စေ့စပ်ညှိနှိုင်းခြင်း စွမ်းရည် (Negotiation skill)

လူငယ်တွေအနေနဲ့ မိမိတို့ရဲ့ နေထိုင်မှုပတ်ဝန်းကျင်၊ မိဘအုပ်ထိန်းသူ၊ ပညာရေး၊ အပေါင်းအသင်းစတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး ဖြစ်ပျက်တွေ့ကြုံရတဲ့အခါ ဖြေရှင်းဖို့နည်းလမ်းတွေလိုအပ်လာပါတယ်။ အကြောင်းအရာတစ်ခုကို ပြဿနာဖြစ်လာမှ ဖြေရှင်းတာထက် ပြဿနာမဖြစ်ခင် စေ့စပ်ညှိနှိုင်းတတ်တဲ့ အလေ့အကျင့်ရှိဖို့လိုအပ်လာပါတယ်။  စေ့စပ်ညှိနှိုင်းဖြေရှင်းတယ်ဆိုတာ အကြောင်းအရာတစ်ခု သို့မဟုတ် ပြဿနာတစ်ခုကို အပြုသဘောဆောင်တဲ့ရလဒ်မျိုးထွက်အောင် ဆောင်ရွက်နိုင်တဲ့ စွမ်းရည်တစ်ခုပဲဖြစ်ပါတယ်။

လူငယ်တွေကြားမှာ ဘယ်လိုစေ့စပ်ညှိနှိုင်းမှုပုံစံတွေ ကျင့်သုံးလို့ရသလဲဆိုတာ ပြောပြပါမယ်။

(၁) မိဘအုပ်ထိန်းသူနှင့် လူငယ်ကြား


အကြောင်းပြချက်ခိုင်လုံအောင်ပေးပြီး လွတ်လပ်မှုကို တောင်းဆိုပါ။ (ဥပမာ – သူငယ်ချင်းတွေနဲ့ အင်္ဂလိပ် စာစကားပြောအတန်းကို သွားဖို့ အပြင်ထွက်ရန် ခွင့် တောင်းပါ။)
မိမိစိတ်ခံစားချက်အခြေအနေကို သေချာစွာပြောပြ ပါ။ တိတ်ဆိတ်စွာနေခြင်းထက် ဖွင့်ဟပြောပြခြင်းက တစ်ဖက်လူကို နားလည်စေပါတယ်။ (ဥပမာ – မိဘမှ ကြမ်းတမ်းစွာဆူခြင်းကို မကြိုက်တဲ့အတွက် ကောင်း ကောင်းမွန်မွန်ရှင်းပြပြီးဆုံးမတာကို လိုချင်ကြောင်း ပြောပြပါ။
မိမိဘက်ကပဲတောင်းဆိုတာထက် မိဘအုပ်ထိန်းသူ လိုအပ်တာကိုလည်း ညှိနှိုင်းယူပါ။ (ဥပမာ – ဖုန်းကိုအချိန်နည်းနည်းပိုသုံးချင်တဲ့အတွက် မိဘကို အိမ်မှုကိစ္စဝိုင်းကူလုပ်ပေးခြင်း)
မိမိဘက်က လိုချင်တာတွေရှိတဲ့အခါ ထပ်ကာ ထပ်ကာတောင်းဆိုတတ်ကြပါတယ်။ တောင်းဆိုတဲ့ အခါမှာ ဘာကြောင့်လိုအပ်ကြောင်းနဲ့ ဘယ်လို အသုံးဝင်တယ်ဆိုတဲ့အကြောင်းကိုပြောပြမှ မိဘများ က နားလည်နိုင်မှာဖြစ်ပါတယ်။ (ဥပမာ – graphic design သင်တန်းတက်ပြီး ဝင်ငွေရှာချင်တဲ့အတွက် tablet ဝယ်ပေးရန် တောင်းဆိုခြင်း)

(၂) အပေါင်းအသင်းများကြား


မိမိလုပ်ချင်တာထက် မိမိသူငယ်ချင်းများရဲ့ ဆန္ဒကိုလည်းမေးပါ။ အများသဘောတူတဲ့အရာကို ဆောင်ရွက်ခြင်းက သူငယ်ချင်းဆက်ဆံရေးကို ခိုင်မြဲစေပါတယ်။ (ဥပမာ – ဓာတ်ပုံတစ်ပုံကို social media မှာ tag တွဲတင်ဖို့အတွက် တွဲတင်လို့ရ၊ မရ သူငယ်ချင်းတွေကို မေးမြန်းပါ)
ပစ္စည်းတစ်ခုခုကို အတူမျှဝေသုံးစွဲတာ သို့မဟုတ် တစ်ခုခုကို မိမိတစ်လှည့်၊ သူငယ်ချင်းတစ်လှည့် အပြန်အလှန်မျှဝေခြင်းကို ပြုလုပ်ပါ။ (ဥပမာ – သင်တန်းတက်တဲ့အခါ သူငယ်ချင်းက စက်ဘီးနဲ့ အမြဲလာခေါ်တာထက် မိမိကလည်း တစ်လှည့် သူငယ်ချင်းကို သွားခေါ်ပါ)
အပေါင်းအသင်းများကြားမှာ လွှမ်းမိုးမှုဆိုတာ ရှိနိုင်ပါ တယ်။ မှန်ကန်တဲ့လွှမ်းမိုးမှုကိုသာ လက်ခံဖို့လိုအပ်ပါ လိမ့်မယ်။ (ဥပမာ – ဆေးသုံးဖို့ဆွဲဆောင်တဲ့ သူငယ်ချင်းထက် အားကစားလုပ်ဖို့ ဆွဲဆောင်တဲ့ သူငယ်ချင်းရဲ့ လွှမ်းမိုးမှုကိုသာ လက်ခံပါ။
အပေါင်းသင်းများကြားမှာ ပြဿနာဆိုတာရှိတတ် ပါတယ်။ ကြုံတွေ့လာရတဲ့အခါ ဒေါသနဲ့ဖြေရှင်း အော်ဟစ်ခြင်းထက် သေချာစွာနားထောင်ပြီး နှစ်ဦး နှစ်ဖက်အတွက် အကျိုးရှိပြီး ဖြေရှင်းလို့ရမယ့် အဖြေကိုရွေးချယ်ပါ။ (ဥပမာ – ဆွေးနွေးပွဲ တစ်ခု အတွက် ဟောပြောမယ့် ခေါင်းစဉ်တွေကို စဉ်းစား ကြတဲ့အခါ မိမိတို့ပြောချင်တဲ့ခေါင်းစဉ်ကို မရမက တောင်းဆိုနေတာထက် လာတက်မယ့် ပရိသတ် အတွက် အံဝင်ခွင်ကျဖြစ်စေမယ့် ခေါင်းစဉ်ကို အတူတူဝိုင်းစဉ်းစားပါ)

လူငယ်တစ်ယောက်အနေနဲ့ မိဘအုပ်ထိန်းသူနဲ့သော်လည်းကောင်း၊ အပေါင်းအသင်းများနဲ့သော်လည်းကောင်း၊ မိမိကိုယ်တိုင်ဖြင့်သော်လည်းကောင်း ပွတ်တိုက်မှုတွေဖြစ်တတ်ပါတယ်။ မိဘအုပ်ထိန်းသူများနဲ့ ညှိနှိုင်းမရတဲ့ အခြေအနေတွေ၊ အပေါင်းအသင်းများကြားမှာလည်း ကွဲပြားခြားနားမှုတွေများတဲ့အခါ တစ်ယောက် တည်း နေချင်တဲ့စိတ်တွေ၊ မိမိကိုယ်တိုင်ဖြင့်လည်း မိမိရဲ့ စိတ်အခြေအနေကို နားမလည်ခြင်းနဲ့ အခြေအနေအ မျိုးမျိုးကြောင့် ဖြစ်ချင်တဲ့ဆန္ဒများပျောက်ဆုံးနေတတ်ပါတယ်။ ဒါကြောင့် လူငယ်တစ်ယောက်အနေနဲ့ အပေါ်က ဖော်ပြခဲ့တဲ့အခြေအနေတွေကြုံတွေ့ရတဲ့အခါမှာ အပြုသဘောဆောင်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ၊ မိမိကိုယ်ကို နားလည်မှုတွေရရှိနိုင်ဖို့ အခုပြောပြမယ့်အချက်တွေကို လိုက်နာကျင့်သုံးကြည့်ပါ။

🗣️ ဆက်သွယ်ပြောဆိုခြင်း – မိမိဆိုလိုချင်တဲ့အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းနဲ့ ခိုင်ခိုင်မာမာ ပြောဆိုပါ။ တစ်ဖက်လူရဲ့ပြောစကားများကိုလည်း နားထောင်ပါ။ မိမိတစ်ယောက်တည်း ကောက်ချက်ချတာ မျိုးမဖြစ်ပါစေနဲ့။ လိုအပ်လျှင် ပိုမိုနားလည်အောင် မေးခွန်းများမေးပါ။

🧡စာနာမှုနဲ့ နားလည်ခြင်း – အခြားသူတွေကို စာနာနားလည်ပေးပြီး သူတစ်ပါးနေရာမှာ ဝင်ခံစားကြည့်ပြီး ထိုသူတွေရဲ့ အခက်အခဲ၊ လိုအပ်ချက်တွေကို သိရှိနားလည်ပေးဖို့လည်းလိုအပ်ပါလိမ့်မယ်။ ဥပမာ – ကွန်ပျူတာ လိုချင်တဲ့အတွက် မိဘအုပ်ထိန်းသူတွေကိုတောင်းဆိုသော်လည်း လိုချင်တာမရတဲ့အခါ မိမိအုပ်ထိန်းသူတွေရဲ့ အခက်အခဲနှင့် အခြေအနေကိုလည်း မိမိဘက်က နားလည်ပေးဖို့ လိုအပ်ပါလိမ့်မယ်။

🙋လိုက်လျောညီထွေမှုရှိခြင်းလူငယ်တစ်ယောက်အနေနဲ့ အများနဲ့ဆက်ဆံရတဲ့အခါ လိုက်လျောညီထွေရှိဖို့ လိုအပ်ပါတယ်။ မိမိအတွေးအမြင်၊ အယူအဆကသာ အမှန်လို့မယူဆဘဲ အခြားသူများရဲ့ စိတ်ကူးအကြံဉာဏ်များကိုနားထောင်ပြီး မှန်ကန်ကောင်းမွန်တဲ့ အကြံဉာဏ်တွေကို မိမိရဲ့အတွေးအမြင်များနဲ့ ပေါင်းစပ်ကျင့်သုံးတတ်ဖို့ လိုအပ်ပါလိမ့်မယ်။

💪 ယုံကြည်မှုရှိခြင်းလူငယ်တွေအများစုမှာ မိမိကိုယ်ကိုယုံကြည်မှုပျောက်ဆုံးနေတတ်ပါတယ်။ မိမိလုပ်နိုင်တယ်၊ ဖြေရှင်းနိုင်တယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အရာရာကို ယုံကြည်မှုရှိရှိနဲ့ လျှောက်လှမ်းခြင်းဟာ နောက်ထပ်တစ်ဆင့်အတွက် အင်အားဖြစ်စေပါတယ်။

ဒါဆိုရင် စေ့စပ်ညှိနှိုင်းတဲ့အခါ ဘယ်လိုပြုမူဆောင်ရွက်ရမလဲဆိုတာ သိသွားပြီဖြစ်လို့ ဒီနည်းလမ်းတွေ အတိုင်း ကျင့်သုံးကြဖို့ တိုက်တွန်းပါတယ်။