Basic Cyber Security Tips

📱ဒီဂျစ်တယ်ခေတ်မှာ ရှင်သန်နေထိုင်လာရတာနဲ့အမျှ ကျနော်တို့ဟာ ဒီဂျစ်တယ် အကောင့်တွေ၊ စက်ပစ္စည်းတွေနဲ့ ရင်းနှီးကျွမ်းဝင်လာရပါတယ်။

🖥️စီးပွါးရေး၊ ပညာရေးကိစ္စတွေအတွက် ဒီဂျစ်တယ်နဲ့ ဆက်စပ်အရာတွေကို အသုံးပြုကြတဲ့အခါမှာ စီပွားရေး/ပညာရေး အချက်အလက်တွေလုံခြုံရေး၊ မိမိရဲ့ အချက်အလက် လုံခြုံရေးတွေအတွက် ဂရုစိုက်ထိန်းသိမ်းရမယ့် အရာတွေရှိလာပါတယ်။ 

💻ဒါကြောင့် ဘယ်လိုအကြောင်းအရာကြောင့်ဖြစ်ဖြစ် ကျနော်တို့ဟာ အင်တာနက်ပေါ်ကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် အင်တာနက်ပေါ်က ဆိုက်ဘာတိုက်ခိုက်မှု အန္တရာယ်ကို ကာကွယ်ဖို့ရာ အောက်ပါအချက်တွေကို မဖြစ်မနေ လုပ်ဆောင်ထားသင့်ပါတယ်။ 

📱အသုံးမပြုတဲ့အချိန်တိုင်း ပိတ်ထားဖို့ မမေ့ပါနဲ့။

မိမိအသုံးပြုနေတဲ့ ဖုန်း၊ ကွန်ပျူတာနဲ့ အခြားသော စက်ပစ္စည်းတွေကို အသုံးမပြုစဉ် ပိတ်ပစ်ခဲ့ဖို့ (Lock) လိုအပ်ပါတယ်။ 

🔐လျှို့ဝှက်နံပါတ်(Password) တွေကို စနစ်တကျ စီမံခန့်ခွဲပါ။

မိမိရဲ့ ဒီဂျစ်တယ်အကောင့်မှန်သမျှအတွက်လဲ တူညီတဲ့ လျှို့ဝှက်နံပါတ်ကို ပြန်မသုံးသင့်ပဲ ခက်ခဲတဲ့ နံပါတ်တွေ၊ စာလုံးတွေ ထားရှိသင့်ပါတယ်။ ဒါ့အပြင် များပြားလှတဲ့အကောင့်တွေအတွက် လျှို့ဝှက်နံပါတ်တွေကို သိမ်းဆည်းဖို့ Bitwarden ကဲ့သို့သော Password Manager Application တွေကို အသုံးပြုရပါမယ်။ 

🔒 Two-Factor Authentication ထားရှိပါ။

အရးကြီးတဲ့ အကောင့်တွေ (ဥပမာ – အီးမေးလ်၊ ဆိုင်ရှယ်မီဒီယာ) အကောင့်တိုင်းအတွက်လည်း Two Factor Authentication ပြုလုပ်ထားရပါမယ်။ Two Factor Authentication ကိုရွေးချယ်ရာတွင်လည်း မိုဘိုင်းဖုန်းနံပါတ်ကို အခြေမခံပဲ Google Authenticator ကဲ့သို့ Third-Party Application ကိုရွေးချယ်သင့်ပါတယ်။

🛑End-to-End Encryption ပါသော Application ကိုသာ ရွေးချယ်ပါ။

ဆိုရှယ်မီဒီယာမှာ အချင်းချင်းဆက်သွယ်ကြတဲ့အခါ Encryption ပါဝင်တဲ့ Application တွေကိုသာ ရွေးချယ်အသုံးပြုရပါမယ်။ End-to-End Encryption ပါဝင်တဲ့အတွက် မိမိတို့ ပြုလုပ်ပြောဆိုသမျှ အရာတွေကို ကြားခံနယ်ကနေ ခိုးယူနားထောင် ကြည့်ရှုလို့ရနိုင်မှာ မဟုတ်ပါဘူး။

📍Data Backup Plan များ ထားရှိပါ။

မိမိရဲ့ ကိုယ်ပိုင် သို့မဟုတ် လုပ်ငန်းနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို မတော်တဆ ဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက် ကြိုတင်ပြင်ဆင်ပြီး Backup Options တွေ ထားထားရပါမယ်။ ဥပမာ Google Service ကို အသုံးပြုတဲ့အခါ Google Drive ရဲ့ Cloud Storage ကို အလုံအလောက်ထားရှိပြီးတော့ မိမိရဲ့အချက်အလက်တွေကို Cloud Storage မှ သိမ်းဆည်းထားခြင်းဖြစ်ပါတယ်။ 

 🛡️Virus ကြောင့် မိမိဒေတာ နဲ့ Device လုပ်ငန်းဆောင်တာ မထိခိုက်အောင် ဂရုစိုက်ပါ။

အခြားသော Device တွေနဲ့ ချိတ်ဆက်တဲ့အခါ သတိပြုရပါမယ်။ ဥပမာ USB drive တစ်ခုကနေ မိမိ computer ထဲကို အချက်အလက်တွေ ကူးယူလွှဲပြောင်းမယ်ဆိုရင် တွေ့ကရာ USB Drive ကို အသုံးမပြုပဲ၊ ကိုယ်ပိုင် ကိစ္စ၊ လုပ်ငန်းကိစ္စတွေအတွက် သီးသန့် ခွဲခြားထားတဲ့ USB Drive ကိုအသုံးပြုပါ။ Virus Scan ပြုလုပ်ပေးသော Software များကို ထည့်သွင်းအသုံးပြုပါ။

🗝️Digital Footprints များကို သတိထားပါ။

Digital Footprints ဆိုတာ အွန်းလိုင်းပေါ်က သင့်ရဲ့ လုပ်ဆောင်မှုတွေကို မှတ်တမ်းယူထားတဲ့ အရာဖြစ်ပါတယ်။ ဥပမာ – Facebook, TikTok တွေမှာ သင်သိလိုတဲ့ အကြောင်းအရာတွေကို ရှာထားတာတွေ၊ အကြောင်းအရာတွေကို မျှဝေထားတာတွေ နဲ့ ဝဘ်ဆိုဒ် (website)တွေထဲ ဝင်ရောက်ကြည့်ရှု့တာတွေ၊ အွန်လိုင်း‌ရှော့ (online shop) မှာ ဝယ်ယူထားတဲ့ ငွေပေးချေမှု မှတ်တမ်း နဲ့ အချိန်တွေပါဝင်တဲ့ အွန်လိုင်းပေါ်က လုပ်ဆောင်မှုအားလုံးကို Digital Footprints လို့ ခေါ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ ပြုလုပ်သမျှ လုပ်ဆောင်ချက်တွေဟာလဲ Footprints တွေကျန်ရှိနေတာ ဖြစ်တဲ့အတွက် မလိုအပ်ပဲ Post တင်တာ၊ Comment ပေးတာနဲ့ Share ပြုလုပ်တာတွေကို ရှောင်ရှားသင့်ပါတယ်။

🔗Link တစ်ခုကို မဝင်ရောက်ခင် စစ်ဆေးပါ။

Website တစ်ခုကို ဝင်ရောက်တဲ့အခါမှာလဲ Secure ဖြစ်မဖြစ်ကို သိရှိဖို့ https:// နဲ့စထားလားဆိုတာကို စစ်ဆေးရပါမယ်။ http:// နဲ့ပဲစထားရင်တော့ Not Secure မလုံခြုံတဲ့ Website ဖြစ်နေနိုင်ပါတယ်။ 

🥷🏻Phishing အန္တရာယ်ကို သတိထားပါ။

Phishing လို့ခေါ်တဲ့ မက်လုံးပေးပြီး သွေးဆောင်လိမ်လည်မှုတွေကို သတိထားရပါမယ်။ Phishing ဟာ Email ကနေလဲ မိမိနဲ့သိရှိရင်းနှီးသူ အရောင် ဆောင်တတ်ပါတယ်။ ဒါ့အပြင် လူသုံးများတဲ့ ဆိုရှယ်မီဒီယာကနေလဲ မိမိဆီ တိုက်ရိုက်ရောက်ရှိလာနိုင်ပါတယ်။ ဒါ့ကြောင့် Link တစ်ခုကို မဝင်ခင် ဖြစ်နိုင် မဖြစ်နိုင် အရင်ဆုံးစဉ်းစားသင့်ပါတယ်။ သတင်းအရင်းအမြစ်တွေကိုလဲ သေချာအောင် စုံစမ်းစစ်ဆေးသင့်ပါတယ်။ 

🔺ဥပမာ – သင်က သင်ခန်းစာနဲ့ဆိုင်တဲ့ အကြောင်းအရာကို ဝဘ်ဆိုဒ် (website) ပေါ်မှာ ရှာဖွေနေချိန် သင့်ရဲ့ ဖုန်း ဒါမှမဟုတ် ကွန်ပျူတာပေါ်မှာ “ဒေါ်လာ ၁၀ ပေးရုံနဲ့ iPhone 15 ကို ရယူပါ” ဆိုတဲ့ ကြော်ညာတစ်ခုပေါ်လာပါ လိမ့်မယ်။ ဒေါ်လာ ၁၀ ပေးပြီး ဒေါ်လာ 700 လောက်ရှိတဲ့ iPhone 15 ကို ရမှာဆိုတော့ သင်က အဲ့ဒီကြော်ညာထဲကို ဝင်ရောက်ပြီး ငွေပေးချေဖို့အတွက် ဘဏ်အကောင့်နဲ့ လျှိုဝှက်နံပါတ်ကို ဖြည့်စွက်လိုက်ပါတယ်။ သင်ဖြည့်လိုက်တဲ့ အချက်အလက်တွေက မသမာတဲ့လူတွေလက်ထဲ ရောက်သွားပြီး သင့်ဘဏ်အကောင့်ထဲမှာ ရှိတဲ့ ငွေသားတွေကို လိမ်လည်သွားမှာ ဖြစ်ပါတယ်၊ စတဲ့ ဒီလိုဖြစ်စဥ်ကို Phishing လိုခေါ်ပါတယ်။ 

🛜Public Free WiFi များကို အရေးကြီးကိစ္စများအတွက် အသုံးပြုခြင်းမှ ရှောင်ရှားပါ။

Free Wifi ရရှိတဲ့ စားသောက်ဆိုင်၊ ကားဂိတ်၊ လေဆိပ် နဲ့ ဘတ်စ်ကားတွေပေါ်မှာ ဆိုရှယ်အကောင့်ကို အသုံးပြုပြီး ၀င်ရောက်တာတွေ၊ ဘဏ်ကဒ်နဲ့ ငွေပေးချေ တာတွေကိုလဲ ရှောင်ရှားသင့်ပါတယ်။