မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုတာဘာလဲ။
မိမိကိုယ်ကို သိရှိနားလည်ခြင်း၊ သတိထားမိခြင်း (Self awareness) ဆိုသည်မှာ မိမိ၏ပြုမူပြောဆိုပုံ၊ မိမိ၏စဥ်းစားတွေးခေါ်ပုံ၊ မိမိ၏စိတ်ခံစားချက်၊ မိမိ၏ ယုံကြည်ချက်များ၊ မိမိ၏ အားသာချက်၊အားနည်းချက်များ စသည်တို့ကို မိမိကိုယ်တိုင် ထဲထဲဝင်ဝင်၊လေးလေးနက်နက်ဖြင့် သတိထားလေ့လာ၊ဆန်းစစ်မိခြင်းကို ဆိုလိုပါသည်။ မိမိကိုယ်ကိုနားလည်လက်ခံခြင်းကို ဆိုလိုပါသည်။
Self awareness ရှိဖို့ဘာကြောင့်လိုအပ်တာလဲ။
“Eurich Group” ဆိုသည့်သုတေသနအဖွဲ့အစည်း၏ လေ့လာတွေ့ရှိချက်များအရ Self awareness ရှိသောသူတို့သည် ဘဝမှာ အခြားသူတို့ထက် ပို၍ ပျော်ရွှင်နိုင်ကြောင်း၊ ပိုကောင်းမွန်သော ပေါင်းသင်းဆက်ဆံရေးကို ရရှိနိုင်ကြောင်း ဆိုထားပါသည်။ ထို့အပြင် လုပ်ငန်းခွင်ဆိုင်ရာ၊ ဦးဆောင်ဦးရွက်မှု ပြုသည့်အခါမှာလည်း အခြား Self awarenessမရှိသောသူများထက် လုပ်ကိုင်နိုင်စွမ်းပို၍ တိုးမြင့်နိုင်ကြောင်း ဆိုထားပါသည်။ ၂၀၁၈ ခုနှစ်တွင်ထွက်ရှိထားသော နာမည်ကျော် Harvard Business Review မဂ္ဂဇင်းတစ်ခု၏ ဆောင်းပါးတွင်လည်း Self awareness အားကောင်းသူတွေသည် သူတစ်ပါးအပေါ် အလွန်အမင်း အပြစ်တင်ခြင်း၊ ယုတ္တိမရှိသည့် မျှော်လင့်ချက်ထားခြင်းမျိုးတွေ မရှိကြောင်းဆိုထားပါသည်။ ထို့ကြောင့် မိမိ၏ စစ်မှန်သော ကိုယ်ရည်ကိုယ်သွေးသဘောတရားကို စဥ်ဆက်မပြတ်ရှာဖွေနေချင်သူတွေ၊ တိုးတက်အောင် လုပ်ဆောင်နေချင်သူတွေသည် ပထမဦးစွာ မိမိကိုယ်ကို သိရှိနားလည်အောင်ကြိုးစားသင့်ပါသည်။ မိမိကိုယ်ကို သတိထားမိအောင် ကြိုးစားသင့်ပါသည်။
Self awareness အားနည်းလျှင်ကြုံတွေ့ရမည့် အခက်အခဲများ။
Self awareness မရှိသော် ယေဘုယုယျအားဖြင့်များဆုံးကြုံတွေ့ရမည့် အခက်အခဲသည် မိမိ၏ စိတ်ဝင်စားသည့်အရာ၊ လုပ်ဆောင်ချင်သည့်အရာများ ရှာမတွေ့ဖြစ်တတ်ပါသည်။ တစ်နည်းအားဖြင့်ဆိုရသော် ရည်မှန်းချက်ပန်းတိုင်များပျောက်ဆုံးသွားတတ်ပါသည်။ ထို့အပြင် ကိုယ်သည်ဘဝတွင် အဘယ်ကြောင့်အသက်ရှင်နေသနည်း။ ဘယ်အရာက ကိုယ့်ကိုပျော်ရွှင်မှု ပေးစွမ်းနိုင်ပါသနည်း။ ကိုယ်ဘာတွေ လုပ်ဆောင်ရမည်နည်း။ ကျောင်းပြီးသော် ဘယ်လုပ်ငန်းခွင်သို့ ဝင်ရမည်နည်း။ ကိုယ်၏ စစ်မှန်သော အရာကအဘယ်နည်း။ ဆိုသည့် မေးခွန်းများကို မဖြေနိုင် ဖြစ်တတ်ပါသည်။ ထို့ကြောင့် Self awareness ကင်းမဲ့နေသူတွေသည် စိတ်ဓါတ်ကျခြင်းနှင့် ရင်ဆိုင်ရပြီး ဘဝတွင်အသက်ရှင်ရသည်ကို အားမလိုမရဖြစ်လာနိုင်ပါသည်။
Self awareness အားကောင်းဖို့ လုပ်ဆောင်သင့်သည့်အရာများမှာအောက်ပါအတိုင်းဖြစ်၏။
( ၁ ) ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုယူခြင်း။ (Self-reflection)
- ကိုယ့်ကိုကိုယ် ပြန်လည်သုံးသပ်ဖို့ အချိန်တစ်ခုပေးခြင်းသည် ကိုယ့်၏ အားသာချက်နှင့် အားနည်းချက်များ (Strengths & Weaknesses)ကို ပြန်လည်ဆန်းစစ်လေ့လာနိုင်စေပါသည်။
- အားနည်းသည့် လုပ်ဆောင်မှုများကို အားသာချက်အဖြစ်သို့ ပြောင်းလဲဖို့ရန်အတွက် အခွင့်အလမ်းပေးသည်သာမက ကိုယ်ဘာလုပ်လျှင် ပိုအားသာသည်ဆိုသည်ကို သိရှိစေသည့်အတွက်ကြောင့် လုပ်ဆောင်မှုတိုင်းတွင် ယုံကြည်ချက်ရှိရှိဖြင့် အောင်မြင်စွာလုပ်ဆောင်စေနိုင်သည့် အကျိုးကျေးဇူးကို ရရှိစေပါသည်။
- ကိုယ်ဘယ်အရာကို လုပ်ဆောင်လျှင် ကိုယ်ပျော်ရွှင်သည်။ နှစ်သက်သည်။ ဘယ်အရာကိုတော့ဖြင့် မကြိုက်နှစ်သက်ပါ။ ဆိုသည့် ကိုယ်၏နှစ်သက်ခြင်း၊ မနှစ်သက်ခြင်းအကြောင်းအရာများကိုလည်း ထဲထဲဝင်ဝင်သိရှိစေလာနိုင်ပါသည်။
- ကိုယ်ယုံကြည်ရာ(Belief)က ဘာလဲ။ ကိုယ့်ရည်မှန်းချက်၊ ပန်းတိုင်က (Goals & Purpose) ဘာလဲ။ ဆိုသည်ကိုပါ သတိထားမိစေသည့်အတွက်ကြောင့် ဦးတည်ရာလမ်းကြောင်း တည့်တည့်ဖြင့် အနာဂတ်တွင် လျှောက်လှမ်းစေနိုင်ပါသည်။
( ၂ ) သတိပဋ္ဌာန် (စိတ်အေးချမ်းစေသည့် ဝင်လေထွက်လေမှတ်ခြင်း သို့မဟုတ် ယောဂကျင့်ခြင်း အစရှိသည့်အရာများ) လုပ်ဆောင်ခြင်း။ (Mindfulness)
- Mindfulness နှင့်ပက်သက်သော Applicationများ အသုံးပြုခြင်း၊ သီချင်းများနားထောင်ခြင်း၊ ယောဂကျင့်ခြင်း၊ သို့မဟုတ် ဝင်လေထွက်လေမှတ်ခြင်း များ ပြုလုပ်နိုင်ပါတယ်။ ဤနည်းလမ်းများကို အသုံးပြုခြင်းအားဖြင့် စိတ်အေးချမ်းမှု၊ စိတ်ငြိမ်သက်မှုများကို ရရှိစေကာ အရာရာကို သတိယှဥ်၍ ကြည့်လာစေနိုင်ပါလိမ့်မည်။
- ထို့အပြင် ကိုယ်ကိုတိုင်၏ စိတ်နေစိတ်ထားကိုလည်း သတိရှိရှိဖြင့် မြင်လာစေနိုင်ပါလိမ့်မည်။
( ၃ ) ဂျနယ်များ ရေးသားများ။ (Journaling)
- နေ့စဉ် Diaryများရေးခြင်း၊ မှတ်တမ်းရေးခြင်း၊ မှတ်စုတိုများ ရေးခြင်းများသည် တစ်ကိုယ်ရည် တိုးတက်မှု အတွက် အထောက်အကူပြုကာ မနေ့ကထက် ဒီနေ့မှာ ပိုကောင်းတဲ့ လူဖြစ်အောင် ကြိုးစားဖို့အခွင့်အရေးတွေ ရရှိစေနိုင်ပါသည်။
- အဘယ်ကြောင့်ဆိုသော် တစ်နေ့တာလျှင် ကိုယ်ဘာတွေလုပ်ဆောင်ခဲ့သနည်း။ ကိုယ်ဘာအခက်အခဲ(Challenges)တွေကို ရင်ဆိုင်ခဲ့ရသနည်း၊ အခြားသူအပေါ် ကိုယ်ဘယ်လိုတုံ့ပြန်ခဲ့သနည်း၊ မနက်ဖြန်တွင်လည်း ဘယ်လိုရင်ဆိုင်ဖြတ်သန်းရမည်နည်း။ ဆိုတာတွေကို သိရှိနားလည်လာစေလာနိုင်သည့် အတွက်ကြောင့်ဖြစ်ပါသည်။
( ၄ ) ကိုယ့်အပေါ် စေတနာထားသော မိသားစုဝင် သို့မဟုတ် သူငယ်ချင်းများထံမှ မိမိအပေါ် ထားရှိသောအမြင်၊တုံ့ပြန်ချက်များကို တောင်းခံခြင်း။ (Others’ Perceptions)
- တစ်ခါတစ်ရံ ကိုယ်ကိုတိုင်ပင် မသိရှိလိုက်ပဲ တခြားသူအပေါ် ပြုလုပ်မိသည့် အမှားများကို ပြန်လည်သိရှိစေနိုင်ပါသည်။
- ထို့ကြောင့် နောင်တစ်ချိန်တွင် တခြားသူများအား စိတ်မထိခိုက်မိအောင် သတိပြုမိစေရုံသာမက တခြားသူများကိုယ့်အပေါ်ထားသော မကောင်းမြင်စိတ်များကိုလည်း ပြောင်းလဲသွားစေနိုင်ပါသည်။
Self awareness အားကောင်းဖို့ လုပ်ဆောင်သင့်သည့်နည်းလမ်းတွေကို သိပြီဆိုတော့ သင်ခန်းစာ ဗီဒီယိုလေးကို လေ့လာရအောင်။