လူအများစုသည် တစ်ခါတစ်ရံ အခက်အခဲ၊သောက ကြုံရပြီဆိုရင် စိတ်ကို မထိန်းမသိမ်းနိုင်ဖြစ်တတ်ပါတယ်။ ထိုအခိုက်အတန့်များမှာ Grouding Exercise ကို တူတူလုပ်ပေးခြင်းက စိတ်တည်ငြိမ်မှုရစေရန်အတွက် တစ်ဖက်တစ်လှမ်းမှ အထောက်အကူပြုပေးနိုင်ပါတယ်။
အောက်ဖော်ပြပါ အဆင့်များကတော့ Grounding 5,4,3,2,1 ပြုလုပ်ရန် အဆင့်များဖြစ်ပါတယ်။
- မိမိရဲ့ပတ်ဝန်းကျင်မှာ မြင်ရတဲ့ အရာ (၅) ခုကိုကြည့်ခိုင်းပါ။ အဲဒီအရာ (၅)ခုရဲ့ နာမည်တွေကို ပါးစပ်က ရွတ်ဆိုခိုင်းပါ။ ( ဉပမာ – အပင်များ၊ လမ်းပေါ်မှာဆိုရင်လူများသွားနေပြီး ၎င်းတို့ ဝတ်စားထားသော အဝတ်များရဲ့ အရောင်များကို ရွတ်ဆိုခြင်း)
- လက်နဲ့ ထိတွေ့နိုင်တဲ့အရာ (၄) ခုကိုထပ်ပြီးထိတွေ့ခိုင်းပါ။ အဲဒီအရာတွေက ဘာလဲဆိုတာကို ပြောပြခိုင်းပါ။ ( ရေဘူး၊ ဖုန်း၊ လွယ်အိတ်)
- ကြားရတဲ့အရာ (၃) ခု ကိုလည်း နားထောင်ခိုင်းပါ။ ( ကားသံ၊ သီချင်းသံ၊ )
- ပတ်ဝန်းကျင်မှာ အနံ့ရနိုင်တဲ့၊ အနံ့ခံနိုင်တဲ့အရာ (၂)ခု ကိုလည်း ရှာဖွေခိုင်းပါ။ အဲ့အနံ့လေးတွေကို ရှူကြည့်ခိုင်းပါ။ ( ရေမွှေးနံ့၊ ချွေးနံ့၊ ကော်ဖီနံ့)
- အရသာခံနိုင်တဲ့ အရာ (၁) ခု ကိုမေးကြည့်ပါ။ (တကယ်လို့ အနားမှာ ရေရှိတယ်ဆိုရင် ရေကိုသောက်ခိုင်းကြည့်ပါ။ Coffeeလို အချိုရည်လိုမျိုး တစ်ခုရှိတယ်ဆိုရင်လည်း သောက်ခိုင်းကြည့်ပါ။ တကယ်လို့ သူကကိုယ့်အနားမှာရှိနေတယ်။ ကိုယ့်လက်ထဲမှာလည်း ချိုချဥ်လို သကြားလုံးတစ်ခု ရှိခဲ့မယ်ဆိုရင် အဲတာလေးကို ခဏငုံထားခိုင်းပြီးတော့ အရသာခံခိုင်းပါ။)
ဒီလို Grounding Exercises တွေကို ပြုလုပ်ပေးခြင်းအားဖြင့် တစ်ဖက်လူရဲ့ စိတ်ကို အနည်းငယ်တည်ငြိမ်စေပြီး စကားပြောဆိုတဲ့အခါမှာလည်း ပိုမို လွယ်ကူစေနိုင်ပါတယ်။
အဓိက ကတော့ Grounding Exercises ကို ပြုလုပ်လိုက်တဲ့အတွက် သူဘယ်နေရာမှာရောက်နေတယ်၊ သူအခုရောက်နေတဲ့နေရာဟာ လုံခြုံမှုရှိတယ်၊ သူခံစားနေရတဲ့ အခက်အခဲတွေ၊ စိတ်သောကတွေဟာ အများအားဖြင့် အတိတ်မှာ (သို့မဟုတ်) အနာဂတ်ကို လှမ်းပြီး ပူပန်နေတာ ဖြစ်နိုင်တဲ့ အတွက်ကြောင့်မို့လို့ အခုလက်ရှိမှာ သူရောက်နေတဲ့နေရာကို ပြန်သတိရစေပြီး စိတ်ခံစားချက်ကို ပြန်လည်ထိန်းသိမ်းနိုင်ဖို့အတွက် အထောက်အကူပေးနိုင်ပါတယ်။