ၂ ) ခန္ဓာကိုယ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု
- ခန္ဓာကိုယ်အနေဖြင့် အိပ်မပျော်ခြင်း၊ ရင်ထဲ တင်းကျပ်၍ အသက်ရှူရခက်ခဲခြင်း၊ ကိုယ်အလေးချိန် ပြောင်းလဲမြန်ခြင်း စသည့် ပြောင်းလဲမှုလက္ခဏာရပ်များဖြင့် တုံ့ပြန်ဖော်ပြတတ်ပါသည်။
( ၃ ) အပြုအမူပိုင်းဆိုင်ရာ၊ တွေးခေါ်မှုပုံစံ နှင့် အခြားသူတွေနဲ့ ဆက်ဆံမှုပိုင်းဆိုင်ရာ တုံ့ပြန်မှု
- အများနှင့် ပေါင်းသင်းဆက်ဆံရသည်ကို ပျော်မွေ့သူသည် ရုတ်တရက် ပူဆွေးသောကရောက်သည့်အခါ (သို့မဟုတ်) ပူဆွေးသောကရောက်ပြီးနောက် တစ်ယောက်ထဲနေထိုင်သည်ကို ပို၍ နှစ်သက်လာခြင်း၊ တစ်ယောက်တည်းနေထိုင်ကာ ခံစားချက်များကို ဖြေလျှော့ခြင်း ၊ တချို့မှာမူ အများက နှစ်သိမ့်ပေးလျှင်အနေအထိုင် ပိုသက်သာခြင်း စသည့် ပြောင်းလဲမှုပိုင်းဆိုင်ရာများနှင့် တုံ့ပြန်ကာ ဖော်ပြတတ်ပါသည်။
- အဓိက အချက်မှာမူ ပူဆွေးသောကရောက်ခြင်း၊ ခံစားနေရခြင်းသည် ပုံသေမဖြစ်နိုင်ပါ။ အချိန်ကာလအပိုင်းအခြား ကိုလည်း သတ်မှတ်လို့မရနိုင်ပါ။ အမြဲတမ်းတောက်လျှောက် ပူဆွေးသောကရောက်နေမည်လည်း မဟုတ်ပါ။ သို့သော် တစ်ချို့အဖြစ်အပျက်များ၊ အမှတ်တရများနှင့် တိုက်ဆိုင်လာလျှင် ပြင်းပြင်းထန်ထန် ပိုခံစားရလေ့ ရှိသည့်အတွက် ပူဆွေးသောကရောက်လာပြီ ဆိုလျှင်
- ဦးဆုံး မိမိခံစားချက်ကို အသိအမှတ်ပြုပေးပါ။
- ခံစားချက်ကို ချုပ်တည်းမထားပါနှင့်။ နည်းမှန်လမ်းမှန် ဖွင့်ချပေးပါ။
- မိမိကိုယ်ကို ဝမ်းနည်းခွင့်၊ ပူဆွေးခွင့်ပေးပါ။
သို့သော် ပူဆွေးရသည့် ခံစားချက်မှာ အားအင်ကုန်ခန်းရသည့်၊ ပင်ပန်းရသည့် အရာဖြစ်သည့်အတွက်
- အခြေခံကျသည့် အစားအသောက်နှင့် နှစ်ခြိုက်စွာအိပ်ပျော်နိုင်ရေးကို အထူးဂရုစိုက်ပေးဖို့ လိုအပ်ပါသည်။
- ဖြစ်နိုင်လျှင် မိမိယုံကြည်ရသည့်သူတွေထံ မိမိ၏ခံစားချက်များကို ရင်ဖွင့်ပြောပြခြင်းဖြင့် စိတ်၏သက်သာရာ လမ်းကြောင်းကို ရှာဖွေနိုင်ပါသည်။
- ထို့အပြင် စိတ်ခံစားချက်များကို သက်သာစေဖို့ရန်အတွက် ခံစားချက်များကို ချရေးခြင်းမျိုး၊ အမှတ်တရအပင်စိုက်ခြင်းမျိုးလည်း ပြုလုပ်နိုင်ပါသည်။
အချုပ်အားဖြင့် ဆိုရသော် ပူဆွေးသောကရောက်မှုသည် အချိန်လိုအပ်သည့်ကိစ္စတစ်ခုဖြစ်ပြီး ကိုယ်တိုင် ရင်ဆိုင်ဖြေရှင်းရမည့် အရာတစ်ခုလည်းဖြစ်ပါသည်။ လွမ်းဆွတ်ခြင်း၊ ပူဆွေးခြင်းများကို ခံစားနေရင်း မိမိကို စိတ်ပျော်စေသည့် အရာ “Healthy Copping Methods” များ လုပ်ဆောင်ရင်း၊ မိမိကိုယ်ကိုလဲ ဂရုစိုက်ရင်း၊ မိသားစု၊ သူငယ်ချင်းများနှင့် အဆက်အသွယ်လုပ်ရင်း ကျော်ဖြတ်ရမည့် အရာ ဖြစ်ပါသည်။ လိုအပ်ပါက နားလည်တတ်ကျွမ်းသူများ၏ အကူအညီကိုလဲ ရယူဖို့၊ တိုင်ပင်ဆွေးနွေးဖို့ အရေးကြီးလှပါသည်။ ပူဆွေးသောကရောက်ခြင်းသည် ပျော့ညံ့ခြင်း မဟုတ်သည့်အတွက် မိမိကိုယ်ကို အပြစ်မတင်နှင့်။ ကျန်းမာစွာ ရှင်သန်နေထိုင်ပါ။ အားတင်းထားပါ။
ပူဆွေးသောကရောက်ခြင်းရဲ့ အပြုအမူပိုင်းဆိုင်ရာတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။