မြေအနုအကြမ်း ခွဲခြားခြင်း နဲ့ မြေအနု၊ အကြမ်း အလိုက် အားသာချက်/ အားနည်းချက်များ

🏔️ မြေအနုအကြမ်းဆိုတာဘာလဲ။

✳️ စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေဆီလွှာဆိုတာ သဲ (sand)၊ နုံး (silt) နဲ့ မြေစေး (clay) စတဲ့ အမှုန့်ကလေးတွေကို အချိုးအစား အမျိုးမျိုးနဲ့ ရောနှောပေါင်းစပ်တာကို ဆိုလိုတာပါ။

✳️ အဲ့ဒီလို သဲ၊ နုံး၊ မြေစေးတွေ ပေါင်းစပ်ပါဝင်နှုန်းအပေါ် မူတည်ပြီး သဲမြေ၊ သဲနုံးမြေ၊ နုံးမြေ၊ နုံးမြေစေး၊ မြေစေး စတဲ့ အမည်အမျိုးမျိုးဖြစ်ပေါ်လာပါတယ်။ ဒီလိုပေါ်ထွက်လာတဲ့အပေါ်  ကောင်း-သင့်-ညံ့ စတဲ့ အရည်အသွေး အဆင့်အတန်း မျိုးစုံနဲ့ ခွဲခြား တည်ရှိနေကြပါသည်။ ဒီအရာတွေကို မြေသားအနုအကြမ်း (သို့) မြေမှုန့်ပေါင်းစပ်မှု (soil texture) လို့ခေါ်ပြီး သဲ၊ နုံး နဲ့ မြေစေး ပါဝင်မှုတို့ကို တိုင်းတာခြင်းဖြစ်ပါတယ်။ 

🗻မြေအနုအကြမ်းအလိုက် အားသာချက်/ အားနည်းချက်တွေက ဘာတွေရှိနိုင်လဲ။

သဲမြေ-သဲနုမြေ အမျိုးအစားဟာ ထွန်ထယ်နဲ့ မြေပြင်ရ လွယ်ကူပါတယ်။ ဒါပေမယ့် အမြင့်ဆုံး ရေထိန်းနိုင်မှု (၉-၁၄)% ပဲရှိလို့ ရေထိန်းနိုင်မှု မကောင်းတဲ့အပြင် အပင်အတွက် အစာရေစာ ရရှိနိုင်မှု ညံ့ဖျင်းပါတယ်။ ရေစီးရေလာ ကောင်းမွန်ပေမယ့်  မြေတိုက်စားခြင်း ဒဏ်ကိုတော့ ကာကွယ်ဖို့ လိုအပ်ပါတယ်။

သဲဆန်တဲ့ နုံးမြေ အမျိုးအစားကလည်း ထွန်ထယ်နဲ့ မြေပြင်ရ လွယ်ကူပါတယ်။ ဒါပေမယ့် အမြင့်ဆုံး ရေထိန်းနိုင်မှု (၂၃-၃၀)% ရှိလို့ ရေထိန်းနိုင်မှု နဲ့ အာဟာရ ရှိနိုင်မှုက သိပ်မကောင်းပါဘူး။ ရေစီးရေလာ ကောင်းမွန်ပြီး မြေတိုက်စားမှုကနေ ကာကွယ်ဖို့ လိုအပ်ပါတယ်။

နုံးမြေနု မြေအမျိုးအစားကတော့ ထွန်ထယ်နဲ့ မြေပြုပြင်လို့ ကောင်းပါတယ်။ အမြင့်ဆုံး ရေ ထိန်းနိုင်မှု ၃၀% ရှိလို့ ရေထိန်းနိုင်မှု၊ အာဟာရရရှိနိုင်မှု ကောင်းမွန်ပါတယ်။ ရေစီးရေလာ သင့်တင့်ပေမယ့် ရေလွှမ်းမိုးတဲ့ ရန်ကနေ ကာကွယ်ဖို့တော့ လိုအပ်ပါတယ်။  

နုံးမြေစေး-မြေစေး မြေအမျိုးအစားကတော့ ထွန်ထယ်နဲ့ မြေပြုပြင်ရခက်ခဲပါတယ်။ အမြင့်ဆုံး ရေထိန်းနိုင်မှု (၃၄-၃၈)% ရှိလို့ ရေထိန်းနိုင်မှု နဲ့ အာဟာရ ရရှိနိုင်မှုကတော့ သင့်တင့်ပါတယ်။ ရေစီးရေလာ မကောင်းလို့ ရေနှုတ်စနစ်ကောင်းမွန်အောင် ပြုပြင်ဖို့ လိုအပ်ပါတယ်။