Collaboration Skills

💠ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills)

ပူးပေါင်းလုပ်ဆောင်ခြင်း (Collaboration) ဆိုတာ ကျောင်းသားနှစ်ယောက် ဒါမဟုတ် နှစ်ယောက်ထက်ပိုတဲ့ ကျောင်းများနဲ့ ပရောဂျက်တစ်ခု၊ အလုပ်တစ်ခု သို့မဟုတ် သင်ရိုးညွှန်းတမ်းတစ်ခု သို့မဟုတ် မေးခွန်းတစ်စုံကို  အကောင်အထည်ဖော် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပူးပေါင်းဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills) ဆိုတာက မိမိကိုယ်မိမိ သိနားလည်တဲ့ စွမ်းရည် (Intrapersonal Skills) ရှိပြီး အဖွဲ့ရဲ့ ဘုံရည်မှန်းချက်ကို အောင်မြင်အောင် ကျောင်းသားတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်း လေ့ကျင့်သင်ကြားပေးရတဲ့ စွမ်းရည်ဖြစ်ပါတယ်။ 

သင်ကြားရေးမှာ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုတာ အဖွဲ့အချင်းချင်း ဒါမှဟုတ် ‌ကျောင်းသားအချင်းချင်းကို အကျိုးပြုစေမယ့် တူညီတဲ့ ရည်မှန်းချက်တစ်ခုကို ရောက်အောင် လုပ်ဆောင်ရခြင်းပဲဖြစ်ပါတယ်။ စာသင်ခန်းအတွင်း ပူးပေါင်းလုပ်ဆောင်ခြင်းက အများနဲ့ ဆက်သွယ်ဆောင်ရွက်နိုင်တဲ့စွမ်းရည် (interpersonal skills)၊ ပေါင်းသင်းဆက်ဆံနိုင်တဲ့ အရည်အချင်း၊ ဗဟုသုတမျှဝေခြင်း တို့လိုအပ်ပြီး ကျောင်းတွင်းသော်လည်းကောင်း အွန်လိုင်းကနေသော်လည်းကောင်း လုပ်ဆောင်နိုင်ပါတယ်။ 

💠Collaboration Skill ကဘာကြောင့် အရေးကြီးတာလဲ။ 

မတူကွဲပြားတဲ့ အဖွဲ့ဝင်တွေရဲ့ စိတ်နေစိတ်ထား၊ အမြင်များ၊ အယူအဆများအားလုံးကို သဟဇာတဖြစ်အောင် ပေါင်းစပ်ညှိနှိုင်းပြီး အဖွဲ့ရဲ့ ရည်မှန်းချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ရာမှာ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ စွမ်းရည်ရှိနေဖို့ လိုအပ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက အဖွဲ့ဝင်တွေအချင်းချင်း အစည်းအဝေးတွေမှာ စုဝေးတွေ့ဆုံရုံ၊ မိမိအလုပ်တာဝန်များကို ကိုယ်စီခွဲဝေဆောင်ရွက်ရုံပဲ မဟုတ်ပါဘူး။ အဖွဲ့ဝင်အချင်းချင်း သိနားလည်မှု၊ ကူညီပံ့ပိုးမှု၊ အပေးအယူမျှမှု၊ ဆက်သွယ်ပူးပါင်းဆောင်ရွက်မှု စွမ်းရည်တွေကြောင့်သာ လုပ်ငန်းတွေ အောင်မြင်စွာ လည်ပတ်နိုင်တာဖြစ်ပါတယ်။ ဒါကြောင့် ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည်က အရေးကြီးပါတယ်။

💠Collaborationပူးပေါင်း လုပ်ဆောင်နိုင်တဲ့ အရည်အချင်းကောင်းလာစေဖို့ ဘာတွေလိုအပ်လဲ။

ပူးပေါင်း လုပ်ဆောင်နိုင်တဲ့ အရည်အချင်းကောင်းလာစေဖို့ လုပ်ဆောင်သင့်တဲ့  အရာတွေကတော့ အောက်ပါ အတိုင်းဖြစ်ပါတယ်။ 

(၁) ရည်မှန်းချက် ဦးတည်ချက်ကို ရှင်းရှင်းလင်းလင်းချမှတ်ပေးပါ။ (Clear Goals and Objectives)

စာသင်ခန်းထဲမှာ တစ်ယောက်နဲ့ တစ်ယောက်ပူးပေါင်းပြီး ပရောဂျက်တစ်ခုကိုလုပ်ဆောင်တဲ့အခါ အဓိကရည်ရွယ်ချက်၊ ရရှိလိုတဲ့    ဦးတည်ချက်က     ဘာလဲ ဆိုတာကို  ပါဝင်သူအားလုံး    ရှင်းရှင်းလင်းလင်း အသိပေးဖို့ လိုအပ်ပါတယ်။ ဒီလိုအသိမပေးထားရင် အချိန်ကုန်ပြီးအလုပ်မဖြစ်နိုင်ပါဘူး။ ရှင်းရှင်းလင်းလင်း သိရှိထားခြင်းက ပွင့်လင်းမြင်သာမှုရှိစေပြီး အချင်းချင်းကြားမှာလည်း ယုံကြည်မှုတည်ဆောက်နိုင်ပါတယ်။ ဒါ့အပြင် ပူးပေါင်းလုပ်ဆောင်မှုတွေ အောင်မြင်ပြီး လိုချင်တဲ့ပန်းတိုင်ကိုလည်း ရောက်ရှိနိုင်မှာပါ။

(၂) အဖွဲ့ဝင်များနဲ့ အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်း။ (Communication)

အခြားသူနဲ့ပူးပေါင်းလုပ်ဆောင်တဲ့အခါမှာ “ကိုယ်ဘာတွေလုပ်နေသလဲ ကိုယ်လုပ်နေတာတွေက သတ်မှတ်ချိန်အတွင်းပြီးနိုင်မပြီးနိုင်” ဆိုတာကို ကျောင်းသားတွေ သတိနဲ့ ပြန်သုံးသပ်နိုင်အောင် အမြဲပြောပြထားဖို့လိုအပ်ပါတယ်။ ဒါမှသာ မလိုလားအပ်တဲ့ အထင်လွဲမှားမှုတွေ မဖြစ်မှာပါ။ ကျောင်းသားအချင်းချင်း ဆက်သွယ်တဲ့အခါ သူတို့ ဆက်သွယ်ဖို့ အားသန်တဲ့ နည်းလမ်းတွေကို အသုံးပြုပါ။ အချို့က စာနဲ့ ရေးသားဆက်သွယ်ရတာကို သဘောကျပေမယ့် တချို့အတွက်တော့ စကားပြောနဲ့ ဆက်သွယ်တာကို ပိုပြီးနှစ်သက်ကြပါတယ်။ ကျောင်းသားတိုင်းအတွက် သူတို့ရဲ့ အတွေးအမြင်တွေကို လွတ်လပ်စွာ ဆက်သွယ်ပြောဆိုခွင့်ပေးပါ။ တစ်ယောက်ယောက်က သူတို့ရဲ့အမြင်ကို ချပြဖို့ တွန့်ဆုတ်နေမယ်ဆိုရင် သူတို့ရဲ့ အမြင်ကို နားလည်အောင် ကြိုးစားအားထုတ်ပါ။ ကျောင်းသားတိုင်းကို  ဆက်သွယ်ပြောဆိုမှုအားကောင်းလာအောင် ကူညီဖို့ဆိုတာ ခက်ခဲပါတယ်၊ ဒါပေမယ့် သူတို့ကို သက်တောင့်သက်သာရှိအောင် ဆောင်ရွက်ပေးနိုင်လျှင် သူတို့က ပိုမို ဆက်သွယ်လာမှာဖြစ်ပါတယ်။

(၃) နားထောင်ပါ။ သင်ယူပါ။ ညှိနှိုင်းပါ။ (Listen, Learn & Negotiate)

ကျောင်းသားအချင်းချင်း ပူးပေါင်းလုပ်ဆောင်တဲ့အခါ ကိုယ့်သဘောထားကိုပြောပြဖို့လိုသလို အခြားသူတွေရဲ့ သဘောထားကိုလည်း နားထောင်တတ်စေဖို့အပ်ပါတယ်။ အခြားသူကပေးတဲ့ အကြံပြုချက်တွေကိုလည်း အလေးအနက်ထား စဉ်းစားပေးဖို့ လိုအပ်ပြီး ကျောင်းသားတစ်ဦးနှင့်တစ်ဦး အမြင်မတူကြတဲ့အခါမှာလည်း ညှိနှိုင်း လုပ်ဆောင်တတ်အောင့် လေ့ကျင့် သင်ကြားပေးဖို့ လိုပါတယ်။

(၄) စိန်ခေါ်မှုတွေ ပြဿနာတွေကို တစ်ယောက်ကိုတစ်ယောက်အပြစ်မတင်ဘဲ ကျော်လွှားပါ။ (Overcome the challenges without blaming others)

ကျောင်းသားတစ်ဦးဦးက အမှားလုပ်မိတဲ့အခါမှာ အပြစ်မတင်ဖို့လိုအပ်သလို သူဘာကြောင့် ဒီလိုလုပ်ရသလဲ ဆိုတာကိုနားလည်အောင် လုပ်ဖို့လိုပါတယ်။ ကိုယ်အမှားလုပ်မိရင်လည်း ဝန်ခံပြောပြပြီး တာဝန်ယူဖို့လိုပါတယ်။ ဒီလိုမှသာ ဆရာနဲ့ကျောင်းသားကြား ယုံကြည်မှုတိုးလာပြီး ပြဿနာစိန်ခေါ်မှုတွေကို ကျော်လွှားဖို့ အတူတကွ လုပ်ဆောင်နိုင်မှာပါ။

 (၅) သဘောပေါက်လက်ခံလွယ်သော စိတ်ဓာတ် ထားရှိပါ။ (Open-minded)

ကျောင်းသားတွေအတွက် ကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်နိုင်သူ တစ်ယောက်ဖြစ်ဖို့ဆိုရင် မတူညီတဲ့ အကြံဉာဏ်တွေကို ဝေဖန်မှုမလုပ်ဆောင်ဘဲ နားထောင်ပေးဖို့ လိုအပ်ပါတယ်။ ကျောင်းသားသူတစ်ယောက်မှာ ကိုယ်နဲ့မတူတဲ့ အတွေးအမြင်နဲ့ လုပ်ဆောင်နိုင်တဲ့ ပရောဂျက်ကို ချဉ်းကပ်ပုံချင်းလည်း မတူနိုင်ပါဘူး။ မတူညီတဲ့ အကြံဉာဏ်တွေကို ပွင့်ပွင့်လင်းလင်းဆွေးနွေးခြင်းက ပိုမိုကောင်းမွန်တဲ့ ပူးပေါင်းလုပ်ဆောင်မှုရလဒ်တွေကို ရရှိစေပါတယ်။  ထို့ကြောင့် မတူညီတဲ့ အမြင်များ၊ အယူအဆများ၊ idea များကိုလက်ခံနားထောင်ပြီး စဉ်းစားသုံးသပ်ဖို့ လိုအပ်ပါတယ်။ အပြောင်းအလဲ အသစ်အဆန်းကို လက်ခံဖို့ ခက်ခဲခြင်းက ပူးပေါင်းဆောင်ရွက်တဲ့အခါမှာ အဟန့်အတားဖြစ်စေနိုင်ကြောင်းကိုလည်း ကျောင်းသားများသိအောင် မှာကြားထားဖို့ လိုအပ်ပါတယ်။ 

(၆) အပြန်အလှန်ယုံကြည်မှု ထားရှိခြင်း။ (Trust)

ကျောင်းသားများနဲ့ စုပေါင်းဆောင်ရွက်ရာမှာ အဖွဲ့ဝင်အချင်းချင်း အပြန်အလှန် ယုံကြည်မှုရှိမှသာ လုပ်ငန်းကို အောင်မြင်အောင်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ တူညီတဲ့ ဘုံရည်မှန်းချက် အောင်မြင်ဖို့ အားလုံးပူးပေါင်းဆောင်ရွက်ရတဲ့အတွက်ကြောင့် အပြန်အလှန် ယုံကြည်မှုရှိခြင်း၊ ပံ့ပိုပေးခြင်း၊ အပြုသဘောဆောင်တဲ့ အကြံပြုချက်များပေးခြင်းက အရေးပါတယ်။ 

(၇) ပြောင်းလွယ်ပြင်လွယ်ရှိခြင်း။ (Flexibility)

မည်သည့် အခန်းတွင်းလုပ်ငန်းစဥ်တွေမှာမဆို မမျှော်လင့်ဘဲ အခက်အခဲ၊ အတားအဆီးများ၊ အပြောင်းအလဲများ ရှိနိုင်ပါတယ်။ လုပ်ငန်းများဆောင်ရွက်နေစဉ် မမျှော်လင့်တဲ့ အခက်အခဲများ၊ အပြောင်းအလဲများ ပေါက်လာတဲ့အခါ ယခင်က ချမှတ်ထားတဲ့ အစီအစဉ်တွေကို အခြေအနေနဲ့ လိုက်လျောညီထွေပြုပြင် ပြောင်းလဲပြီး ရည်ရွယ်ချက်အောင်မြင်အောင် လမ်းတည့်ပေးဖို့ အရေးကြီးပါတယ်။ 

 (၈) အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိခြင်း။ (Positivity)

ကျောင်းသားများနဲ့ ပူးပေါင်းဆောင်ရွက်ရတဲ့ လုပ်ငန်းတွေမှာ  အပြုသဘောဆောင်တဲ့စိတ်၊ အကောင်းမြင်စိတ်တွေက မရှိမဖြစ် လိုအပ်ပါတယ်။ အပြုသဘောဆောင်တဲ့ အကောင်းမြင်စိတ်ရှိခြင်း (Positivity)က အဖွဲ့ဝင်တွေကြားမှာ ယုံကြည်မှုတည်ဆောက်ခြင်း၊ ဆက်သွယ်ရေးကို ပိုမိုကောင်းမွန်စေခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ လိုက်လျောညီထွေရှိခြင်းတို့ကို တိုးတက်လာအောင် ကူညီနိုင်ကြောင်းကို သေချာရှင်းပြပေးဖို့ လိုအပ်ပါတယ်။ 

(၉) ရေရှည်မျှော်တွေးတတ်ခြင်း။ (Long-term thinking)

အခန်းတွင်း လှုပ်ရှားမှုတွေမှာ အတူတူပူးပေါင်းဆောင်ရွက်ရတဲ့ စီမံကိန်းနယ်ပယ် (project scope)  နဲ့ ပြီးမြောက် အောင်မြင်နိုင်မယ့် အချိန်၊ အဖွဲ့ဝင်များအားလုံးရဲ့ တာဝန်ခွဲဝေဆောင်ရွက်နိုင်မှုနဲ့ ပြီးမြောက် နိုင်မယ့် အခြေအနေ၊ ကြုံတွေ့လာနိုင်မယ့် အခက်အခဲများ စတဲ့အရာတွေကို ရေရှည်အတွက် မျှော်တွေးပြီး ကြိုတင်ပြင်ဆင်ထားရပါမယ်။ 

(၁၀) စနစ်တကျ ဖွဲ့စည်း စီစဉ်ထားမှုရှိခြင်း။(Organization)

ကျောင်းသားတွေက အလုပ်တာဝန်ခွဲဝေဆောင်ရွက်တာ ကိုယ့်တာဝန်ကိုယ်ယူတာ စည်းစနစ်တကျဖြစ်အောင်  မလုပ်နိုင်ဘူးဆိုရင် ပူးပေါင်းဆောင်ရွက်မှုက အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ကျောင်းသားခေါင်းဆောင်များကို ဖွဲ့စေပြီး အဖွဲ့သားများရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေမှာ တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ခြင်းက ပိုမိုစနစ်တကျတဲ့ ရလဒ်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ အကယ်၍ အဖွဲ့သားတွေက တာဝန်ကျေပြွန်ပြီး အချင်းချင်း ပုံမှန်ညှိနှိုင်းဆောင်ရွက်နေမယ်ဆိုရင် အခန်းတွင်း လှုပ်ရှားမှုအချိန်နဲ့ အလုပ်တာဝန်များကို စနစ်တကျစီမံတတ်လာစေမှာဖြစ်ပါတယ်။ 

စာသင်ခန်းထဲမှာ ကိုယ်တစ်ဦးတစ်ယောက်တည်း အခန်းတွင်း လှုပ်ရှားမှုတွေကို လုပ်ဆောင်လို့ မရတာကြောင့် အခြားသူတွေ နဲ့ ပူးပေါင်းလုပ်ဆောင်ခြင်းက မတူညီတဲ့ စွမ်းဆောင်ရည်များကိုလည်း လေ့လာသင်ယူနိုင်ပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းစွမ်းရည် (Collaboration Skills)က  အဖွဲ့အစည်းအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်တဲ့အပြင် ကိုယ့်အနာဂတ် အသက်မွေးဝမ်းကြောင်းအတွက်လည်း  အထောက်အကူ ဖြစ်စေနိုင်ကြောင်းကို မှာကြားပေးဖို့ လိုပါတယ်။ ဒါကြောင့် ကျောင်းသားတွေရဲ့ collaboration skillsကို ကောင်းမွန်စေဖို့ အထက်ပါအချက်လေးတွေကို ကျောင်းသားတွေနဲ့အတူ လုပ်ဆောင်ကြည့်ပါလို့ စာဖတ်သူတို့ကို မျှဝေတိုက်တွန်းလိုက်ပါတယ်။

References

https://staff-force.com/effective-collaboration-skills/
https://blog.jostle.me/blog/6-collaboration-skills-and-how-to-foster-them