Types of Interactions

စာသင်ခန်းတွင်း ဆရာ၊ ဆရာမ များနှင့် ကျောင်းသားများ အပြန်အလှန် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း အမျိုးအစားများ

👥 Communities of Practices ဆိုတာဘာလဲ။ 

Communities of Practices ဆိုတာက လူတစ်စု စုဝေးတွေ့ဆုံပြီး စိတ်ဝင်စားတဲ့ အကြောင်းအရာ တွေကိုလေ့လာခြင်း၊ မျှဝေခြင်း၊ ပိုမိုတိုးတက်ကောင်းမွန်လာစေဖို့ ဘယ်လို ဆောင်ရွက်ကြမလဲနဲ့ သင်ယူ လေ့လာထားတဲ့ အကြောင်းအရာများကိုမျှဝေခြင်း၊ ဆွေးနွေးခြင်း ပဲဖြစ်ပါတယ်။ 

ပါဝင်သူတစ်ဦးချင်းစီမှာ တူညီတဲ့ အခန်းကဏ္ဍ၊ တူညီတဲ့ တာဝန် ကိုယ်စီရှိကြပါတယ်။ အတူတကွ စုဝေးတွေ့ဆုံကြတဲ့အခါ တစ်ဦးချင်းစီရဲ့ အတွေးအခေါ်တွေ၊ အကြံဉာဏ်တွေနဲ့ အကောင်းဆုံးဖြစ်နိုင်မယ့် လက်တွေ့လုပ်ငန်းတွေကို မျှဝေပေးခြင်းဖြစ်ပါတယ်။ ဘုံစိတ်ဝင်စားမှု တူညီတဲ့အဖွဲ့တွေမှာ အရေးကြီးတဲ့ ခေါင်းစဉ်တွေကိုဆွေးနွေးမယ်။ မေးခွန်းတွေမေးမြန်းပြီး ဖြစ်နိုင်တဲ့ အဖြေတွေကိုမျှဝေကြပါတယ်။ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်သူတွေကိုလည်းဖိတ်ခေါ်ပြီး သင်ယူမှုအခက်အခဲ/ပြဿနာတွေကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းတွေနဲ့ အကောင်းဆုံးသော လက်တွေ့ဆောင်ရွက်နိုင်မှုတွေကို အပြန်အလှန်ဆွေးနွေးမျှဝေကြပါတယ်။ 

အစုအဖွဲ့ စုဝေးတဲ့အခါ ဘုံစိတ်ဝင်စားမှု၊ ကျွမ်းကျင်မှု၊ တူညီသည့်နယ်ပယ် အလိုက်အုပ်စုဖွဲ့ကြပါတယ်။ ဉပမာ- အနုပညာရှင်များအဖွဲ့၊ အင်ဂျင်နီယာအဖွဲ့၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင်များအဖွဲ့ စသည် ဖြင့် ဖွဲ့စည်းကြပါတယ်။ Communities of Practices က တစ်ဦးချင်းစီက ထဲထဲဝင်ဝင်ပူးပေါင်း ပါဝင်သင်ယူ ဆောင်ရွက်ခြင်းပဲဖြစ်ပါတယ်။

လုပ်ဖော်ကိုင်ဖက်များနဲ့ ချိတ်ဆက်ပြီး အတူတကွပူးပေါင်းဆောင်ရွက်ခြင်း၊ ပညာရေးဌာနမှ ဆရာ၊ ဆရာမများစုဖွဲ့ပြီးလက်တွေ့ဆောင်ရွက်နေတဲ့ လုပ်ငန်းတွေအပေါ်ပြန်လည် သုံးသပ်ခြင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု တိုးတက်ဖို့ စဉ်ဆက်မပြတ် သင်ယူလေ့လာခြင်း၊ လုပ်ငန်းခွင်အတွေ့အကြုံနုနယ်သော ဆရာ၊ ဆရာမတွေ ကိုလမ်းညွှန်သင်ကြားပေးခြင်း၊ ပညာရပ်ဆိုင်ရာ စဉ်ဆက်မပြတ်တိုးတက်ရေး၊ လုပ်ဆောင်နိုင်ရန် အခွင့်အလမ်းတွေဖန်တီးပေးခြင်းကို လုပ်ဆောင်နိုင်ပါတယ်။

လက်တွေ့ဆောင်ရွက်နိုင်သော နည်းလမ်းများ (Useful ways for Communities of practices)  

ဆရာများအနေနဲ့ လုပ်ဖော်ကိုက်ဖက်များနဲ့ Communities of practices ဆောင်ရွက်တဲ့အခါမှာ လက်တွေ့မှာ အသုံးဝင်နိုင်တဲ့ နည်းလမ်းတွေကို ‌ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ 

🗓️ အပတ်စဉ် Webinars များတွေ့ဆုံခြင်း (Weekly Webinars)

အပတ်စဉ် Webinars တွေပြုလုပ်ပြီး လုပ်ဖော်ကိုင်ဖက်တွေများ၊ ပညာရေးနယ်ပယ်မှ အခြားသော ဆရာ၊ ဆရာမများ၊ ပညာရေးပညာရှင်များနဲ့ တွေ့ဆုံဆွေးနွေးခြင်း၊ အသိပညာ၊ အတွေ့အကြုံများ သင်ယူလေ့လာထားသည်များနှီးနှောဖလှယ်ခြင်းတွေကို အပတ်စဉ်ဆောင်ရွက်လို့ ရပါတယ်။

📼Weekly Blogging

Website/ Web page တွေဖန်တီးပြီး အပတ်စဉ် updated သတင်းတွေ၊ သိကောင်းစရာတွေ မျှဝေ ပေးနိုင်ပါတယ်။

💻Social Media

အသုံးများသော Social Media တွေဖြစ်တဲ့ facebook/ Messenger မှာ group ဖွဲ့ပြီး မိမိတို့သင်ယူ လေ့လာထားတဲ့အရာတွေ၊ ထိရောက်သော သင်ကြားသင်ယူမှု နည်းလမ်းတွေ ကိုမျှဝေလို့ရပါတယ်။

📋 ဆွေးနွေးနိုင်သော အဓိကအကြောင်းအရာများ

  • အပြန်အလှန်ပူးပေါင်းမှု အားကောင်းတဲ့ သင်ကြားနည်း ဗျူဟာများနဲ့ သင်ရိုးသစ်များ ဖန်တီးခြင်း။
  • စာသင်ခန်းတွင်းထိရောက်သော စကားအသုံးအနှုန်းများ၊ အယူအဆသဘောတရားများ၊ သင်ထောက်ကူပစ္စည်းများ၊ လက်တွေ့ဆောင်ရွက်နိုင်သောနည်းလမ်းများကို အုပ်စုတွင်း မျှဝေခြင်း၊ ပြန်လည်ဆွေးနွေးခြင်း၊ ပညာပေးခြင်း။
  • အုပ်စုတွင်းအပြန်အလှန်ပူးပေါင်းပါဝင်မှုကိုအားပေးခြင်း။

🔶 ပူးပေါင်းပါဝင်မှုဝိသေသလက္ခဏာများ

  1. အပြုသဘောဆောင်သောအပြန်အလှန်ပံ့ပိုးကူညီမှု
  2. တစ်ဉီးချင်းစီ၏တာဝန်ယူမှု
  3. အခက်အခဲပြဿနာများကိုညီညွှတ်စွာပူးပေါင်းဖြေရှင်းနိုင်မှု
  4. လုပ်ငန်းများပြီးမြောက်အောင်မြင်ရန် အတူတကွးပူးပေါင်းဆောင်ရွက်မှု
  5. ထိရောက်အောင်မြင်နိုင်မည့်နည်းလမ်းများကို ပူးပေါင်းအဖြေရှာနိုင်မှု

စာသင်ခန်းတွင်း ဆရာ၊ ဆရာမ များနှင့် ကျောင်းသားများ အပြန်အလှန် ဆက်သွယ် ပူးပေါင်းဆောင်ရွက်ခြင်း အမျိုးအစားများတွေကို ဆက်လက်ဖော်ပြသွားပါမယ်။

🔻 ဆရာ နှင့် ကျောင်းသား အပြန်အလှန် ဆက်သွယ်ခြင်း  (Teacher-Student Interaction)

ဆရာ/ ဆရာမများ အနေနဲ့ ကျောင်းသားကျောင်းသူများနဲ့ ဆက်သွယ်ဆောင်ရွက်တဲ့အခါ၊ ကောင်းမွန်တဲ့ ဆရာတပည့်ဆက်ဆံရေးကိုတည်ဆောက်တဲ့အခါ လိုအပ်တဲ့အဓိကအချက်တွေကို ဖော်ပြသွားပါမယ်။ 

  • မိမိရဲ့သင်ကြား/သင်ယူမှု အလုပ်အပေါ်တန်ဖိုးထားမြတ်နိုးမှု
  • လမ်းညွှန်သင်ကြားပေးရန်စိတ်အားထက်သန်မှု
  • မတူကွဲပြားတဲ့ ဉာဏ်ရည်၊ စရိုက်အမျိုးမျိုးရှိတဲ့ ကျောင်းသား/သူတွေအပေါ် စိတ်ဝင်တစားရှိမှု
  • သက်ဆိုင်ရာ ကျောင်းအုပ်ချုပ်ရေး၊ အကြီးအကဲတွေရဲ့ ပံ့ပိုးကူညီမှု
  • မိဘတွေနဲ့ ကျောင်းအကျိုးတော်ဆောင်အဖွဲ့ရဲ့ ပူးပေါင်းကူညီမှု
  • လိုအပ်တဲ့ အကူအညီအထောက်အပံ့ကောင်းတွေရရှိမှု
  • ဆရာ/ဆရာမတွေရဲ့ စိတ်ခံစားချက်ကောင်းမွန်မှု အခြေအနေ
  • ကျန်းမာရေးအခြေအ‌နေ 

🔻ကျောင်းသား/သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆောင်ရွက်ခြင်း  (Student-Student Classroom Interaction)

စာသင်ခန်းတွင်း ကျောင်းသား/သူအချင်းချင်း အပြန်အလှန်ဆက်သွယ်ခြင်းက သူတို့ရဲ့ အသိပညာ၊ ကျွမ်းကျင်မှု များတည်ဆောက်ဖို့နဲ့ တိုးတက်လာစေဖို့ အပြန်အလှန် ပံ့ပိုးကူညီမှု ပေးပါတယ်။ အပြန်အလှန်ဆက်သွယ်ပြီး အတူတကွ ပူးပေါင်းပါဝင် သင်ယူခြင်းဖြင့် တာဝန်တွေကိုခွဲဝေဆောင်ရွက်ခြင်း၊ မတူညီတဲ့ သင်ယူနားလည်မှုပုံစံ တွေကို ဆွေးနွေးနိုင်ပြီး စာသင်ခန်းတွင်းကျောင်းသား/သူတွေရဲ့ သင်ယူမှုရလဒ် ဖော်ထုတ်နိုင်ခြင်းကိုလည်း တိုးတက်စေပါတယ်။ 

သင်ယူသူအချင်းချင်း ပူးပေါင်းပါဝင်သင်ယူမှုကို တိုးတက်စေသော Jigsaw Method ကိုအသုံးပြုခြင်း

Jigsaw Method ဆိုတာက အကြောင်းအရာ/ သင်ခန်းစာ တစ်ခုကို အပိုင်းလိုက်ခွဲဝေပြီး လေ့လာ စူးစမ်းခြင်း၊ သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် တာဝန်ခွဲဝေလေ့လာထားတဲ့ အကြောင်းအရာတွေကို အုပ်စုမှာ ပြန်လည်ဆွေးနွေးတင်ပြခြင်း၊ ပြန်လည်ပေါင်းစပ်ခြင်းနည်းပဲဖြစ်ပါတယ်။ သင်ခန်းစာခေါင်းစဉ်တစ်ခုကို ပြည့်စုံ စွာ နားလည်တတ်မြောက်ဖို့အတွက် သင်ယူသူ တစ်ဦးချင်းစီက အပိုင်းလိုက် ခေါင်းစဉ်ငယ်တွေကို ခွဲဝေပြီး စူးစမ်းလေ့လာခြင်း၊ မိမိအုပ်စုအတွင်းခေါင်းစဉ်ငယ်များကို ပြန်လည်စုစည်းပြီး ဆွေးနွေးခြင်းဖြစ်တယ်။

အဖွဲ့တစ်ခုလုံး သင်ခန်းစာအပေါ် နားလည်စေဖို့၊ တစ်ဦးချင်းစီက မိမိတာဝန်ယူရတဲ့ ခေါင်းစဉ်ငယ်/ခွဲ တွေကို ကျွမ်းကျင်နှံ့စပ်စွာ ဆွေးနွေးတင်ပြနိုင်ဖို့ ကြိုးစားအားထုတ်ရပါတယ်။ အဖွဲ့တစ်ခုလုံး သင်ခန်းစာ အပေါ် ကောင်းစွာနားလည်ဖို့အတွက် တစ်ဦးချင်းစီမှာ တာဝန်ကိုယ်စီရှိပါတယ်။

Jigsaw Method အတွက် ဥပမာ တစ်ခုကိုလေ့လာရအောင်။ သစ်ပင်တစ်ပင်၏ အစိတ်အပိုင်းများနှင့် ပက်သက်ပြီး စူးစမ်းလေ့လာသင်ယူချင်သည် ဆိုပါစို့။ ကျောင်းသား/သူဦးရေပေါ်မူတည်ပြီး အုပ်စုများဖွဲ့စေပါ မယ်။ သစ်ပင် တစ်ပင် အကြောင်းကို လေ့လာဖို့ အစိတ်အပိုင်းတွေကို ထပ်မံခွဲခြားပါမယ်။ 

၁။ အရွက်

၂။ အကိုင်းအခက်

၃။ ပင်စည်

၄။ အသီးအပွင့်

၅။ အမြစ်  စသည်ဖြင့် ခေါင်းစဉ်ငယ်များခွဲပြီး သစ်ပင်အကြောင်း သင်ခန်းစာ ကို ထပ်မံ အသေးစိတ် ခွဲဖြာကြည့် ပါမယ်။

ထို့နောက် အဖွဲ့ငယ်တိုင်းမှ ကျောင်းသား/သူများကို လေ့လာရမည့် သင်ခန်းစာများ ခွဲဝေသတ်မှတ် ပေးရပါမယ်။ 

ဥပမာ_ အုပ်စု (၁) မှာ အဖွဲ့ဝင် (၅) ယောက်ရှိလျှင် တစ်ဦးက အရွက်အကြောင်း၊ တစ်ဦးက အကိုင်း အခက်အကြောင်း၊ တစ်ဦးက ပင်စည်အကြောင်း၊ တစ်ဦးက အသီးအပွင့် အကြောင်း၊ တစ်ဦးက အမြစ် အကြောင်းကို လေ့လာရန် တာဝန်များခွဲဝေပေးရပါမယ်။

ပထမ အဆင့်မှာ အဖွဲ့တွင်း တစ်ဦးချင်းစီက မတူညီတဲ့ ခေါင်းစဉ်ငယ်တွေကို မိမိဘာသာလေ့လာ စူးစမ်းရပါမယ်။ ဒုတိယအဆင့်မှာ သင်ယူလေ့လာမှု ခေါင်းစဉ်တူသော အဖွဲ့ငယ်များ တူရာစု၍ အဖွဲ့သစ် ထပ်မံဖွဲ့ စေပြီး သက်ဆိုင်ရာ ခေါင်းစဉ်အလိုက်လေ့လာမှုတွေကို ဆွေးနွေးစေရပါမယ်။ (ဥပမာ – အရွက်အကြောင်း လေ့လာသော အဖွဲ့ဝင်များတူရာစုခြင်း၊ ပင်စည်အကြောင်းလေ့လာသော အဖွဲ့ဝင်များ တူရာစုပြီး လေ့လာ ဆွေးနွေးစေခြင်း စသည်… ) ဤနည်းဖြင့် သက်ဆိုင်ရာ ခေါင်းစဉ်အလိုက် မိမိတို့ဘာသာ သင်ယူလေ့လာမှု တွေကို အခြားသူများနဲ့ ထပ်မံဆွေးနွေးရပြီး တစ်ဦးချင်းစီ အနေဖြင့် ပိုမိုလေးလေးနက်နက် နားလည်မှု တိုးတက် လာမှာဖြစ်ပါတယ်။

တတိယ အဆင့်မှာ မူလပထမ မိမိအဖွဲ့သို့ ပြန်လည်သွားရောက်ရပါမယ်။ ထိုအခါ မတူညီတဲ့ ခေါင်းစဉ် ငယ်တွေကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် လေ့လာခဲ့တဲ့ အဖွဲ့ဝင်တွေက မိမိတို့ပိုင်နိုင်သော ခေါင်းစဉ် အသီးသီးကို ဆွေးနွေးခြင်း၊ အခြားသူများဆွေးနွေးတင်ပြချက်များကို နားထောင်ခြင်း၊ မေးခွန်းများမေးမြန်းခြင်း ကိုပြုလုပ်ရမှာပါ။ နောက်ဆုံးမှာ အဖွဲ့ငယ် အသီးသီးမှ အဖွဲ့ဝင်တိုင်းက သစ်ပင်တစ်ပင်ရဲ့ ခေါင်းစဉ်ခွဲတွေကို ပြည့်စုံစွာ သင်ယူလေ့လာနိုင်မှာဖြစ်ပါတယ်။  

ထို့ကြောင့် Jigsaw Method က သင်ယူသူအချင်းချင်း အပြန်အလှန် သင်ယူခြင်း၊ ဆွေးနွေးခြင်း၊ မေးခွန်းမေးမြန်းခြင်းကို အလေးပေးသော ထိရောက်သည့် သင်ကြား၊ သင်ယူနည်းဖြစ်ပါတယ်။ 

🔻 ကျောင်းသား/သူအချင်းချင်း အပြန်အလှန်ဆက်သွယ်မှုကို တိုးတက်စေသော အခြားသောသင်ကြားနည်း များ

Content – Rich Problems

ဒီသင်ကြားနည်းက ကျောင်းသား/သူတွေကို အုပ်စုငယ်များဖွင့်ပြီး လက်တွေ့ဘဝနဲ့ ဆက်စပ်တဲ့ ဖြစ်ရပ်များ (case study, scenario) များပေးပြီး ဖြစ်ရပ်ပါ၊ ဇာတ်လမ်းပါ ပြဿနာတွေကို ဘယ်လိုဖြေရှင်း နိုင်မလဲဆိုတာကို အဖြေရှာစေခြင်း၊ ဝထ္တုဇာတ်လမ်းတွေရဲ့ ဇာတ်ကောင်စရိုက်တွေကို လေ့လာစေခြင်း၊ ဇာတ်ကောင်နေရာမှာ ကျောင်းသား/သူများ ဝင်ရောက်နေရာယူ သရုပ်ဆောင်လေ့လာစေခြင်းနည်းဖြစ်ပါတယ်။

Cooperative Learning

ဒီနည်းလမ်းကတော့ အုပ်စုငယ်တွေဖွဲ့ပြီး အုပ်စုအလိုက်အလွယ်အခက်မတူညီသော လုပ်ငန်းတွေ၊ ပြဿနာတွေကိုပေးကာ အဖွဲ့ဝင်တွေ အားလုံးပူးပေါင်းဆောင်ရွက်ခြင်း၊ အဖြေရှာစေခြင်း၊ လုပ်ငန်းပြီးမြောက် အောင် ဆောင်ရွက်စေခြင်းနည်းဖြစ်ပါတယ်။ သင်ယူသူတစ်ဦးချင်းစီ၏ အောင်မြင်မှုသည် အုပ်စုလုပ်ငန်း အောင်မြင်မှုအပေါ် အပြန်အလှန်အကျိုးပြုတဲ့အတွက် Cooperative Learning က သင်ယူသူတစ်ဦးချင်းစီရဲ့ မိမိသက်ဆိုင်ရာ အုပ်စုတွင်း ရုပ်ပိုင်းဆိုင်ရာ ပါဝင်ဆောင်ရွက်ခြင်းထက် အပြန်အလှန်နားလည်မှု၊ ပံ့ပိုးကူညီမှု၊ တာဝန်ခွဲဝေယူမှု၊ ဆွေးနွေးညှိနှိုင်းတိုင်ပင်မှုကို အဓိကထားခြင်းပဲဖြစ်ပါတယ်။

Interactive Lecture Demonstration 

သင်ယူသူကို သင်ခန်းစာအကြောင်းအရာကို လက်တွေ့ဆောင်ရွက်ခြင်းမပြုမီ၊ သရုပ်ပြသင်ကြား/သင်ယူမှု မပြုမီ အဖြေရလဒ်ကို ကြိုတင်ခန့်မှန်းစေခြင်း၊ အုပ်စုငယ်တွေဖွဲ့ပြီး သက်ဆိုင်ရာ အုပ်စုအလိုက် သင်ခန်းစာ ပြဿနာအကြောင်းအရာကို လက်တွေ့စမ်းသပ်ခြင်း၊ ဆောင်ရွက်ခြင်း၊ လက်တွေ့ကိုယ်တိုင်ဆောင်ရွက်ခြင်းဖြင့် အုပ်စုအလိုက် တွေ့ရှိချက်တွေ၊ ပြဿနာရဲ့ အဖြေတွေကို ပြန်လည်သုံးသပ်ခြင်း၊ ပြန်လည်တင်ပြဆွေးနွေးခြင်း၊ အဆင့် (၁) တွင် ခန့်မှန်းခဲ့သော အဖြေရလဒ်နှင့် မည်မျှကိုက်ညီမှု ရှိမရှိ နှိုင်းယှဉ်သုံးသပ်ခြင်းဖြစ်ပါတယ်။ ဒီအဆင့်မှာ တစ်ဦးချင်းစီက သင်ယူလေ့လာခဲ့ရသော အတွေ့အကြုံတွေ၊  ရလဒ်တွေကို မှတ်တမ်းရေးသား တင်ပြခြင်းပါဝင်ပါတယ်။

ဒါဆို သင်ခန်းစာကို video နဲ့ လေ့လာလိုက်ရအောင်

Source

https://serc.carleton.edu/NAGTWorkshops/certop/imp_ssi.html

https://narst.org/research-matters/encouraging-student-interaction

https://michiganvirtual.org/blog/connecting-teachers-a-community-of-practice

https://www.communityofpractice.ca/wp-content/uploads/2016/02/types-of-learning-communities.pdf

https://www.apa.org/education-career/k12/relationships