ကိုယ့်အတွက် လုံခြုံတဲ့နေရာတစ်ခု (Emotional Safe Place) ကို ရှာဖွေရန်နည်းလမ်းအဆင့်များ
- အရင်ဆုံး တိတ်ဆိတ်ငြိမ်သက်တဲ့ နေရာတစ်ခုမှာ သက်တောင့်သက်သာ ထိုင်လိုက်ပါ။ ဒါမှမဟုတ် စိတ်ကို ငြိမ်သက်စေတဲ့ relaxation music https://youtu.be/OZNmAiTuBPg သီချင်းများ နားထောင်ပြီး စတင်လို့ရပါသည်။ (လဲလျောင်းပြီးတော့ လုပ်မယ်ဆိုရင်လည်း အဆင်ပြေပါတယ်။)
- ကိုယ့်အတွက် စိတ်ခံစားချက်အရ အဆင်ပြေမယ်ဆိုတဲ့ နေရာလေးတစ်ခုကို စိတ်ကူးထဲမှာ ရှာကြည့်ပါ။ (ကိုယ်အရင်သွားဖူးတဲ့နေရာ ဖြစ်နိုင်သလို၊ ကိုယ့်စိတ်ကူးထဲက၊ အိမ်မက်ထဲက စိတ်ကူးရင် နေရာလေးတစ်ခု ဖြစ်နိုင်ပါတယ်။ ရုပ်ပုံ၊ ပန်းချီကား၊ ဓါတ်ပုံတွေထဲမှာ မြင်ခဲ့ဖူးတဲ့ ကိုယ်သွားချင်တဲ့နေရာ တစ်ခုလည်း ဖြစ်နိုင်ပါတယ်။)
- အဲဒီနေရာကို စိတ်ကူးကြည့်ပြီးရင် စိတ်ထဲကနေ သွားကြည့်ရအောင်။
(ဖြည်းဖြည်းချင်းသွားကြည့်ပါ။ လောစရာမလိုပါဘူး။ တကယ်လို့ အဲ့နေရာကို ရောက်ပြီဆိုရင် ဘယ်လိုနေရာမျိုးလဲလို့ ပုံဖော်ကြည့်ရအောင်။)
- မြင်ကွင်းထဲမှာ ဘာတွေမြင်ရသလဲ။
(စိမ်းစိုနေတဲ့ သစ်ပင်တွေလား။ အပြာရောင်တန်းနေတဲ့ တောင်တန်းတွေလား။ ပင်လယ်ပြာပြာလား။ သဲသောင်ပြင်ပေါ်မှာလား။ မြက်ပြင်စိမ်းစိမ်းတွေကြားထဲမှာလား။ နောက်ထပ်ကော ဘာတွေမြင်ရသလဲ။ ခုရောက်နေတဲ့ နေရာမှာ ဘာအရောင်တွေ လွမ်းမိုးနေသလဲ။ အဝါရောင်လား၊ အစိမ်းရောင်လား၊ အပြာရောင်လား။)
- ဘာအသံတွေရော ကြားရပါသလဲ။
(ရေစီးသံလေး တသွင်သွင် ကြားနေရလား။ လေတိုးလို့ သစ်ရွက်ကလေးတွေ လှုပ်နေတဲ့အသံလား။ ဘာအသံမှ မကြားရလို့ တိတ်ဆိတ်ငြိမ်သက်နေတာလဲ ဖြစ်နိုင်ပါတယ်။ ကြားရတဲ့အသံလေးကို မှတ်ထားလိုက်ပါ။
- ပြီးရင် အသက်ကို တဝကြီး ပြင်းပြင်းရှူသွင်းလိုက်ပါ။ ဖြည်းဖြည်းချင်း ရှူထုတ်လိုက်ပါ။ ဘယ်လိုမျိုး ရနံ့ရလိုက်ပါသလဲ။ အဲဒီရနံ့လေးကိုလည်း မှတ်ထားလိုက်ပါ။
- အခုရောက်နေတဲ့နေရာမှာ အပူအအေးရာသီဥတု၊ အထိအတွေ့ရော ဘယ်လိုရှိပါသလဲ။ (အေးမြတဲ့ လေညင်းလေးတွေ တိုက်ခတ်နေသလား။ နွေးနွေးထွေးထွေးရှိနေသလား။ အဲဒီ ထိတွေ့မှုလေးတွေကို မှတ်ထားလိုက်ပါ။)
- တကယ်လို့ ကိုယ့်စိတ်ကူးလေးထဲမှာ ရောက်နေတဲ့နေရာဟာ ကိုယ်သဘောကျတဲ့နေရာလေး၊ ကိုယ့်စိတ်ထဲမှာ နွေးထွေးလုံခြုံမှုပေးနိုင်တဲ့ နေရာလေးလို့ ခံစားရရင် အဲဒီနေရာကိုကိုယ့်ရဲ့ Safe Place နေရာအဖြစ် သတ်မှတ်ပေးပါ။
- ပြီးရင် အဲ့နေရာကို နာမည်ပေးချင်ပါသလား။ပေးချင်တယ်ဆိုရင် နာမည်တစ်ခုခု ပေးလိုက်ပါ။
(ကိုယ့်ကိုယ်ပိုင် စိတ်ကူးထဲက ဘယ်လိုနေရာမျိုးမဆို ပေးနိုင်ပါတယ်။)
- ဒီနေရာလေးကို နောက်တစ်ခါ ပြန်လာချင်စိတ်ရှိလားဆိုတာကိုလည်း ကိုယ့်ကိုယ်ကို မေးခွန်းထုတ်လိုက်ပါ။ စိတ်တိုင်းမကျဘူးဆိုရင် နောက်တစ်နေရာ ပြန်သွားကြည့်လို့ရပါတယ်။
- ဒါပေမဲ့ ရောက်သွားတဲ့နေရာတိုင်းမှာ စောစောက ပြောသွားတဲ့ဟာလေးတွေကို ပြန်ပြီးလေ့ကျင့်ကြည့်ပါ။ (ဘာတွေမြင်လဲ။ ဘာတွေကြားလဲ။ ဘယ်လိုရနံ့တွေ ရသလဲ။ ဘယ်လိုအထိအတွေ့ ရာသီဥတုမျိုးကို ခံစားရသလဲ။)
- အဲ့ဒီလိုမျိုး လုပ်ရင်း ကိုယ့်ရဲ့ စိတ်အခြေအနေ အဆင်ပြေလာပြီဆိုရင် အဲ့နေရာကနေ ကိုယ့်ရဲ့နဂိုမူလရှိတဲ့နေရာကို ဖြည်းဖြည်းချင်း ပြန်လာပါ။
- ကိုယ့်ရဲ့နေရာကို ပြန်ရောက်ပြီဆိုရင် အသက်ပြင်းပြင်းလေးတစ်ကြိမ် ရှူသွင်းရှူထုတ် လုပ်လိုက်ပါ။
- အခုဆိုရင် ကိုယ့်ရဲ့ နဂိုမူလနေရာကို ပြန်ရောက်ပါပြီ။
ဒီကိုယ့်ရဲ့ ကိုယ်ပိုင်လုံခြုံတဲ့နေရာလေးကို ကိုယ့်စိတ်ထဲ စိတ်ဖိစီးမှုတွေ ခံစားရတဲ့အခါ၊ စိတ်ခံစားချက်တွေ ပြင်းထန်လာတဲ့ အခါမျိုးမှာ ဒီနေရာသွားလိုက်လို့ စိတ်ထဲအဆင်ပြေမယ်ထင်ရင် အချိန်မရွေးပြန်လာလို့ရပါတယ်။
Emotional Safe Placeကို ရှာဖွေရန်နည်းလမ်းအဆင့်တွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။