မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု ( Self-esteem ) ဆိုတာဘာလဲ။
မိမိကိုယ်ကိုတန်ဖိုးထားလေးစားခြင်း ( Self-esteem ) ဆိုသည်မှာ မိမိ၏အတွေးအခေါ်၊ ပြုမူပြောဆိုပုံ၊ ပုံပန်းသွင်ပြင်၊ အားသာချက်၊အားနည်းချက်၊ ရည်မှန်းချက်များအပြင် မိမိ၏ယုံကြည်ချက်များကိုပါ တန်ဖိုးထားလေးစားတတ်ခြင်းကို ဆိုလိုပါသည်။
Self-esteem နှင့် Self-confidence ကွာခြားပုံ
- Self-confidence ဆိုသည်မှာ မိမိ၏လုပ်ဆောင်နိုင်မှုစွမ်းရည်အပေါ်တွင် ယုံကြည်ချက်ထားရှိခြင်းသာ ဖြစ်ပါသည်။
- Self-esteem ဆိုသည်မှာကား မိမိ၏လုပ်ဆောင်နိုင်မှုစွမ်းရည်အပေါ်တွင်ယုံကြည်ချက်ထားရှိရုံသာမကာ မိမိ၏ အားနည်းချက်များကိုပါ အရှိအတိုင်းနားလည်လက်ခံပေးနိုင်ခြင်းဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ကိုယ့်ကိုကိုယ် အပြုသဘောဆောင်ပြီး ချစ်ခင်စာနာ၊နားလည်ပေးနိုင်ခြင်းဖြစ်ပါသည်။ အရှိအတိုင်းကို အသိအမှတ်ပြုပေးနိုင်ခြင်းဖြစ်ပါသည်။
ဤ (၂) ခုသည် တခါတရံ တထပ်ထဲကျနိုင်သော်လည်း အမြဲတော့မတူညီနိုင်ပါ။
( ဥပမာ_ အားကစားထူးချွန်သော လူတယောက်သည် မိမိကိုယ်ကို ပြိုင်ဘက်အား အနိုင်ရလိမ့်မည်ဟု ယုံကြည်ချက် (Confidence) ရှိသော်လည်း အမှန်တကယ်ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့လျှင် မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှုနည်းသော (Low self-esteem)ကြောင့် အရှိအတိုင်းကို လက်မခံနိုင်ဖြစ်တတ်ပါသည်။ အားမလိုအားမရဖြစ်တတ်ပါသည်။ စိတ်ဓါတ်ကျတတ်ပါသည်။) ဤသည်မှာ ကိုယ့်ကိုယ်ကိုယုံကြည်ချက် (Confidence) ရှိသော်လည်း အရှုံးနှင့်ကြုံတွေ့ခဲ့သော် Low self-esteem ကြောင့်ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တတ်ပုံကို ရှင်းလင်းထားပါသည်။ မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု (Self-esteem)ရှိလျှင်ကား ပြိုင်ပွဲ၌ ရှုံးနိမ့်ခဲ့သော်လည်း အရှိအတိုင်းကိုလက်ခံကာ သင်ခန်းစာယူတတ်ပါသည်။ ကိုယ်တတ်နိုင်သလောက် ကြိုးစားခဲ့ပါသည်ဟူ၍ တင်းတိမ်ရောင့်ရဲတတ်သည်။ အပြုသဘောဆောင်တတ်ပါသည်။
မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု ( Self-esteem ) အားနည်းရခြင်း အကြောင်းတရားများမှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) မိမိ၏ အားနည်းချက်များကိုသာ အာရုံစိုက်မိပြီး ကိုယ့်ကိုကိုယ် သံသယဝင်ခြင်း၊ အပြစ်တင်ခြင်း။
( ၂ ) ငါမလုပ်နိုင်ပါဘူး ငါနဲ့မထိုက်တန်ပါဘူး စသော အနုတ်လက္ခဏာဆောင်သောအတွေးများရှိခြင်း။
( ၃ ) ပြီးပြည့်စုံသူဖြစ်လိုခြင်း။
( ၄ ) အခြားသူများနှင့် နှိုင်းယှဉ်နေမိခြင်း။
( ၅ ) အခြားသူများ၏ အသိအမှတ်ပြုမှုကိုသာ မျှော်လင့်နေခြင်း။
( ၆ ) ငယ်ရွယ်စဥ်ကတည်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားခံရခြင်း။ လူတန်းစားခွဲခြားခံရခြင်း။
( ၇ ) လုပ်ငန်းခွင်၊ ကျောင်း၊ လူမှုရေးရာကိစ္စရပ်များ၌ ပြဿနာနှင့် ကြုံတွေ့နေရခြင်း။
( ၈ ) နာမကျန်းဖြစ်ခြင်း။
မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု ( Self-esteem ) အားကောင်းအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများမှာ အောက်ပါအတိုင်းဖြစ်၏။
( ၁ ) မိမိ၏ အားနည်းချက်များကို သိရှိရန် အရေးပါသော်လည်း အားသာချက်များကို ပိုမိုအာရုံစိုက်၍ ထိုအားသာချက်ကို အသုံးပြုရသော အလုပ်ကို ရွေးချယ်ခြင်း။ ( ဆိုလိုသည်မှာ ကိုယ့်အားနည်းချက်ကို ကိုယ်သိပြီဆိုလျှင် ထိုအားနည်းချက်များပြောင်းလဲဖို့ရန်အတွက်သာ ကြိုးစားသည်၊ အချိန်ပေးသည် မဟုတ်ဘဲ ကိုယ်အားသာရာလုပ်ငန်းများကို ရွေးချယ်လုပ်ဆောင်သင့်ကြောင်းဖြစ်ပါသည်။ )
( ၂ ) အနုတ်လက္ခဏာဆောင်သောအတွေးများအား ငါလုပ်နိုင်မှာပါဟူသော အပေါင်းလက္ခဏာဆောင်သည့်အတွေးများဖြင့် အစားထိုး၍ ယုံကြည်ချက်ကို မွေးမြူခြင်း။ ( ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်တာများ လုပ်ဆောင်ရာတွင် တစ်ခါတစ်ရံ ရှောင်လွဲလို့မရဘဲ ရင်ဆိုင်ဖြေရှင်းရမည့် အရာများပေါ်လာတတ်ပါသည်။ ထိုအခါတွင် ကိုယ်၏လုပ်ဆောင်နိုင်မှုစွမ်းရည်ကို သံသယဖြစ်နေမည့်အစား ကိုယ်လုပ်ဆောင်နိုင်လိမ့်မည်၊ အစွမ်းကုန်ကြိုးစားကြည့်ပါမည်ဟူသော စိတ်ခွန်အားကိုသာ ကြိုးစားမွေးမြူသင့်ကြောင်း ဆိုလိုပါသည်။ )
( ၃ ) အခြားသူများနှင့် နှိုင်းယှဉ်မည့်အစား မိမိ၏ ပကတိအရှိတရားကို လက်သင့်ခံနိုင်အောင်ကြိုးစားခြင်း။ ( ယခုခေတ်တွင် Social media Applicationများဖြစ်သော Facebook, Instagram, tiktok စသည့် အများနှင့်အလွယ်တကူ ကူးလူးဆက်သွယ်နိုင်သော၊ အချက်အလက်များကို အလွယ်တကူဝေမျှနိုင်သော နည်းပညာအသုံးပြုမှု များပြားလာပါသည်။ ကိုယ်၏ပြီးပြည့်စုံသောပုံရိပ်၊ ပျော်ရွှင်နေသည့်ပုံရိပ်၊ ခရီးသွားနေသည့်ပုံရိပ်တွေကိုသာ အများအားဖြင့် Social media ပေါ်တွင်ဝေမျှပြီး ဖော်ပြတတ်ကြပါသည်။ ထိုအခါ ကျွန်တော်တို့သည်လည်း ထိုအရာအပေါ် ကိုယ်ကိုတိုင်ဖြစ်ပျက်နေသည့် ဖြစ်စဥ်များနှင့် နှိုင်းယှဥ်ခြင်းပြုကာ စိတ်ဓါတ်ကျတတ်ပါသည်။ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်တတ်ပါသည်။ )
( ၄ ) အမှားများမှ သင်ခန်းစာယူနိုင်အောင်သာ ကြိုးစားခြင်း။ ( တစ်ခါတစ်ရံ အမှားပြုလုပ်ပြီးနောက် နောင်တရတတ်သည်မှာ ပုံမှန်ဖြစ်ပါသည်။ သို့သော်လည်း အမှားပြုလုပ်ခဲ့မိသည်အရာအပေါ်တွင် စိတ်ပျက်ဝမ်းနည်းနေမည့်အစား သင်ခန်းစာယူတတ်ခြင်းက ပို၍အကျိုးပေးတတ်ပါသည်။ အကြောင်းမှာ နောင်တစ်ချိန်တွင် မည်သို့ဖြေရှင်းရမည်ဆိုသည်ကို ပို၍သိရှိစေနိုင်သောကြောင့် ဖြစ်ပါသည်။ )
( ၅ ) နေ့စဉ်မိမိ၏ အောင်မြင်မှု၊ ပြုခဲ့ဖူးသော ကောင်းမွန်သည့်အမှုကိစ္စများကို ပြန်လည်စဉ်းစားပြီး နှစ်သက်မှုရှိအောင် လေ့ကျင့်ခြင်း။ ( သေးမွှားလှသောအောင်မြင်မှုကိုပင် တန်ဖိုးထားတတ်ခြင်းက ကိုယ့်ကိုကိုယ် တန်ဖိုးရှိစေပါသည်။ အကြောင်းမှာ ကိုယ်အမှန်တကယ် မဖြေရှင်းနိုင်သည့် အခက်အခဲပြဿနာများနှင့် ရင်ဆိုင်ပြီးကျရှုံးခဲ့သော် ကိုယ့်၏အောင်မြင်မှုတွေကို ပြန်တွေးမိစေခြင်းအားဖြင့် ကိုယ်လုပ်ဆောင်နိုင်ခဲ့သော အောင်မြင်မှုတွေ ရှိသေးကြောင်း စိတ်သက်သာရာ ရစေနိုင်သောကြောင့် ဖြစ်ပါသည်။ )
( ၆ ) အခြားသူများ၏ အသိအမှတ်ပြုမှုကိုသာ မျှော်လင့်နေခြင်းကို ရပ်တန့်လိုက်ပြီး မိမိလုပ်ဆောင်ရမည်များကိုသာ အာရုံစိုက်ခြင်း။ ( ကိုယ်၏ အတွေးအခေါ်၊ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို ယုံကြည်မှုထားရှိတတ်ခြင်းကလည်း ကိုယ့်၏တန်ဖိုးထားတတ်မှုကို တိုးမြင့်စေနိုင်ပါသည်။ )
မိမိကိုယ်ကိုတန်ဖိုးထားလေးစားမှု ( Self-esteem ) အားကောင်းအောင် လုပ်ဆောင်နိုင်သည့် နည်းလမ်းများကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။