အပြုသဘောဆောင်တဲ့ စကားလေးတွေဟာ အခက်အခဲကြုံနေရတဲ့အချိန် ကိုယ့်ကိုယ်ကို အားပေးတဲ့အနေနဲ့ ပြောပေးနိုင်ပါတယ်။ တခြားသူက အားပေးစကားပြောသလိုမျိုး ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ကိုယ်ကို ပြန်ပြောပြီး အားတက်လာအောင် နှစ်သိမ့်ပေးနိုင်ပါတယ်။ အဲလိုပြောတဲ့အခါမှာ အခြေအနေနဲ့ ကိုက်ညီတဲ့ စကားအမျိုးမျိုးကို သုံးပေးနိုင်ပါတယ်။
ဥပမာ – “ဒီအခြေအနေကြီးကို ရင်ဆိုင်ကျော်ဖြတ်နိုင်မှာပါ။”
“ဒီကိစ္စကြီးဟာ အမြဲတမ်းရှိနေမှာ မဟုတ်ဘူး။ မကြာခင် ပြီးဆုံးသွားမှာပါ။”
“ငါအရင်ကလည်း ရှင်သန်ခဲ့တယ်။ အခုလည်းရှင်သန်နေတယ်။ နောက်လည်းရှင်သန်မှာပါ။”
ဒီစကားလုံးတွေ သုံးနှုန်းရေရွတ်ပြီး စိတ်တည်ငြိမ်အောင် ပြုလုပ်နိုင်သလို Butterfly Hug လုပ်နည်းနဲ့ တွဲပြီးလည်းလုပ်လို့ရပါတယ်။ အောက်ဖော်ပြပါနည်းလမ်းများကတော့ Butterfly Hugလုပ်တဲ့ နည်းလမ်းများဖြစ်ပါတယ်။
- လက်နှစ်ဖက်ကို ကြက်ခြေပုံစံမျိုးနဲ့ ရင်ဘတ်ပေါ်တင်လိုက်ပါ။
- ညာဘက်လက်က ဘယ်ဘက်ညှပ်ရိုးနားရောက်ရင် ဘယ်ဘက်လက်က ညာဘက်ညှပ်ရိုးနားကို ရောက်သွားပါမယ်။
- အလယ်မှာ လက်မနှစ်ခုကို ချိတ်ထားပါမယ်။
- မိမိရဲ့လက်က လိပ်ပြာပုံစံဖြစ်သွားပြီးတော့ လိပ်ပြာအတောင်ပံခတ်သလိုမျိုး ဘယ်တစ်ချက်၊ ညာတစ်ချက် စမ်းသပ်တဲ့အနေနဲ့ ဖြည်းဖြည်းချင်း ခတ်ကြည့်ပါမယ်။
(အမှန်တော့ ရင်ဘတ်ကိုလက်နဲ့ ပုတ်တဲ့သဘောပါဘဲ။ လိပ်ပြာလေးပုံစံလေးဖြစ်နေလို့ တင်စားပြီး လိပ်ပြာတောင်ပံခတ်တယ်လို့ ပြောတာဖြစ်တယ်။)
- ရင်ဘတ်ကို ဖြည်းဖြည်းချင်း ပုတ်ကြည့်ပါမယ်။ အဆင်ပြေတယ်ဆိုရင် မျက်စိလည်း မိတ်ထားလိုက်ပါမယ်။
- စောစောကပုတ်သလိုမျိုး ဘယ်တစ်ချက်၊ညာတစ်ချက် ဖြည်းဖြည်းချင်း လက်ကလေးကို ပုတ်ကြည့်ပါမယ်။
- အသက်ကို ပုံမှန်ရှူပါမယ်။ ပြီးရင် ရွေးချယ်ထားတဲ့ စကားလုံးကို အသံထွက်ပြီး ပြောကြည့်ပါမယ်။ အဲလို စကားလုံးကို ပါးစပ်ကရွတ်တဲ့ အချိန်မှာ လက်ကလည်း ဖြည်းဖြည်းချင်း ဘယ်တစ်ချက်၊ညာတစ်ချက် ပုတ်ပါမယ်။ စကားလေးကို ထပ်ပြီးတော့ ရွတ်ကြည့်ပါ။
- ကိုယ့်စိတ်ထဲ နေလို့အဆင်ပြေတဲ့ အချိန်အထိ ပါးစပ်ကဘဲဖြစ်စေ၊ စိတ်ထဲကဘဲဖြစ်စေ ဒီစကားလေးကို ရွတ်ကြည့်နေပြီး လက်နှစ်ဖက်ကလည်း ဖြည်းဖြည်းချင်းပုတ်နေပါမယ်။
- (၁)မိနစ်ခွဲလောက် ရောက်လာပြီဆိုရင် ခဏရပ်လိုက်ပါမယ်။
- ပြောတာရော၊ လက်ကပုတ်တာရော ခဏလောက် ရပ်ပြီးတော့ အသက်ကလေးပုံမှန်ရှူနေရဲ့လားလို့ ကိုယ့်ကိုကိုယ် သတိထားပါမယ်။
- တကယ်လို့အဆင်ပြေတယ်ဆိုရင် နောက်ထပ်တစ်ကြိမ် (၁)မိနစ်လောက် ထပ်လုပ်ကြည့်လို့ရပါတယ်။
ဒီနည်းလမ်းလေးကိုလည်း စိတ်ဖိစီးမှုတွေ များနေတဲ့အချိန်၊ အထူးသဖြင့်တော့ ရင်ဆိုင်ရခက်ခဲတဲ့ ကိစ္စတွေကို ကြုံတွေ့နေရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် အားပေးတဲ့အနေနဲ့ ပြန်သုံးနိုင်ပါတယ်။