ရေရှည်ဖွံ့ဖြိုးမှုပန်းတိုင် ၄ – “လူသားအားလုံးအကျုံးဝင်မှုရှိကာ ညီညွတ်မျှတပြီး အရည်အသွေးရှိသော ပညာသင်ယူနိုင်ရေးနှင့် အစဉ်လေ့လာသင်ယူနိုင်သော အခွင့်အလမ်းရရှိရေး”
SDG – 4 အရ ပညာရေးကဏ္ဍတွင် သင်ယူမှုအခွင့်အလမ်း၊ ကျောင်းနေမြဲခြင်းနှင့် လူတိုင်းအကျုံးဝင်မှု၊ ကျောင်းအရည်အသွေးနှင့် အရည်အသွေးတိုးတက်မှုလေ့လာကြီးကြပ်ခြင်းတို့က အရေးကြီးသော အခန်းမှာပါဝင်နေပါတယ်။ သို့သော် ရှုပ်ထွေးများပြားပြီး အမျိုးမျိုးသော အခြေအနေအရပ်အရပ်များ ဥပမာ ဆင်းရဲနွမ်းပါးခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း၊ ပဋိပက္ခဖြစ်ပွားရာဒေသများဖြစ်ခြင်းစသည့် အကြောင်းကြောင်းတို့ကြောင့် သင်ယူမှု အခွင့်အလမ်းများဆုံးရှုံးလျက်ရှိနေပါတယ်။ ထိုအခြေအနေများမှာ ဘယ်လိုပညာရေးအခက်အခဲတွေရှိသလဲ၊ ထိုအခက်အခဲတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုတာ ဆက်လက်ဖော်ပြသွားပါမယ်။
✅ Conflict Sensitivity – Concept and Practice
💡 ပဋိပက္ခ (Conflict) ဆိုတာဘာလဲ။
ပဋိပက္ခ ဆိုတာ အုပ်စု နှစ်စု သို့မဟုတ် နှစ်စုထက်ပိုသော (လူ) အုပ်စု တို့ကြား ပါဝါ သို့မဟုတ် အကြံဉာဏ်များ၊ အခြေအနေတစ်ရပ်ရပ်နှင့်ပတ်သက်တဲ့ သဘောထားနှင့် တန်ဖိုးထားမှုများ မတူညီတဲ့အခါ ဖြစ်ပေါ်သော အခြေအနေတစ်ခုဖြစ်တယ်။ ပဋိပက္ခက လူသားအချင်းချင်း နှင့် လူမှုပတ်ဝန်းကျင် အပြန်အလှန် ပတ်သက်ဆက်နွှယ်ခြင်းမှ ဖြစ်ပေါ်လာတယ်။ အကြမ်းဖက်မှုများ ဖြစ်ပွားပြီး ရုပ်ပိုင်းဆိုင်ရာပျက်စီးသော မြင်သာသည့် ပဋိပက္ခများလည်းရှိသကဲ့သို့ သိသာမမြင်သာဘဲ တိုက်ရိုက်ဆက်သွယ်နေသည့် ပဋိပက္ခ များလည်းရှိနိုင်ပါတယ်။ (ဥပမာ – ပညာရေး)
🔎 ပဋိပက္ခဖြစ်နိုင်ချေများကိုလျော့ပါးစေခြင်း (Conflict sensitivity) က ဘာလဲ။ ဘာကြောင့်အရေးကြီးလဲ။
Conflict sensitivity က ရေရှည်ငြိမ်းချမ်းမှုကို ဖော်ဆောင်ပေးနိုင်တဲ့ နည်းလမ်းဖြစ်တယ်။ ပဋိပက္ခများကိုတားဆီးနိုင်ရန်၊ သက်သာစေရန်၊ လျော့ပါးစေရန်၊ ဖြစ်ပေါ်နေသော ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် conflict sensitivity က ဆောင်ရွက်ပေးနိုင်ပါတယ်။ ပဋိပက္ခဖြစ်ပွားရာ နေရာဒေသများတွင် လိုအပ်သော အကူအညီများ၊ အထောက်အပံ့များ၊ ပရောဂျက်များကို “no harm” ထိခိုက်နစ်နာမှုမရှိစေသောနည်းလမ်းဖြင့် ကြားဝင်ထောက်ပံ့ပေးပြီး လူများကြား၊ အဖွဲ့အစည်းများကြား ငြိမ်းချမ်းရေးကို လှုံ့ဆော်ပေးသော နည်းလမ်းတစ်ခုဖြစ်ပါတယ်။
✅ Maslow’s hierarchy of Needs
American Psychologist Abraham Maslow က 1943 ခုနှစ်မှာ လူသားတွေရဲ့ လိုအပ်ချက်များကို ပိရမစ်ပုံစံ အဆင့်လိုက်ဖော်ပြခဲ့ပါတယ်။ Basic needs, Physiological needs နှင့် Self-fulfillment needs ဟူ၍ သုံးပိုင်းခွဲ၍ ဖော်ပြခဲ့ပါတယ်။ လူများက basic needs ကို မပြည့်စုံလျှင် physiological needs ကို မရနိုင်ပါ၊ physiological needs ကို မရနိုင်လျှင် self-fulfillment needs ကို မရနိုင်ပါ။ အဆင့်တစ်ဆင့်ပိုမြင့်လာလေလေ တစ်ဦးတစ်ယောက်ချင်းစီ၏အခက်အခဲနှင့် ပတ်ဝန်းကျင်အတားအဆီးများကြောင့် ရနိုင်ဖို့ခက်ခဲလေလေ ဖြစ်နိုင်ပါတယ်။
တစ်ဖန် lower order needs နဲ့ higher order needs ဟူ၍လည်း ထပ်မံခွဲခြားလို့ရပါတယ်။ Physiological နှင့် Safety needs တို့က လူမှုပတ်ဝန်းကျင်ဘဝတွင် မရှိမဖြစ် အခြေခံလိုအပ်သော အခြေခံကျသော လိုအပ်ချက်များ( lower-order needs) ဖြစ်ပြီး social, self-esteem နှင့် self-actualization needs တို့သည် ဖြည့်စွက်လိုအပ်ချက် (higher order needs) အဖြစ် ထပ်မခံခွဲခြားလို့ ရပါတယ်။ Maslow’s hierarchy evolution များနောက်ပိုင်းထွက်ပေါ်လာပြီး social needs ကို belonginess and love needs ဟုခေါ်ဝေါ်သုံးစွဲခြင်းများလည်းရှိလာကြပါတယ်။
Maslow ၏ needs များအရ လူတိုင်းသည် basic needs များပြည့်ဝအောင်ဆောင်ရွက်ရပါတယ်။ လူနေမှုဘဝရပ်တည်ရန် အခြေခံကျတဲ့လိုအပ်ချက်များဖြစ်သော စား၊ ဝတ်၊ နေရေး သည်အရေးကြီးသော အခန်းကက္ဍတွင် ပါဝင်နေပါတယ်။ လူတစ်ယောက် ဆာလောင်နေလျှင် အခြားလိုအပ်ချက်များ၊ ဆန္ဒများကို ဦးစားမပေးနိုင် ဘဲ ဆာလောင်ခြင်းကိုသာ အာရုံစိုက်မှာဖြစ်ပါတယ်။ ထို့အတူ ကျောင်းသားတစ်ယောက် ဆာလောင်နေလျှင် ပညာရေးကို ဦးစားပေးနိုင်မည်ဟုတ်၊ ဆာလောင်မှုကို ဖြည့်ဆည်းရန်သာ ဦးစားပေးမှာဖြစ်ပါတယ်။ ကျောင်းသားတစ်ယောက်ရဲ့နေထိုင်ရာဒေသမှာ ပဋိပက္ခများဖြစ်ပွားနေမည်ဆိုလျှင် ပညာရေးထက် မိမိအသက်လုံခြုံစိတ်ချရာသို့ ပြောင်းရွှေ့ရမည်ဖြစ်ပြီး ပညာရေးတွင် လိုအပ်ချက်များရှိလာနိုင်ပါတယ်။
✅ Conflict Sensitive Education (CSE) ဆိုတာဘာလဲ။
ပဋိပက္ခတွေ ဖြစ်တဲ့နေရာဒေသတွေမှာ ကလေးတွေရဲ့ ပညာသင်ယူမှုအခွင့်အလမ်းများဆုံးရှုံးမှု (learning loss) ပိုမိုများပြားပါတယ်။ ဒီလိုဆုံးရှုံးတွေကို ဖြေလျော့နိုင်ဖို့အတွက် Conflict Sensitive Education ကအရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်လာပါတယ်။ Conflict Sensitive Education ကို အတိုအနေနဲ့ CSE လို့ ခေါ်ဆိုလို့ရပါတယ်။ CSE က ပဋိပက္ခ တွေ ကပ်ဘေးတွေရဲ့ နောက်ဆက်တွဲသက်ရောက်မှုတွေကို အနည်းဆုံးဖြစ်အောင်လုပ်ပေးဖို့နဲ့ ငြိမ်းချမ်းရေးကို ပိုမိုဖော်ဆောင်ဖို့အတွက် ဥပဒေတွေ သို့မဟုတ် ပရိုဂရမ်တေွကို လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်တယ်။ CSE ဟာ ငြိမ်းချမ်းရေးကိုဖော်ဆောင်တဲ့ ပညာရေးလုပ်ငန်းများဆောင်ရွက်တာနဲ့မတူပါဘူး။ CSE က ဒေသနဲ့ကိုက်ညီတဲ့သင်ရိုးညွှန်းတမ်းပြောင်းလဲခြင်း၊ သ်ကြားပို့ချမည့်ဘာသာစကားကို ဒေသခံအများစု နားလည်သည့် ဘာသာစကားဖြင့် ပြင်ဆင်ခြင်း၊ ဒေသ၏နားလည်လက်ခံသည့် အလေ့အထကိုအခြေခံသင်ကြားခြင်း၊ သင်ကြားသင်ယူမှုနည်းလမ်းတွေကို ဘက်လိုက်မှုမရှိ ညီမျှမှုရှိအောင်လုပ်ဆောင်ခြင်း စတာတွေကို အခြေခံ ပြုပြင်ပြီး ပညာရေးဖြင့် ပဋိပက္ခဖြစ်နိုင်ခြေများကို လျော့ချခြင်းဖြစ်ပါတယ်။ CSE က ပညာရေးပရိုဂရမ်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကို သေချာလေ့လာသတ်မှတ်စစ်ဆေးပြီး ပဋိပက္ခဖြစ်ပွားရာဒေသမှာ ပညာရေးကနေ ပဋိကပက္ခဖြစ်ပွားမှုကို ပိုမိုလောင်စာမပေးမိအောင်၊ ဖြစ်နေတဲ့ ပဋိပက္ခကို လျော့ကျအောင် ဆောင်ရွက်နေတာဖြစ်ပါတယ်။
ပညာရေးကဏ္ဍမှာဆိုရင် ပညာရေးဆိုင်ရာ မူဝါဒတွေ၊ ပရိုဂရမ်တွေ၊ နည်းပညာဆိုင်ရာပြဿနာတွေကို အလေးထားဖြေရှင်းတာပိုမို များပြားပြီး ပဋိပက္ခ ဖြစ်တဲ့နေရာဒေသတွေမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေအတွက် ထည့်သွင်းစဉ်းစားတာ အဲဒီနေရာတွေနဲ့ ကိုက်ညီမဲ့ မူဝါဒ ပရိုဂရမ်၊ နည်းပညာတွေကိုတော့ သီးခြားစီစဉ်ဆောင်ရွက်တာ မရှိသလောက်ပါဘဲ။ ပညာရေးဆိုင်ရာမူဝါဒတွေ၊ ပညာရေးပရိုဂရမ်တွေက ပဋိပက္ခ နဲ့ပတ်သက်ပြီး ပါဝင်စဉ်းစားမှုမရှိသေးသရွေ့ ပညာရေးနဲ့ပတ်သက်တဲ့ စိုးရိမ်ပူပန်မှုတွေကတော့ ရှိနေဦးမှာဖြစ်ပါတယ်။ ဆိုလိုတာက SDG – 4 အရ အားလုံးပညာသင်ယူနိုင်ခွင့် inclusive education ဖြစ်ဖို့ဝေးနေပါဦးမယ်။
🔺 Conflict ဖြစ်စေသောအကြောင်းအရင်းများ
ကျောင်းသားတွေရဲ့ သင်ယူမှုကိုနှောင့်နှေးစေတဲ့ Conflict ဖြစ်စေသော အကြောင်းအရင်းများစွာ ရှိပါတယ်။
လူ့အဖွဲ့အစည်းမှာ အချို့လူနည်းစုများထံ social services နဲ့ လိုအပ်တဲ့ထောက်ပံ့မှုများ မရောက်ဘဲ ကြံ့ကြာနေတတ်ပါတယ်။ ဥပမာ – ကျောင်းဖွင့်ချိန်တိုင် ကျောင်းသုံးစာအုပ်များမရောက်ရှိလာခြင်း၊ ဆရာများအတွက် သင်တန်းများ မရရှိခြင်း၊ လိုအပ်သော ကျောင်းသုံးပစ္စည်းဆိုင်ရာထောက်ပံ့မှုများ မရရှိခြင်းတွေကြောင့်လည်း ပဋိပက္ခ ဖြစ်စေနိုင်ပါတယ်။
နောက်ထပ်တစ်ခုကတော့ ဘာသာစကားပါ။ ဘာသာစကားမတူညီမှုကလည်း ပဋိပက္ခ ပိုမိုဖြစ်စေနိုင်တဲ့ အချက်တစ်ချက်ထဲက တစ်ခုဆိုရင်လည်း မမှားပါဘူး။ ကျောင်းသုံးစာအုပ်က သင်ရိုးညွှန်းတမ်းပါ အကြောင်းအရာများကို ဖတ်ရှုသင်ကြားလေ့လာတဲ့အခါ ဘာသာစကားအခက်အခဲကြောင့် ထိရောက်စွာ စာသင်ကြားနိုင်ခြင်းမရှိတာမျိုးတွေ ကြုံတွေ့ရပါတယ်။ ဗမာစကားမပြောတတ် မရေးတတ်တဲ့ ကျောင်းသားတွေမှာ သင်ရိုးညွှန်းတမ်းပါအကြောင်းအရာတွေ၊ လမ်းညွှန်ချက်တွေကို လေ့လာသင်ယူတဲ့အခါ အခက်အခဲတွေအများကြီးတွေ့ရပါတယ်။ ဒေသသင်ရိုးညွှန်းတမ်းမရှိခြင်းက ဒေသအသီးအသီးမှာရှိတဲ့ ဗမာဘာသာစကားမပြောတတ်တဲ့ ကျောင်းသားတွေအတွက် လွန်စွာအခက်အခဲဖြစ်စေပါတယ်။
ဆရာများ၏စာသင်ကြားမှုအခက်အခဲကလည်း ပဋိပက္ခ ဖြစ်စေနိုင်ပါတယ်။ မတူညီတဲ့နောက်ခံကနေ လာတဲ့ကျောင်းသားတွေ တစ်ခန်းတည်းဆုံလာတဲ့အခါ ဆရာရဲ့ classroom management skill, teaching experience, သင်ကြားမှုနည်းလမ်းများကို ကောင်းမွန်စွာ အသုံးမချနိုင်တာမျိုးလည်း ရှိပါတယ်။ ထို့ပြင် ဒေသဘာသာစကားကို နားမလည်သောဆရာအနေနဲ့လည်း ပိုမိုအခက်အခဲတွေကြုံတွေ့ရနိုင်ပါတယ်။
📝 ဒါတွေကို ဘယ်လိုဖြေရှင်းကြမလဲ
ဖော်ပြထားခဲ့အခက်အခဲတွေ ပြဿနာတွေကို ဘယ်လိုဖြေရှင်းကြမလဲဆိုရင် conflict sensitivity education programs တွေကနေ ကျောင်းသားတွေအတွက်လိုအပ်တဲ့ သင်ရိုးညွှန်းတမ်း၊ သင်ထောက်ကူပစ္စည်းများနဲ့ ဆရာတွေအတွက် professional development trainings တွေ ထောက်ပံ့ပေးနိုင်ပါတယ်။ ဝန်ထမ်းများငှားပေးခြင်း (ဥပမာ – မွန်ဘာသာစကားပြောတတ်သောဆရာငှား၍ သင်စေခြင်း)၊ ရုံးခန်း များတည်ဆောက်ပေးခြင်း စတဲ့ ထောက်ပံ့မှုမျိုးတွေကို ပေးပြီး ပဋိပက္ခ တွေလျော့နည်း သက်သာအောင် ဆောင်ရွက်လို့ရပါတယ်။
📝Conflict sensitive education programs တွေမပေးနိုင်ရင် ဆရာတွေအနေနဲ့ ဘယ်လိုဆောင်ရွက်ကြမလဲ
Conflict sensitive education programs တွေမပေးနိုင်ရင် ဆရာတွေအနေနဲ့ problem tree တည်ဆောက်ပြီး မိမိတို့၏ လူမှုအဖွဲ့အစည်းနှင့် ပူးပေါင်း၍ ဆရာ၊ ကျောင်းသားနှင့် သင်ကြားသင်ယူမှု ပတ်ဝန်းကျင်ကို ပိုမိုအားကောင်းစေနိုင်မယ့် နည်းလမ်းများကို အတူတကွ ဆောင်ရွက် လို့ရပါတယ်။
(၁) ပထမ အဆင့်အနေနဲ့ အခြေအနေများကို သုံးသပ်စဉ်းစားပါ။
(၂) ဒုတိယအဆင့်အနေနဲ့ အခြေအနေများရဲ့ အဓိက ပြဿနာအကြောင်းအရင်း (Issue) ကို ဖော်ထုတ်ပါ။
(၃) တတိယအဆင့်အနေနဲ့ အဓိကပြဿနာအကြောင်းအရင်းရဲ့ အကျိုးသက်ရောက်မှု (Impact) နဲ့ အဓိကပြဿနာဖြစ်စေတဲ့ အကြောင်းအရင်းများ (Causes)ကို စဉ်းစားပြီး ချရေးပါ။
(၄) စတုတ္ထအဆင့်အနေနဲ့ အပေါ်မှာ ဥပမာ ပြထားတဲ့ problem tree မှာ Issue နေရာမှာ အဓိကပြဿနာ၊ causes နေရာမှာ ပြဿနာဖြစ်စေတဲ့အကြောင်းအရင်းများ၊ impact မှာ အကျိုးသက်ရောက်မှုများကို ထည့်ပြီး problem tree တစ်ခုတည်ဆောက်ပါ။
ထို့နောက် အဓိကပြဿနာကို ဖြစ်စေတဲ့ အကြောင်းအရင်းများနဲ့ အကျိုးသက်ရောက်မှုများကို သိသာမြင်သာသွားတဲ့အခါ အဓိကပြဿနာကို ဖြေရှင်းဖို့နည်းလမ်းတွေ အကူအညီတွေကို သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းများနဲ့ပူးပေါင်းအဖြေရှာလို့ရပါတယ်။
ဥပမာ –
(၁) ပထမအဆင့်အနေနဲ့ အခြေအနေများသုံးသပ်လိုက်တဲ့အခါ ကျောင်းမှာ ကျောင်းသားတွေနည်းတယ်။
(၂) ဒုတိယအဆင့်အနေနဲ့ သုံးသပ်ကြည့်တဲ့အခါ အဓိကပြဿနာ (Issue) က ဆယ်ကျော်သက်အရွယ်ကျောင်းသားများ ကျောင်းမရောက်နိုင်ခြင်းဖြစ်နေတယ်။
(၃) တတိယအဆင့်အနေနဲ့ အဓိကပြဿနာ Issue ကိုဖြစ်စေတဲ့ အကြောင်းအရင်းများ (causes) နဲ့ အကျိုးသက်ရောက်မှု (impact) ကိုစဉ်းစားလိုက်တဲ့အခါ ဒီအချက်တွေကိုတွေ့ရတယ်။
အကြောင်းအရင်းများ (Causes) – မိဘများကပညာရေးအားမပေးခြင်း၊ သင်ရိုးများက ဘာသာစကားအခက်အခဲကိုဖြစ်စေခြင်း၊ မိဘများက စီးပွားရေးကိုသာ လုံးပန်းနေရခြင်း၊ မိသားစုဝင်ငွေနည်းပါးခြင်း၊ ကျောင်းသားကိုယ်တိုင်က စိတ်မဝင်စားခြင်း၊ မိသားစုဝင်ငွေအတွက် အလုပ်ထွက်လုပ်ရခြင်း။
အကျိုးသက်ရောက်မှု (Impact) – အနာဂတ်တွင် အလုပ်ရှားပါးနိုင်ခြင်း၊ အနာဂတ်ဝင်ငွေနည်းပါးနိုင်ခြင်း၊ ထိခိုက်ရန်ဖြစ်ပွားများဖြစ်နိုင်ခြင်း၊ ကလေးမွေးနှုန်းတိုးပွားနိုင်ခြင်း၊ မူးယစ်ဆေးဝါးစွဲလန်းစေနိုင်ခြင်း၊ ဥပဒေချိုးဖောက်ခြင်း၊ ပြစ်မှု အမှုအခင်းများပြားနိုင်ခြင်း။
(၄) Issue, causes, impact များကို problem tree ထဲတွင်ထည့်ပြီး သက်ဆိုင်ရာလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းအဖြေရှာပါ။
✅ Sample checklist for conflict sensitivity in education program
🔎 Conflict sensitivity checklist ကဘာကြောင့်အရေးကြီးတာလဲ?
အထက်ပါ problem tree စနစ်အပြင် Checklist သုံးပြီးလည်း ပညာရေးပရိုဂရမ်တွေရဲ့ ဆောင်ရွက်မှုနဲ့ နည်းပညာဆိုင်ရာအထောက်အပံ့များကို လေ့လာသုံးသပ်ပြီး လက်တွေ့ကျတဲ့ framework တစ်ခုတည်ဆောက်နိုင်ပါတယ်။ ဒီ checklist တွေကို သုံးပြီး ပညာရေးလိုအပ်ချက်တွေဖြည့်ဆည်းပေးဖို့နဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ ပဋိပက္ခ တွေလျော့ကျဖို့ ဆောင်ရွက်နိုင်ပါတယ်။ checklist ကို အသုံးပြုခြင်းဖြင့် အချက်အလက်များကို စုစည်းနိုင်ပြီး အချက်အလက်ကွာဟာမှုများကို ပြန်လည်ဖြည့်စွက်နိုင်ပါတယ်။
Checklist ဥပမာ တစ်ခုကို ကြည့်နိုင်ပါတယ်။
USAID ကနေ သင်ရိုးညွှန်းတမ်း၊ သင်ကြားသင်ယူမှု နည်းလမ်းများနှင့် ပတ်သက်၍ conflict sensitivity ကို လေ့လာဆန်းစစ်နိုင်ဖို့ checklist တစ်ခုကို တည်ဆောက်ခဲ့ပါတယ်။ ဒီ checklist ကိုနမူနာယူပြီး တည်ဆောက်နိုင်ပါတယ်။
Additionally
ဆရာတစ်ယောက်အနေနဲ့ ပဋိပက္ခ တစ်ခုခုရှိနေတဲ့ ဒေသမှာ သင်ကြားသင်ယူမှုလုပ်ငန်းစဉ်အဆင်ပြေအောင် ဆောင်ရွက်ရတဲ့အခါ သို့မဟုတ် ပဋိပက္ခဖြစ်ပွားစေနိုင်တဲ့အကြောင်းအရာတွေကို သင်ပြပေးရတဲ့အခါ အောက်ဖော်ပြပါ နည်းလမ်းတွေကိုလည်း ထည့်သွင်း စဉ်းစားသင်ကြားပို့ချဖို့ အကြံပြုလိုပါတယ်။
☑️ သင်ရိုးထဲမှာ သို့မဟုတ် သင်ခန်းစာကို ရှင်းပြရတဲ့အကြောင်းအရာများထဲမှာ အငြင်းပွားဖွယ်ရာ အကြောင်းအရာများ ပါလာခဲ့ရင် ကျောင်းသားတွေကို ပွင့်လင်းစွာဆွေးနွေးဖို့ လမ်းစဖွင့်ပေးရပါမယ်။ တရားသေဖြစ်နေတဲ့အတွေးအခေါ်များ (stereotypes)၊ ကျောင်းသားများ ပြန်လည်တုံ့ပြန်ဖို့ ခက်ခဲနေတဲ့အကြောင်းအရာများကို ဆရာက သင်ခန်းစာပြင်ဆင်တဲ့အခါမှာရော၊ အတန်းတွင်းမှာ ဆွေးနွေးတဲ့အခါရော ဆရာရဲ့ စိတ်ကို ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။
☑️ အုပ်စုလိုက်ဆွေးနွေးဖို့ အုပ်စုဖွဲ့ပေးတဲ့အခါ ကျောင်းသားတွေရဲ့ ဂျန်ဒါ (gender)၊ တိုင်းရင်းသားမျိုးနွယ်စု (race) စတဲ့ အချက်တွေကို ထည့်သွင်းစဉ်းစားပြီး အုပ်စုတွင်း ဂျန်ဒါစုံအောင်၊ တိုင်းရင်းသားမျိုးနွယ်စုတစ်စုတည်းကို တစ်အုပ်စုထားတာမဟုတ်ဘဲ မျိုးနွယ်စုအကုန်ရောထွေးပြီး အုပ်စုဖွဲ့သင့်ပါတယ်။
☑️ ကျောင်းသားတွေရဲ့ နောက်ခံအကြောင်းအရာများ၊ အတွေ့အကြုံများကို သိနိုင်ဖို့ သင်ခန်းစာကိုအသုံးပြုပြီး စာတစ်မျက်နှာ assignment ပေးပြီး သိနိုင်ပါတယ်။ ဥပမာ – သတ္ထုတူးဖော်တဲ့သင်ခန်းစာအကြောင်းကို မစမီ သတ္ထုတူးဖော်တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျောင်းသားများ တွေ့ကြုံခံစားခဲ့ရပုံ၊ ဗဟုသုတ စတာတွေကို စာတစ်မျက်နှာ သို့မဟုတ် မျက်နှာဝက် ချရေးစေပြီး ဘယ်ကျောင်းသားက သတ္ထုတူးဖော်လုပ်ငန်းကြောင့် ဘယ်လိုဆုံးရှုံးမှုတွေရှိခဲ့တယ်ဆိုတာကို သိနိုင်ပြီး ပြင်ဆင်လို့ရပါတယ်။
☑️ စာသင်ချိန်တွင်း အုပ်စုလိုက်လုပ်ငန်းများကို ပြန်လည်သုံးသပ်တဲ့အခါ သို့မဟုတ် စာသင်နေစဉ်အတွင်းမှာ feedback ပေးတဲ့အခါ အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာပေးလိုက်တဲ့ feedback မှာ sensitive ဖြစ်သောဘာသာရေးနှင့်ပတ်သက်တဲ့အကြောင်းများ၊ တိုင်းရင်းသားမျိုးနွယ်စုနှင့် ပတ်သက်သောအရေးများ၊ အသားအရောင်ခွဲခြားသော feedback များက စာသင်ခန်းတွင်း ပဋိပက္ခကိုဖြစ်ပွားစေနိုင်တဲ့အတွက် ဖြစ်ပါတယ်။
☑️ group work များပေးတဲ့အခါ ကျောင်းသားတစ်ယောက်တည်းကိုပဲ ဆွေးနွေးမှုနဲ့ပတ်သက်ပြီး အတန်းရှေ့ထွက်ပြောဖို့ တွန်းအားမပေးပါနဲ့။ တချို့အခြေအနေမှာ ဆွေးနွေးတဲ့အကြောင်းအရာပေါ်မူတည်ပြီး ကျောင်းသားတွေမှာ စိတ်သက်တောင့်သက်သာမဖြစ်နိုင်တာမျိုးရှိနိုင်တဲ့အတွက်ဖြစ်ပါတယ်။ အုပ်စုတွင်းမှာရှိတဲ့ ကျောင်းသားတိုင်းကို ပါဝင်ဆွေးနွေးတင်ပြခွင့်ပေးပါ။
☑️ ဂျန်ဒါခွဲခြားခြင်းမပြုလုပ်ပါနဲ့။ ထို့ပြင်မိမိစာသင်ခန်းမှာရှိတဲ့ ဂျန်ဒါများကို သိအောင် ဆရာအနေနဲ့ ကြိုးစားသင့်ပါတယ်။ အုပ်စုလုပ်ငန်းတွေပေးတဲ့အခါ လုပ်ငန်းပေါ်မူတည်ပြီး ဂျန်ဒါကိုမျှတအောင် ခွဲဖို့လိုအပ်ပါလိမ့်မယ်။
☑️ သင်ခန်းစာသင်ကြားတဲ့အခါ ဥပမာများပေးပြီး ဆရာအများစုကသင်ကြားကြပါတယ်။ ဥပမာပေး သင်ကြားရှင်းပြတဲ့အခါ ရှုထောင့်ပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံကနေရှင်းပြဖို့လိုပါလိမ့်မယ်။ ဥပမာ – ဗမာအစားအသောက်၊ ရန်ကုန်၏လည်ပတ်စရာနေရာများ၊ ဗမာလူမျိုးစသည့် လူများစုဥပမာများ အသုံးပြုခြင်းကို ရှောင်ရှားရပါမယ်။
☑️ ပဋိပက္ခဖြစ်ပွားရာဒေသမှာစာသင်ကြားတဲ့အခါ အရင်းမြစ်နည်းနည်းနဲ့ စီမံခန့်ခွဲတတ်ဖို့လည်း လိုအပ်ပါတယ်။ ဥပမာ – ဖတ်စာအုပ်များမလုံလောက်တဲ့အခါ ကျောင်းသားတစ်ယောက်ချင်းစီတိုင်း ဖတ်စာအုပ်မရရှိတဲ့အခါ ၂ ယောက် တစ်အုပ် သို့မဟုတ် ၃ ယောက်တစ်အုပ်မျှဝေခြင်း၊ ဆရာ အကြောင်းအရာပါ အဓိကအချက်အလက်များကို သင်ပုန်းပေါ်တွင် ရေးသား၍ သင်ကြားခြင်း။
☑️ ပဋိပက္ခဖြစ်ပွားရာဒေသမှာ ရပ်ရွာအဖွဲ့အစည်းများနဲ့သော်လည်ကောင်း၊ ပြင်ပမှ အထောက်အပံ့ပေးသော အဖွဲ့အစည်းများနဲ့သော်လည်းကောင်း အမြဲမပြတ်ချိန်ဆက်ဆောင်ရွက်ဖို့လည်းလိုအပ်ပါတယ်။ စာသင်ကြားမှုအခြေအနေ၊ ကျောင်းသားများ၏အခြေအနေ သင်ကြားမှုရင်းမြစ်များ၏ အခြေအနေများကို သုံးသပ်တင်ပြပြီး အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်ပါတယ်။
☑️ ပဋိပက္ခဖြစ်ပွားရာဒေသမှာ အတူတကွ နေထိုင်ပြီး သင်ယူလေ့လာရသော ကျောင်းသားများကို အချင်းချင်းကူညီပံ့ပိုးတတ်အောင်လည်း ဆရာက လေ့ကျင့်ပျိုးထောင်ထားသင့်ပါတယ်။ အတူတကွပူးပေါင်းနေထိုင်တတ်အောင် သင်ယူခြင်း (learning to live together) က ကျောင်းသားတွေရဲ့ သင်ယူမှုတွင်သာမက လုပ်ငန်းခွင်ထိပါ အကျိုးသက်ရောက်မှုများရှိတဲ့အတွက် ဆရာက အချင်းအချင်းကူညီတတ်အောင် သင်ကြားထားပေးဖို့လည်းလိုအပ်ပါတယ်။