ပံ့ပိုးကူညီခြင်း စွမ်းရည် (Facilitation skill)

ပံ့ပိုးကူညီခြင်း (Facilitation) ဆိုတာဘာလဲ။

ပံ့ပိုးကူညီခြင်းဆိုတာ အဖွဲ့တစ်ခုကို ရည်မှန်းချက်ပန်းတိုင်တစ်ခု ရောက်ရှိဖို့အတွက် ကူညီလမ်းညွှန်ပေးခြင်းပဲ ဖြစ်ပါတယ်။ ပံ့ပိုးကူညီခြင်းက ၊ ဆွေးနွေးပွဲတွေ၊ သင်တန်းတွေ၊ လေ့လာသင်ယူခြင်းလုပ်ငန်းတွေမှာ  ပါဝင်သူများအချင်းချင်း အပြန်အလှန်ဆက်သွယ်ပြီး တက်ကြွစွာ ပါဝင်ဆောင်ရွက်နိုင်ဖို့၊  လေ့လာသင်ယူမှု လွယ်ကူ အဆင်ပြေစေဖို့ ကောင်းမွန်တဲ့ သင်ယူမှုဝန်းကျင်တစ်ခု တည်ဆောက်ပြီး ထိရောက်တဲ့ နည်းလမ်းတွေ သုံးကာ ပံ့ပိုးပေးခြင်း၊ လမ်းညွှန်ပေးခြင်း ဖြစ်စဉ်ပဲဖြစ်ပါတယ်။ 

ကောင်းမွန်သောကူညီပံ့ပိုးသူတစ်ဦးဖြစ်ဖို့ ဘာတွေလုပ်ဆောင်ရမလဲ

➡️မိမိ ပံ့ပိုးကူညီရမယ့် အကြောင်းအရင်း၊ ရည်ရွယ်ချက်နဲ့ ဘယ်အကြောင်းအရာအတွက် ပံ့ပိုးကူညီရမလဲ ဆိုတာကို ဦးစွာသိအောင်ပြုလုပ်ပြီး ကြိုတင်ပြင်ဆင်ပါ။ ဥပမာ – မိမိပံ့ပိုးကူညီရမှာက အမှိုက်ကို စနစ်တကျ ဘယ်လိုပစ်မလဲဆိုတာနဲ့ပတ်သက်တဲ့ ဟောပြောပွဲတစ်ခုဆိုရင် ဟောပြောပွဲလုပ်ရတဲ့အကြောင်းအရင်း၊ ရည်ရွယ် ချက်နဲ့ ဘယ်လိုအကြောင်းအရာတွေကို ပေးရမလဲဆိုတာ သေချာအောင် အရင်လုပ်ပါ။

➡️ပံ့ပိုးကူညီတဲ့အခါ မတူကွဲပြားမှုတွေ၊ မိမိမျှော်လင့်မထားတဲ့အခြေအနေတွေ၊ အစီအစဉ်အပြောင်းအလဲရှိမှု တွေ ကြုံတွေ့နိုင်တဲ့အတွက် လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲတတ်ဖို့လိုအပ်ပါလိမ့်မယ်။ ဥပမာ – မိမိက ဆွေးနွေးရန် အုပ်စု ၅ စုဖွဲ့ရန်စီစဉ်ထားသော်လည်း လူအရေအတွက်များလာတဲ့အခါ အုပ်စုတွင်းလူ အရေအ တွက်ကိုတိုးမလား။ အုပ်စုအရေအတွက်ကိုတိုးမလားဆိုတာကို ဆုံးဖြတ်ရပါမယ်။

➡️ပံ့ပိုးကူညီသူတစ်ယောက်ဟာ စကားမပြောလို့မရပါဘူး။ မိမိဦးဆောင်ရတဲ့ အဖွဲ့ကို ဆွေးနွေးမှုတွေ ပြုလုပ်အောင်၊ မေးခွန်းတွေမေးအောင် ပံ့ပိုးသူကိုယ်တိုင်က ရှင်းရှင်းလင်းလင်းပြောဆိုဆွေးနွေးပြီး ဆွေးနွေးမှု တွေကို ဖိတ်ခေါ်ဖို့အတွက် အဖွဲ့နဲ့ မိမိကြားမှာ ဆက်သွယ်ပြောဆိုမှုတွေ အမြဲရှိဖို့လိုအပ်ပါတယ်။ ဥပမာ – အတန်းတွင်းမှာ တိတ်ဆိတ်နေတာထက် မေးခွန်းတွေမေးခြင်း သို့မဟုတ် အတွေ့အကြုံတွေဝေမျှခြင်းဖြင့်  တက်တက်ကြွကြွဖြစ်အောင် လုပ်ဖို့လိုအပ်ပါလိမ့်မယ်။

➡️အွန်လိုင်းကဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ ပံ့ပိုးကူညီတဲ့အခါမှာ မိမိအလုပ်ပတ်ဝန်းကျင်ကို သေချာပြင်ဆင်ဖို့ လိုအပ်ပါလိမ်မယ်။ ဥပမာ – လိုအပ်တဲ့စာရွက်စာတမ်းတွေကို အလုပ်မစခင်ပြင်ဆင်ထားပါ။ အွန်လိုင်းကနေ ပံ့ပိုးကူညီတဲ့အခါ ကွန်ပျူတာ၊ အင်တာနက် စတာတွေကို ကြိုတင်စစ်ဆေးထားပါ။

ကောင်းမွန်သော ပံ့ပိုးကူညီသူတစ်ဦး၏ အရည်အချင်းများ

💠ဘက်လိုက်မှုမရှိဘဲ  ပါဝင်သူတွေကို လှုံ့ဆော်နိုင်စွမ်းရှိရပါမယ်။ (No Discrimination)

💠ဆွေးနွေးမှုမှာ ပါဝင်သူအားလုံးအတွက် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်ကို ဖန်တီးထိန်းသိမ်းနိုင်ရပါမယ်။ ဥပမာ – စာသင်မယ့်ဆရာတစ်ယောက်အတွက်ဆိုလျှင် အရက်ဆိုင်များး၊ ကာရာအိုကေဆိုင်များနှင့်နီးသောနေရာ မှာ စာသင်ခန်းကို မဖွင့်ရပါဘူး။ (Safety)

💠နားထောင်မှု အလေ့အကျင့်ကောင်းများ။ (Good Listening)

💠ဆွေးနွေးမှုကို ဦးဆောင်ခြင်း သို့မဟုတ် ထင်မြင်ချက်ပေးခြင်းကို မလုပ်ဆောင်ဘဲ တွေးခေါ်မှုကို စိန်ခေါ်ရန်နှင့် ဖြစ်နိုင်ခြေအသစ်များကို ဖန်တီးရန် မကြောက်မရွံ့မေးခွန်းထုတ်ခြင်း။ (Questioning)

💠အုပ်စုတွင်း တုံ့ပြန်မှုကို ပိုမိုတက်ကြွအောင် ဆောင်ရွက်နိုင်ခြင်း (Motivation)

💠ဆွေးနွေးသည့်အခါ တင်းကျပ်မှုမရှိသည့်အပြင် တိုးတက်မှုအတွက် လိုအပ်သော စကားပြောဆိုမှုများ ပြုလုပ်နိုင်ခြင်း (Freedom of speech)

💠အဖွဲ့နှင့်ချိတ်ဆက်နိုင်ခြင်း (Team work)

💠သတ်မှတ်ထားသော အချိန်အကန့်အသတ်အတွင်း ပါဝင်သူများကို ဆွေးနွေးပေးနိုင်ခြင်း (Time management)

💠လူမှုဆက်ဆံရေး ဉာဏ်ရည်မြင့်မားခြင်း (Social Development)

ပံ့ပိုးကူညီသူတစ်ယောက်ဖြစ်ချင်သူများအတွက် ယခုဖော်ပြခဲ့တဲ့အချက်တွေကို လိုက်နာကျင့်သုံးပြီး ပံ့ပိုးကူညီ သူကောင်းတစ်ယောက် (Good Facilitator) ဖြစ်အောင် ဆောင်ရွက်နိုင်ပါတယ်။