Jean Piaget’s ၏ Cognitive Development အဆင့်များ
Jean Piaget က Swiss psychologist တစ်ယောက်ဖြစ်ပြီး ကလေးတွေရဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုနဲ့ပတ်သက်ပြီး လူသိများကျော်ကြားတဲ့ ပညာရှင်တစ်ယောက်ဖြစ်ပါတယ်။
ကလေးတွေဟာ မွေးကင်းစအရွယ်ကစပြီး တဖြေးဖြေး ကြီးပြင်းလာတဲ့အခါမှာ ဦးနှောက်ဖွံ့ဖြိုးမှုပုံစံကလည်း မတူညီတော့ကြောင်းကို Piaget ရဲ့ Cognitive development theory က ထောက်ပြထားပါတယ်။ ကလေးတွေရဲ့ အတွေးအခေါ်စွမ်းရည်တွေက အသက်အရွယ်ကြီးလာတာနဲ့အမျှ ပိုမိုနက်နက်နဲနဲ တွေးလာနိုင်တာကို Piaget ရဲ့ cognitive development theory က ပြောပြထားပါတယ်။
ကလေးတစ်ယောက်က ဖွံ့ဖြိုးမှုအဆင့်တွေကို တစ်ခုပြီးတစ်ခုဖြတ်ကျော်ရပါတယ်။ မြန်မြန်ဖြတ်ကျော်သွားတဲ့ ကလေးတွေလည်းရှိသလို ပုံမှန်ထက်ပိုနှေးပြီး ဖြတ်ကျော်တဲ့ ကလေး တွေလည်းရှိပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် ဖြတ်ကျော်တဲ့နှုန်းကမတူကြပါဘူး။ ကလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်မှုက ပတ်ဝန်းကျင်နဲ့ အပြန်အလှန်သက်ရောက်မှုနဲ့ ဇီဝဗေဒဆိုင်ရာ ရင့်ကျက်မှု (biological maturation) တို့နဲ့လည်း ဆိုင်ပါတယ်။
ဖွံ့ဖြိုးမှုအဆင့်တစ်ခုချင်းစီမှာ ကလေးတွေရဲ့ တွေးခေါ်နိုင်မှုစွမ်းရည်က မတူညီကြပါဘူး။ အဆင့်တစ်ဆင့်ချင်း စီမှာလည်း မတူညီတဲ့ဉာဏ်ရည်ဉာဏ်သွေးတွေက ကွာခြား နိုင်ပါသေးတယ်။ ဥပမာ – ဖရဲသီး ဆိုတဲ့အရာကို ကလေးတစ်ယောက်က ကိုင်ကြည့်ပြီး မှတ်မိတယ်။ နောက်ထပ် ကလေး တစ်ယောက်က အနံ့နဲ့ မှတ်ထားတယ်။ နောက်ထပ်ကလေးတစ်ယောက်က အမြင်နဲ့မှတ်ထားတယ်။
📌Developmental Stages
ဖွံ့ဖြိုးတိုးတက်မှုအဆင့် လေးဆင့်ကိုတော့ အောက်ကဇယားမှာဖော်ပြထားပါတယ်။
အဆင့် | အသက် | ပန်းတိုင် |
Sensorimotor | မွေးကင်းစမှ 2 နှစ်အထိ (0 to 2) | အရာဝတ္ထုများတည်ရှိမှုကို သင်ယူခြင်း |
Preoperational | 2 နှစ် မှ 7 နှစ်ထိ | သင်္ကေတများ စဉ်းစားတတ်လာခြင်း |
Concrete operational | 7 နှစ်မှ 11 နှစ်ထိ | ယုတ္တိကျကျတွေးခေါ်စဉ်းစားတတ်လာခြင်း |
Formal operational | 11 နှစ်နှင့်အထက် | သိပ္ပံနည်းကျစဉ်းစားတွေးခေါ်တတ်လာခြင်း |
အဆင့်တစ်တိုင်းကို ကျော်ပြီးဖြတ်သန်းကြီးပြင်လာလို့မရပေမယ့်လည်း ကလေးတစ်ဦးတစ်ယောက် ချင်းစီရဲ့ အဆင့်လေးဆင့်ကို ကျော်ဖြတ်တဲ့နှုန်းကတော့ မတူညီနိုင်ကြပါဘူး။ တချို့ကလေးတွေက နောက်ဆုံးအဆင့်ကို မရောက်ဘဲ မဖွံ့ဖြိုးနိုင်တာမျိုးတွေ တွေ့နိုင်ပါတယ်။
Piaget က အဆင့်တစ်ဆင့်ချင်းစီရဲ့ဖော်ပြချက်တွေမှာ ဘယ်အသက်အရွယ်မှာ ဘယ်လို အဆင့်ကို ရောက်ပြီး ဘယ်လိုလုပ်ကိုင်နိုင်တယ်ဆိုတာ ဖော်ပြထားပေမယ့်လည်း အဆင့်တစ်ခုတိုင်းကို ဖော်ပြထားတဲ့အသက်မှာ ကျိန်းသေပေါက်ရောက်မယ်လို့တော့ အခိုင်အမာ မပြောဆိုထားပါဘူး။
▶️ The Sensorimotor Stage (မွေးစ – ၂ နှစ်ထိ)
ဖွံ့ဖြိုးတိုးတက်မှုအဆင့်တွေရဲ့ ပထမဆုံးအဆင့်ကတော့ sensorimotor အဆင့်ပဲဖြစ်ပါတယ်။ ဒီ အဆင့်မှာတော့ ကလေးငယ်တွေက ရုပ်ပိုင်းဆိုင်ရာအထိအတွေ့ကို ခံစားမိပြီး သူတို့ရဲ့ ခန္ဓာကိုယ်နဲ့ ပေါင်းစပ်သင်ယူ ကြပါတယ်။ ကလေးငယ်တွေက သူတို့ရဲ့ အာရုံငါးပါးနဲ့ ပတ်ဝန်းကျင်က အရာတွေကို သူတို့ရဲ့ အပြုအမူတွေနဲ့ ဥပမာ – လှည့်ပတ်ကြည့်ခြင်း၊ ပတ်ဝန်းကျင်ကို စူးစမ်းကြည့်ခြင်းနဲ့ သင်ယူကြပါတယ်။
📈 အဓိကလက္ခဏာများနှင့် ဖွံ့ဖြိုးမှုပြောင်းလဲမှုများ
- Sensorimotor အဆင့်မှာ စိတ်ပိုင်းဆိုင်ရာ အရည်အသွေးတွေ တိုးတက်ဖွံ့ဖြိုးလာပါတယ်။ ဥပမာ ပစ္စည်းတည်ရှိမှုကို သိခြင်း၊ မိမိကိုယ်ကိုတည်ရှိမှုကိုသိခြင်း (ကလေးတွေက အခြားလူတွေနဲ့ သူတို့နဲ့ သပ်သပ်စီ မတူညီဘူးဆိုတာ သိကြပါတယ်)၊ အတုယူခြင်းနှင့် အမူအရာများကို ပြန်လည်လုပ်ပြတတ်ခြင်း။
- ကလေးတွေက “symbolic function” လို့ခေါ်တဲ့ ပစ္စည်းတွေ ပုံစံတွေကို စိတ်ကနေ ပုံဖော်ပြီးမှတ်တတ်တဲ့ အကျင့်ရှိလာပါတယ်။ ဥပမာ – ကလေးတစ်ယောက်က ကြောင်ကို မျက်စိရှေ့မှာမြင်ရင်သိပြီး မျက်စိရှေ့မှာမမြင်ရရင် မေ့သွားတတ်ပါတယ်။ ဒါကြောင့် ကြောင်ပုံဆွဲပြတာသော်လည်းကောင်း၊ ကြောင်ပုံစံလုပ်ပြတာသော်လည်းကောင်း ကြောင်ရဲ့ပုံစံနဲ့ အသံ၊ အပြုအမူတွေကို မှတ်ပြီး ဒီသက်ရှိဟာ “ကြောင်” လို့ စိတ်ထဲကနေမှတ်ထားခြင်းပဲဖြစ်ပါတယ်။
- ၈ လအရွယ်လောက်မှာ ကလေးတွေက သက်ရှိတွေ၊ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့တည်ရှိမှုကို နားလည်လာတယ်။ သူတို့မှတ်ထားတဲ့ ပစ္စည်းတွေ၊ သက်ရှိတွေ မျက်စိရှေ့က ပျောက်သွားတဲ့အခါမှာတောင် ပစ္စည်းတွေ သက်ရှိတွေရဲ့တည်ရှိမှုကို သိနိုင်၊ မှတ်ထားနိုင်ပါတယ်။
သို့သော် မွေးကင်းစအရွယ်မှာတော့ ရုပ်ဝတ္ထုတွေကို မှတ်နိုင်တဲ့ မှတ်ဉာဏ်မဖွံ့ဖြိုးသေးတဲ့အတွက် သက်ရှိတွေ ရုပ်ဝတ္ထုပစ္စည်းတွေ တည်ရှိခြင်းတွေကို မသိနိုင်သေးပါဘူး။ ဥပမာ – အရုပ်တစ်ရုပ်ကို ပြပြီး ဖွက်လိုက်မယ်ဆိုရင် ကလေးက ရုပ်ဝတ္ထုပစ္စည်းတွေမှတ်နိုင်တဲ့ ဉာဏ်ရည်မဖွံ့ဖြိုးသေးတဲ့အတွက် မျက်စိရှေ့က ပျောက်သွားတဲ့ အရုပ်ကို လိုက်ရှာမှာမဟုတ်ပါဘူး။
Sensorimotor အဆင့်ရဲ့ အဓိကဖွံ့ဖြိုးတိုးတက်မှုကတော့ ရုပ်ဝတ္ထုပစ္စည်းများတည်ရှိမှုကိုသိခြင်း ပဲဖြစ်ပါတယ်။ ဒီတိုးတက်မှုကိုရဖို့အတွက်ဆိုရင် ရုပ်ဝတ္ထုပစ္စည်းကို စိတ်ထဲကနေမှတ်ထားနိုင်တဲ့ စွမ်းရည်လိုအပ်ပါတယ်။ ဒါမှသာ စိတ်ထဲကနေမှတ်မယ်၊ မှတ်ဉာဏ်ကို ပြန်ခေါ်မယ်၊ နောက်တစ်ခါမှတ်မိပြီး ရုပ်ဝတ္ထုပစ္စည်း (ဥပမာ – ကြောင်) ကို ပြောပြနိုင်မှာဖြစ်ပါတယ်။
▶️ The Preoperational Stage (2 နှစ်မှ 7 နှစ်ထိ)
Preoperational အဆင့်ကတော့ ဒုတိယဖွံ့ဖြိုးတိုးတက်မှုအဆင့်ဖြစ်ပြီး အသက် ၂ နှစ်ကနေ ၇ နှစ်အတွင်းမှာ ဖွံ့ဖြိုးပါတယ်။ ဒီအဆင့်ရဲ့ အစမှာတော့ ကလေးတွေက ယုတ္တိရှိရှိ စဉ်းစားတွေးခေါ်နိုင်မှု (logical reasoning) တွေ မရှိသေးပါဘူး။ တွေ့တဲ့မြင့်တဲ့အတိုင်းသာ တွေးခေါ်စဉ်းစားနိုင်ကြ ပါတယ်။ ဥပမာ – အရွယ်အစားကြီးမားတဲ့ ဖော့တုံးတစ်တုံးနဲ့ သေးငယ်တဲ့ သံတုံးတစ်တုံးကို ယှဉ်ပြပြီး ဘယ်အရာက ပိုလေးမလဲလို့မေးတဲ့အခါ ဖော့တုံးက ပိုလေးတယ်ပြောကောင်းပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ လေးတယ်ဆိုတာ အလေးချိန်ပေါ် မူတည်ပြီး အရွယ်အစားပေါ် မူတည်မှု မရှိဘူး ဆိုတဲ့ logical reasoning က မဖွံ့ဖြိုးသေးလို့ဖြစ်ပါတယ်။ အရွယ်အစားပေါ်ကြည့်ပြီးပဲဆုံးဖြတ်နိုင်ပြီး အရွယ်အစားနဲ့ အလေးချိန်ရဲ့ ဆက်စပ်မှုကို မစဉ်းစားနိုင်သေးလို့ပဲဖြစ်ပါတယ်။
နောက်တစ်ခုအနေနဲ့ ဒီအဆင့်မှာ ကလေးက egocentric (မိမိကိုယ်ကို ဗဟိုပြုစဉ်းစားခြင်း) ဖြစ်ကြပါတယ်။ အရာရာကို သူမြင်တဲ့အတိုင်း၊ သူခံစားရအတိုင်း မှတ်ယူထားပါတယ်။ Preoperational အဆင့် ဖွံ့ဖြိုးလာတာနဲ့တစ်ပြိုင်နက် egocentric ဖြစ်မှုလည်း လျော့ကျလာတာကို တွေ့ရပါတယ်။ ကလေးတစ်ယောက်က အခြားကလေးတွေနဲ့အတူတူ ကစားနိုင်ခြင်း၊ အခြားသူတစ်ယောက် (superheroes၊ ဆရာဝန် စသည်ဖြင့်) နေရာကနေ ဝင်ခံစားပြီး pretend play လုပ်နိုင်လာပါတယ်။ pretend play လုပ်တဲ့နေရာမှာလည်း အသုံးအဆောင်ပစ္စည်းတွေကို သုံးပြီး ကစားကြပါတယ်။ ဥပမာ ဆရာဝန်နေရာမှာ pretend play လုပ်တဲ့ကလေးက နားကြပ်သုံးပြီး ကစားခြင်း။ pretend play လုပ်တဲ့အခါမှာလည်း အတူတူကစားဖော်ကစားဖက်ကိုပါ စိတ်ကူးထဲပုံဖော်ပြီး ကစားတတ်ကြပါတယ်။
📈 အဓိကလက္ခဏာများနှင့် ဖွံ့ဖြိုးမှုပြောင်းလဲမှုများ
- လမ်းလျှောက်တတ်ကာစကလေးတွေနဲ့ ငယ်ရွယ်တဲ့ကလေးတွေက ဘာသာစကား (ဥပမာ စကားလုံးအသစ် – ရေ၊ မေမေ) နဲ့ စိတ်ကူးများ (ဥပမာ – pretend play) ကို ဖော်ပြတတ်ဖို့အတွက် အရည်အသွေးတွေလိုအပ်ပါတယ်။
- ဒီအဆင့်မှာ ကလေးငယ်တွေက အရာဝတ္ထုတွေကို သင်္ကေတအားဖြင့် ဆိုလိုသည်မှာ စာနဲ့သော်လည်းကောင်း နံပါတ်နဲ့သော်လည်းကောင်း ဖော်ပြနိုင်ကြပါတယ်။ စကားလုံး တစ်လုံး ဒါမှမဟုတ် အရာဝတ္ထုတစ်ခုကို ဖော်ပြနိုင်တဲ့စွမ်းရည်တွေ ဖွံ့ဖြိုး နိုင်ကြပါတယ်။
- ကလေးတွေရဲ့အတွေးတွေက သူတို့ရဲ့ အပြင်ကမ္ဘာက ဘယ်လိုလဲဆိုတာထက် ကလေးတွေ ဘယ်လိုမြင်သလဲဆိုတဲ့အပေါ် သာ လွှမ်းမိုးနေပါတယ်။ ယုတ္တရှိရှိ တွေးခေါ်နိုင်တဲ့စွမ်းရည် (ပြဿနာဖြေရှင်းနိုင်မှု) တွေ မရှိသေးတဲ့အတွက်ဖြစ်ပါတယ်။
- ဒါ့အပြင် ကလေးတွေမှာ “အစုအပေါင်း၊ အဖွဲ့အစည်း” ကိုလည်း မသတ်မှတ်နိုင်ပါဘူး။ ကလေးတစ်ယောက်က အရာဝတ္ထုပစ္စည်းတွေကိုတော့ ခွဲခြားနိုင်ပေမဲ့ ဒီပစ္စည်းက ဘာအဖွဲ့အစည်းထဲမှာပါဝင်တယ်ဆိုတာကို မခွဲခြားနိုင်ပါဘူး။ အဖွဲ့အစည်းထဲမှာ ပါတဲ့ ပစ္စည်း ၂ ခု သို့မဟုတ် ပစ္စည်းများကို တစ်ပြိုင်နက်ထဲ မခွဲခြားနိုင်ပါဘူး။ ဥပမာ – ကလေးတစ်ယောက်က “ပန်း” ဆိုတဲ့ အရာကို သိတယ်၊ မြင်တယ်၊ အခြားအရာနဲ့ ပန်းနဲ့တွဲပြီး ပန်းကိုရွေးပါဆိုရွေးနိုင်တယ်။ သို့သော် ပန်းထဲမှာက ထပ်ပြီးခွဲခြားတဲ့ နေကြာပန်း၊ စံပယ်ပန်း၊ ခရေပန်း စတဲ့ sub-set လို့ခေါ်တဲ့ အစုခွဲတွေကိုတော့ ခွဲခြားဖို့အတွက် ဒီအဆင့်မှာ ခက်ခဲပါဦးမယ်။
- ကလေးငယ်တွေကတော့ ဒီအဆင့်မှာ “animism” လို့ခေါ်တဲ့ အသက်မရှိတဲ့အရာဝတ္ထုတွေ (ဥပမာ – အရုပ်၊ လမင်း) တွေကို လူတွေလိုပဲ အသက်ရှိတယ်လို့ထင်ပြီး ခံစားချက်တွေရှိတယ်လို့ ထင်ကြတယ်။
အချုပ်အားဖြင့် ဒီအဆင့်မှာ ကလေးတွေက ရုပ်ပိုင်းဆိုင်ရာထိတွေ့မှုတွေကနေ သူတို့ရဲ့ အတွေး အခေါ်တွေ တိုးတက်သွားတာတွေ့ရပါတယ်။ သို့သော် ယုတ္တိရှိရှိစဉ်းစားနိုင်တဲ့ စွမ်းရည်တွေတော့ ဒီအဆင့်မှာ မတိုးတက်သေးပါဘူး။ ကလေးတွေရဲ့ အတွေးအခေါ်ကတော့ အရာရာကို စူးစမ်းတယ်။ အခြေအနေအရပ်ရပ်နဲ့ ပတ်သက်ပြီး သူတို့ရဲ့ အမြင်ကနေပဲ တွေးခေါ်ဆုံးဖြတ်တယ်။ egocentric ဖြစ်တဲ့ အရွယ်တွေလည်း ဖြစ်ပါတယ်။
▶️ The Concrete Operational Stage (7 နှစ် မှ 11 နှစ်ထိ)
Concrete operational အဆင့်ရဲ့ အစမှာဆိုရင် ကလေးတစ်ယောက်က ယုတ္တိရှိရှိတွေးခေါ်နိုင်ပြီး operations တွေကို နားလည်လာပါလိမ့်မယ်။ အရေအတွက်၊ အလေးချိန် စတာတွေ၊ လူတွေရဲ့ အမျိုးမျိုး တွေးခေါ်နိုင်စွမ်းတွေနဲ့ အစုအပေါင်း၊ အဖွဲ့အစည်းနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကိုလည်း ဆောင်ရွက်လာ နိုင်ပါတယ်။ သို့သော် abstract thinking လို့ခေါ်တဲ့ စိတ်ကူးနဲ့ စဉ်းစား တွေးခေါ်နိုင်စွမ်းနဲ့ ပတ်သက်ပြီးတော့ အခက်အခဲတော့ ရှိနေတုန်းပါပဲ။
📈 အဓိကလက္ခဏာများနှင့် ဖွံ့ဖြိုးမှုပြောင်းလဲမှုများ
- ဒီအဆင့်မှာ ကလေးတွေက လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ယုတ္တိရှိရှိတွေးနိုင်ပါတယ်။
- ကလေးတွေက အရာဝတ္ထုပစ္စည်းတွေက ပုံသဏ္ဍာန်ပြောင်းလဲသွားပေမယ့် ဂုဏ်သတ္တိက တော့ အတူတူပဲဆိုတဲ့ concept of conservation ကို စတင်နားလည်နေပါပြီ။ ဥပမာ – ဖန်ခွက်အတိုနဲ့ ဖန်ခွက်အရှည်ထဲကို ရေပမာဏ တူတူထည့်လိုက်တယ်။ ဒီအဆင့်က ကလေးတွေက ဖန်ခွက် အရှည်ထဲကရေနဲ့ ဖန်ခွက်အတိုထဲကရေက ပမာဏအတူတူပဲ ထည့်တဲ့ခွက် ပြောင်းသွားသော်လည်း ပမာဏအတူတူပဲဆိုတဲ့ conservation concept ကိုရရှိသွားပါတယ်။
- ကလေးတွေက အရာဝတ္ထုတွေကို ပြောင်းလဲလို့ရသလို နဂိုမူလပုံစံအတိုင်းလည်း ပြန်ပြုပြင်လို့ရတယ်ဆိုတဲ့ “reversibility” concept ကိုလည်း ရရှိနေပြီဖြစ်ပါတယ်။ ဥပမာ – ရွှံဘောလုံးတစ်လုံးကို ရွှံတုံးဖြစ်အောင် လုပ်တတ်သလို ဘောလုံးတစ်လုံးဖြစ်အောင်လည်း ပြန်လုပ်နိုင်ပါတယ်။
- လူတွေက egocentric (မိမိကိုယ်ကို ဗဟိုပြုစဉ်းစားခြင်း) လျော့နည်းလာပြီး အခြားလူတွေ ဘယ်လိုတွေးခေါ်တယ်၊ ဘယ်လိုခံစားကြလဲဆိုတာကို စတင်တွေးလာနိုင်ပါပြီ။
ဒီအဆင့်ကို “concrete” လို့ခေါ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကလေးတွေက လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အရာတွေနဲ့ပတ်သက်ပြီး ယုတ္တိရှိရှိစဉ်းစားလာတတ်ကြပါတယ်။ Piaget က concrete operational အဆင့်က ကလေးတွေရဲ့ သိမှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအတွက် ပြောင်းလဲမှုအဆင့်တစ်ခုဖြစ်တယ်လို့ ပြောပြ ထား ပါတယ်။ ဆိုလိုတာကတော့ ကလေးတွေက သူတို့ပတ်ဝန်းကျင်မှာရှိတဲ့ အရာတွေနဲ့ပတ်သက်ပြီး ထိတွေ့ကိုင်တွယ်မှ နားလည်တာထက် အဲ့ဒီအရာတွေနဲ့ ပတ်သက်ပြီး သူတို့ခေါင်းထဲမှာ အလိုလို အလုပ်လုပ်တယ်။ ဘယ်လိုဖြစ်လာနိုင်လဲ ဆိုတာကို စဉ်းစားတွေးခေါ်တတ်လာပါတယ်။
ကလေးတွေက အသက် ၆ နှစ်မှာ number conservation (ဥပမာ – 24: 12 + 12, 20 +4)၊ အသက် ၇ နှစ်မှာ ပမာဏ (mass)၊ အသက် ၉ နှစ်မှာ အလေးချိန် (weight) နဲ့ပတ်သက်ပြီး သိရှိနေပါပြီ။ Conservation ဆိုတာက အပြင်ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲပေမယ့်လည်း အရေအတွက်က အတူတူပဲဆိုတာကို သိနားလည် ခြင်းဖြစ်ပါတယ်။ (ဥပမာ – ရေ ၁ လီတာကို ဇလုံထဲထည့်တာနဲ့ ရေသန့်ဘူးထဲထည့်တာဟာ ရေရဲ့ ပမာဏ အတူတူပဲဆိုတာကို နားလည်ခြင်းဖြစ်ပါတယ်)
သို့သော် ကလေးတွေက ရုပ်ပိုင်းဆိုင်ရာတည်ရှိတဲ့ အရာတွေနဲ့ပတ်သက်တဲ့ အကြောင်းပြချက်တွေ အတွေး အခေါ်တွေကို မေးခွန်းထုတ်မှသာ operational thought က ထိရောက်မှာဖြစ်ပါတယ်။ ဒီအဆင့်မှာ ကလေးတွေက စိတ်ကူး (abstract) နဲ့ဆောင်ရွက်ရတဲ့ အကြောင်းအရာတွေ၊ အယူအဆ စိတ်ကူးကို အခြေခံတဲ့ပြဿနာတွေ (hypothetical problems) တွေနဲ့ ပတ်သက်ပြီး ဆောင်ရွက် စေမယ်ဆိုရင်တော့ အမှားတွေလုပ်ကောင်းလုပ်နိုင်မယ်၊ မပျော်ရွှင်ဘဲ စိတ်ဖိစီးမှု တွေများနိုင်မှာဖြစ်ပါတယ်။
▶️ Formal Operational Stage (11 နှစ် နှင့်အထက်)
Formal operational အဆင့်က အသက် ၁၁ နှစ်ကနေစတင်ပါတယ်။ ဒီအဆင့်ကို ဝင်ရောက်လာတဲ့ အရွယ်ရောက်လာတဲ့ ကလေးတွေအနေနဲ့ စိတ်ကူးနဲ့တွေးတောနိုင်တဲ့ အရည်အချင်းတွေရှိလာပါပြီ။ ပေါင်းစပ်တာတို့ ပိုမိုရှုပ်ထွေးတဲ့အခြေအနေကနေ အရှင်းဆုံးခွဲထုတ်နိုင်တာတို့ စတဲ့ higher order reasoning တွေကို တွေးခေါ်နိုင်တဲ့ စွမ်းရည်တွေ တိုးတက်လာကြပါပြီ။
ဆယ်ကျော်သက်ကလေးတွေက abstract ideas တွေကို စဉ်းစားတတ်နေပါပြီ။ ဥပမာ အပိုင်းကိန်းတွေကို စားတဲ့အခါမှာ စားကိန်းက တည်ကိန်းကို စားတဲ့အခါ ချတွက်တာမဟုတ်ဘဲ စိတ်ထဲကနေ operations တေွလုပ်ပြီး တွက်နိုင်နေပါပြီ။ ထို့နည်းတူပဲ ပုစ္ဆာတွေကို ဖြေရှင်းတဲ့အခါလည်း စိတ်ကူးနဲ့ ဦးနှောက်ထဲမှာ hypothesis တွေချပြီး စဉ်းစားတွေးခေါ်တတ်နေပါပြီ။
📈 အဓိကလက္ခဏာများနှင့် ဖွံ့ဖြိုးမှုပြောင်းလဲမှုများ
- ဒီအဆင့်မှာ abstract ideas နဲ့ ပြဿနာတွေကိုဖြေရှင်းနေရပါပြီ။ ဥပမာ ကိတ်မုန့်တစ်လုံးကို အညီအမျှပိုင်းပြီး မျှဝေဖို့အတွက် အပိုင်းကိန်းအကြောင်းကို သိထားပြီးပြီဆိုရင် စိတ်ထဲကနေ ဘယ်နှစိတ်ခွဲရမယ် ဆိုတာကို အလိုလိုသိသွားပါတယ်။
- ဒီအဆင့်က ကလေးတွေက hypothetical problems တွေကို အဖြေမျိုးမျိုး စဉ်းစား တွေးခေါ်တတ်နေပါပြီ။ ဥပမာ ပိုက်ဆံတွေကို တစ်နာရီအတွင်း ဖျက်သိမ်းခဲ့မယ်ဆိုရင် ဘယ်လိုဖြစ်မလဲ။ နောက်ဆက်တွဲအကျိုးဆက်တွေက ဘာတွေဖြစ်နိုင်မလဲ။
- ဒီအဆင့်မှာ သိပ္ပံနည်းကျတွေးခေါ်မှုပုံစံတွေ (scientific thinking)၊ abstract theory တွေ၊ ပြဿနာတစ်ခုနဲ့ပတ်သက်ပြီး hypothesis တွေကို ချမှတ်လာနိုင်ပြီဖြစ်ပါတယ်။ (ဥပမာ – နေမထွက်လာရင် ဘာဖြစ်လာနိုင်မလဲ။ ဥပမာ – ဖျော်ရည်တစ်ခုဖျော်တဲ့အခါမှာ လိုချင်တဲ့ အရောင်နဲ့ အရသာမရရင် ဘယ်ပါဝင်ပစ္စည်းတွေကို ပြောင်းပြီး ဖျော်လို့ရမလဲ။)
အချုပ်အနေနဲ့ Piaget ရဲ့ cognitive development theory က ကလေးတွေက သူတို့အသက်အရွယ်တွေမှာ ဉာဏ်ရည်ဖွံ့ဖြိုးမှုတွေက ဘယ်လိုရှိသလဲဆိုတာကို ကလေးတွေကို အဓိကအခန်းကဏ္ဍမှာထားပြီး ဖော်ပြသွားတာဖြစ်ပါတယ်။ Piaget အရဆိုရင် ကလေးတွေက အချက်အလက်တွေကို လက်ခံသူသက်သက်မဟုတ်ပါဘူး။ သူတို့တွေက သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ အပြန်အလှန်ပတ်သက် တွေးခေါ်စဉ်းစားနိုင်ပြီး ဖော်ထုတ်တတ်တဲ့သူတွေပါ။ ဒီလို ပတ်ဝန်းကျင်နဲ့ တက်ကြွစွာ အပြန်အလှန်ပတ်သက်တွေးခေါ်နိုင်မှုက သူတို့ရဲ့ပတ်ဝန်းကျင်နဲ့ ကမ္ဘာကြီးကိုနားလည်အောင် တဖြေးဖြေး ကြိုးစားတည်ဆောက်တဲ့အခါမှာ အလွန်အရေးကြီးတဲ့ အရည်အသွေးတစ်ခုဖြစ်ပါတယ်။ ဒါဆို Piaget ရဲ့ cognitive development theory နားလည်လောက်ပြီဖြစ်တယ်လို့ ယူဆလိုက်ပါတယ်။
ဒါဆို သင်ခန်းစာကို video နဲ့ လေ့လာလိုက်ရအောင်
Reference: https://www.simplypsychology.org/piaget.html