အသက်ရှုလေ့ကျင့်ခန်းဟာ Relaxation techquie တွေထဲမှာ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး ဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းကို စိတ်ဖိစီးမှုတွေများနေတဲ့ အချိန်၊ စိုးရိမ်ပူပန်မှုတွေများနေတဲ့ အချိန် (သို့မဟုတ်) စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့ အချိန်တွေမှာ အကူအနေနဲ့ အသုံးပြုနိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်များ
- အသက်ရှူလေ့ကျင့်ခန်းပြုလုပ်ဖို့အတွက်ဆိုရင် ပထမဦးစွာ ကိုယ်ထိုင်နေတဲ့နေရာမှာ သက်တောင့်သက်သာလေးရှိအောင် ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အရင်ဆုံး သတိထားပြီးပြုပြင်လိုက်ပါ။ (ထိုင်ခုံပေါ်ထိုင်နေတယ်ဆိုရင် ခြေထောက် နှစ်ဖက်ကို ကြမ်းပြင်ပေါ်ချထားလိုက်ပါ။ ကြမ်းပြင် (သို့မဟုတ်) ကုတင်လိုနေရာမျိုးမှာ ထိုင်နေတယ်ဆိုရင် တင်ပျင်ခွေနိုင်တယ်ဆိုလို့ရှိရင်လည်း တင်ပျင်ခွေထိုင်နိုင်ပါတယ်။ အဓိကကတော့ သက်တောင့်သက်သာ ဖြစ်နေဖို့ အရေးကြီးပါတယ်။)
- ညာဘက်လက်ကို ရင်ဘတ်ပေါ်တင်ပြီး ဘယ်ဘက်လက်ကို ဗိုက်ပေါ် တင်လိုက်ပါ။
- မျက်စိမိတ်ထားလို့ အာရုံစူးစိုက်မှု ပိုကောင်းမယ်ဆိုရင် မျက်စိမိတ်ထားပေးပါ။
- စိတ်အာရုံကို အသက်ရှူသွင်း၊ ရှူထုတ်တာပေါ်မှာ အာရုံစိုက်ထားပြီးတော့ ပုံမှန်အသက်ရှူသွင်း၊ ရှူထုတ်သလိုမျိုး (၃) ကြိမ်လောက် ပြုလုပ်ပေးပါ။
- ဒီတစ်ခါမှာတော့ အသက်ကို ပြင်းပြင်းရှူသွင်းကြည့်ပါမယ်။ ပြီးသွားရင် ခဏ အောင့်ထားမယ်။ အောင့်ထားချိန်မှာ ကိုယ့်ဘာသာကိုယ် ၁၊ ၂၊ ၃ စသည်ဖြင့် ရေတွက်ကြည့်လို့ရပါတယ်။ ကိုယ်ခံနိုင်သလောက်ဘဲ အောင့်ထားပါ။ မအောင့်နိုင်တော့ဘူးဆိုရင် ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်ပါ။
- နောက်တစ်ကြိမ် အဲ့လိုဘဲ ပြန်ပြုလုပ်ပေးပါ။ ( ပြင်းပြင်းရှူသွင်းမယ်၊ ခဏအောင့်ထားမယ်၊ ဖြည်းဖြည်းချင်း ပြန်ရှူထုတ်လိုက်မယ်။)
- ရှူသွင်းရှူထုတ်နေချိန်မှာ ရင်ဘတ်ပေါ်နဲ့ ဗိုက်ပေါ် တင်ထားတဲ့ လက်နှစ်ဖက်က အတက်အကျ ဖြစ်သွားတာကို ခံစားသိရှိနိုင်ပါတယ်။
- ပုံမှန်ဘဲ ဒီကြားထဲမှာ ပြန်ရှူပါ။ ပြီးသွားရင် နောက်တစ်မျိုးပြောင်းပြီး ရှူကြည့်ပါမယ်။
- ဒီတစ်ခေါက်မှာတော့ အသက်ရှူတဲ့အခါ ပြင်းပြင်းရှူသွင်းမယ်၊ နိုင်သလောက်အောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာတော့ နှာခေါင်းနဲ့တင်မကဘဲ ပါးစပ်ကိုပါ ဟ ပြီးတော့ “ဟား” ခနဲ လေပူမှုတ်ထုတ်လိုက်သလို၊ သက်ပြင်းမှုတ်ထုတ်လိုက်သလိုမျိုး ရှူထုတ်လိုက်ပါ။
- နောက်တစ်ကြိမ် လုပ်ကြည့်ပါ။
(ရှူသွင်းမယ်၊ ခဏအောင့်ထားမယ်၊ ပြန်ရှူထုတ်တဲ့အခါမှာ “ဟား” ဆိုပြီး ပါးစပ်ကို ဟ၍ ပြန်ရှူထုတ်လိုက်ပါမယ်။)
- နောက်ဆုံးတစ်ကြိမ် ထပ်လုပ်ကြည့်ပါ။
- ပြီးသွားပြီဆိုရင် ပုံမှန်လေး ပြန်ရှူနေရင်းနဲ့ မျက်လုံးကို မှိတ်ထားတယ်ဆိုရင် ဖြည်းဖြည်းလေး ပြန်ဖွင့်ကြည့်ပါ။
- ရှုသွင်းရှူထုတ်လုပ်လိုက်တဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်တွေထဲ ဘယ်လိုပြောင်းလဲသွားသလဲ ဆိုတာကို ပြန်သုံးသပ်ကြည့်ပါ။
- ခဏတာတည်ငြိမ်မှုရတယ်၊ စိတ်အေးချမ်းမှုရတယ်ဆိုရင် ဒီလေ့ကျင့်ခန်းကို နောင်လိုအပ်တဲ့အခါမှာ အသုံးပြုနိုင်ပါတယ်။
အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ရန်အဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။