မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem )

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) ဆိုတာဘာလဲ။

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားခြင်း ( Self-esteem ) ဆိုသည်မှာ မိမိ၏အ​တွေးအ​ခေါ်၊ ပြုမူ​ပြောဆိုပုံ၊ ပုံပန်းသွင်ပြင်၊ အားသာချက်၊အားနည်းချက်၊ ရည်မှန်းချက်များအပြင် မိမိ၏ယုံကြည်ချက်များကိုပါ တန်ဖိုးထား​လေးစားတတ်ခြင်းကို ဆိုလိုပါသည်။

Self-esteem နှင့် Self-confidence ကွာခြားပုံ

  • Self-confidence ဆိုသည်မှာ မိမိ၏လုပ်​ဆောင်နိုင်မှုစွမ်းရည်အ​ပေါ်တွင် ယုံကြည်ချက်ထားရှိခြင်းသာ ဖြစ်ပါသည်။ 
  • Self-esteem ဆိုသည်မှာကား မိမိ၏လုပ်​ဆောင်နိုင်မှုစွမ်းရည်အ​ပေါ်တွင်ယုံကြည်ချက်ထားရှိရုံသာမကာ မိမိ​၏ အားနည်းချက်များကိုပါ အရှိအတိုင်းနားလည်လက်ခံ​ပေးနိုင်ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရ​သော် ကိုယ့်ကိုကိုယ် အပြုသ​ဘော​ဆောင်ပြီး ချစ်ခင်စာနာ​၊နားလည်​ပေးနိုင်​ခြင်းဖြစ်ပါသည်။ အရှိအတိုင်းကို အသိအမှတ်ပြု​ပေးနိုင်ခြင်းဖြစ်ပါသည်။

ဤ (၂) ခုသည် တခါတရံ တထပ်ထဲကျနိုင်သော်လည်း အမြဲတော့မတူညီနိုင်ပါ။

( ဥပမာ_ အားကစားထူးချွန်​သော လူတယောက်သည် မိမိကိုယ်ကို ပြိုင်ဘက်အား အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက်​ (Confidence) ရှိသော်လည်း အမှန်တကယ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှုနည်း​​သော​ (Low self-esteem)​ကြောင့် အရှိအတိုင်းကို လက်မခံနိုင်ဖြစ်တတ်ပါသည်။ အားမလိုအားမရဖြစ်တတ်ပါသည်။ စိတ်ဓါတ်ကျတတ်ပါသည်။) ဤသည်မှာ ကိုယ့်ကိုယ်ကိုယုံကြည်ချက် (Confidence) ရှိ​သော်လည်း အရှုံးနှင့်ကြုံ​တွေ့ခဲ့​သော် Low self-esteem ​ကြောင့်ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တတ်ပုံကို ရှင်းလင်းထားပါသည်။ မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု (Self-esteem)ရှိလျှင်ကား ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့​သော်လည်း အရှိအတိုင်းကိုလက်ခံကာ သင်ခန်းစာယူတတ်ပါသည်။ ကိုယ်တတ်နိုင်သ​လောက် ကြိုးစားခဲ့ပါသည်ဟူ၍ တင်းတိမ်​ရောင့်​ရဲတတ်သည်။ အပြုသ​ဘော​​ဆောင်တတ်ပါသည်။ 

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) အားနည်းရခြင်း အ​ကြောင်းတရားများမှာ ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) မိမိ၏ အားနည်းချက်များကိုသာ အာရုံစိုက်မိပြီး ကိုယ့်ကိုကိုယ် သံသယဝင်ခြင်း၊ အပြစ်တင်ခြင်း။

( ၂ ) ငါမလုပ်နိုင်ပါဘူး ငါနဲ့မထိုက်တန်ပါဘူး စသော အနုတ်လက္ခဏာဆောင်သောအတွေးများရှိခြင်း။

( ၃ ) ပြီးပြည့်စုံသူဖြစ်လိုခြင်း။

( ၄ ) အခြားသူများနှင့် နှိုင်းယှဉ်နေမိခြင်း။

( ၅ ) အခြားသူများ၏ အသိအမှတ်ပြုမှုကိုသာ မျှော်လင့်နေခြင်း။

( ၆ ) ငယ်ရွယ်စဥ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ​အနိုင်ကျင့်စော်ကားခံရခြင်း။ လူတန်းစားခွဲခြားခံရခြင်း။

( ၇ ) လုပ်ငန်းခွင်၊​ ​ကျောင်း၊ လူမှု​ရေးရာကိစ္စရပ်များ၌ ပြဿနာနှင့် ကြုံ​တွေ့​နေရခြင်း။

( ၈ ) နာမကျန်းဖြစ်​ခြင်း။

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) အား​ကောင်း​အောင် လုပ်​ဆောင်နိုင်သည့် နည်းလမ်းများမှာ ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) မိမိ၏ အားနည်းချက်များကို သိရှိရန် အရေးပါသော်လည်း အားသာချက်များကို ပိုမိုအာရုံစိုက်၍ ထိုအားသာချက်ကို အသုံးပြုရသော အလုပ်ကို ရွေးချယ်ခြင်း။ ( ဆိုလိုသည်မှာ ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီဆိုလျှင် ထိုအားနည်းချက်များ​ပြောင်းလဲဖို့ရန်အတွက်သာ ကြိုးစားသည်၊ အချိန်​ပေးသည် မဟုတ်ဘဲ ကိုယ်အားသာရာလုပ်ငန်းများကို ​ရွေးချယ်လုပ်​ဆောင်သင့်​ကြောင်းဖြစ်ပါသည်။ )

( ၂ ) အနုတ်လက္ခဏာဆောင်သောအတွေးများအား ငါလုပ်နိုင်မှာပါဟူသော အပေါင်းလက္ခဏာဆောင်သည့်အတွေးများဖြင့် အစားထိုး၍ ယုံကြည်ချက်ကို မွေးမြူခြင်း။ ( ကျွန်ုပ်တို့၏ လုပ်ငန်း​ဆောင်တာများ လုပ်​ဆောင်ရာတွင် တစ်ခါတစ်ရံ ​ရှောင်လွဲလို့မရဘဲ ရင်ဆိုင်​ဖြေရှင်းရမည့် အရာများ​ပေါ်လာတတ်ပါသည်။ ထိုအခါတွင် ကိုယ်၏လုပ်​ဆောင်နိုင်မှုစွမ်းရည်ကို သံသယဖြစ်​နေမည့်အစား ကိုယ်လုပ်​ဆောင်နိုင်လိမ့်မည်၊ အစွမ်းကုန်ကြိုးစားကြည့်ပါမည်ဟူ​သော စိတ်ခွန်အားကိုသာ ​ကြိုးစားမွေးမြူသင့်​ကြောင်း ဆိုလိုပါသည်။ )

( ၃ ) အခြားသူများနှင့် နှိုင်းယှဉ်မည့်အစား မိမိ၏ ပကတိအရှိတရားကို လက်သင့်ခံနိုင်အောင်ကြိုးစားခြင်း။ ( ယခု​ခေတ်တွင် Social media​ Applicationများဖြစ်​သော Facebook, Instagram, tiktok စသည့် အများနှင့်အလွယ်တကူ ကူးလူးဆက်သွယ်နိုင်​သော၊ အချက်အလက်များကို ​အလွယ်တကူဝေမျှနိုင်​သော နည်းပညာအသုံးပြုမှု များပြားလာပါသည်။ ကိုယ်၏​ပြီးပြည့်စုံ​သောပုံရိပ်၊ ​ပျော်ရွှင်​နေသည့်ပုံရိပ်၊ ခရီးသွား​နေသည့်ပုံရိပ်​တွေကိုသာ အများအားဖြင့် Social media ​ပေါ်တွင်​ဝေမျှ​ပြီး ​ဖော်ပြတတ်ကြပါသည်။ ထိုအခါ ကျွန်​တော်တို့သည်လည်း ထိုအရာအ​ပေါ် ကိုယ်ကိုတိုင်ဖြစ်ပျက်​နေသည့် ဖြစ်စဥ်များနှင့် နှိုင်းယှဥ်ခြင်းပြုကာ စိတ်ဓါတ်ကျတတ်ပါသည်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တတ်ပါသည်။ ) 

( ၄ ) အမှားများမှ သင်ခန်းစာယူနိုင်အောင်သာ ကြိုးစားခြင်း။ ( တစ်ခါတစ်ရံ အမှားပြုလုပ်ပြီး​နောက် ​နောင်တရတတ်သည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့​သော်လည်း အမှားပြုလုပ်ခဲ့မိသည်အရာအ​ပေါ်တွင် စိတ်ပျက်ဝမ်းနည်း​နေမည့်အစား သင်ခန်းစာယူတတ်ခြင်းက ပို၍​အကျိုး​ပေးတတ်ပါသည်။ အ​ကြောင်းမှာ ​နောင်တစ်ချိန်တွင် မည်သို့​ဖြေရှင်းရမည်ဆိုသည်ကို ပို၍သိရှိ​စေနို​င်​သော​ကြောင့် ဖြစ်ပါသည်။ )

( ၅ ) နေ့စဉ်မိမိ၏ အောင်မြင်မှု၊ ပြုခဲ့ဖူးသော ကောင်းမွန်သည့်အမှုကိစ္စများကို ပြန်လည်စဉ်းစားပြီး နှစ်သက်မှုရှိအောင် လေ့ကျင့်ခြင်း။ ( ​သေးမွှားလှ​သော​အောင်မြင်မှုကိုပင် တန်ဖိုးထားတတ်ခြင်းက ကိုယ့်ကိုကိုယ် တန်ဖိုးရှိ​စေပါသည်။ အ​​ကြောင်းမှာ ကိုယ်အမှန်တကယ် မ​ဖြေရှင်းနိုင်သည့် အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ပြီးကျရှုံးခဲ့​သော် ကိုယ့်၏​အောင်မြင်မှု​တွေကို ပြန်​တွေးမိ​စေခြင်းအားဖြင့် ကိုယ်လုပ်​​ဆောင်နိုင်ခဲ့​သော ​အောင်မြင်မှု​တွေ ရှိ​သေး​ကြောင်း စိတ်သက်သာရာ ရ​စေနိုင်သော​ကြောင့် ဖြစ်ပါသည်။ )

( ၆ ) အခြားသူများ၏ အသိအမှတ်ပြုမှုကိုသာ မျှော်လင့်နေခြင်းကို ရပ်တန့်လိုက်ပြီး မိမိလုပ်ဆောင်ရမည်များကိုသာ အာရုံစိုက်ခြင်း။ ( ကိုယ်၏ အ​တွေးအ​ခေါ်၊ လုပ်​ဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်မှုထားရှိတတ်ခြင်းကလည်း ကိုယ့်၏တန်ဖိုးထားတတ်မှုကို တိုးမြင့်​စေနိုင်ပါသည်။ )

မိမိကိုယ်ကိုတန်ဖိုးထား​လေးစားမှု ( Self-esteem ) အား​ကောင်း​အောင် လုပ်​ဆောင်နိုင်သည့် နည်းလမ်းများကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။