ပြောဆိုဆက်သွယ်ခြင်းစွမ်းရည် (Communication skill)

🗣️ ပြောဆိုဆက်သွယ်ခြင်း စွမ်းရည် (Communication Skill) ဆိုတာ ဘာလဲ။

ပြောဆိုဆက်သွယ်ခြင်းစွမ်းရည်က မိမိပြောဆိုလိုတဲ့ အကြောင်းအရာအချက်အလက်တွေကို ထိထိ ရောက်ရောက်ပြောဆိုနိုင်တဲ့ စွမ်းရည် တစ်ခု ဖြစ်ပါတယ်။ ပြောဆိုဆက်သွယ်တဲ့အခါ အဓိကပါဝင်ရမယ့်အရာ တွေက နားထောင်ခြင်း၊ ပြောဆိုခြင်း၊ အကဲခတ်ခြင်း နဲ့ စာနာမှု စွမ်းရည်တွေ ဖြစ်ပါတယ်။

📩မိမိရဲ့ communication ပုံစံက ဘယ်လိုဖြစ်နေလဲဆိုတာ ရွေးချယ်ကြည့်ပါ?

မတုန်မလှုပ်၊ မလှုပ်မယှက်ပုံစံ (Passive) – ဒီပုံစံရှိနေတဲ့သူတွေက မိမိအကြောင်းအရာတစ်ခုခုကို ပြောလိုက် ရင် အခြားသူတွေ မိမိကို စိတ်ဆိုးသွားမှာ၊ အထင်လွဲသွားမှာ၊ အပေါင်းအသင်း မလုပ်တော့မှာ စိုးတဲ့အတွက် မိမိရဲ့ ခံစားချက်တွေ၊ အမြင်တွေကို မပြောဘဲ မတုန်မလှုပ်၊ မလှုပ်မယှက်ပဲ ငြိမ်နေတဲ့ပုံစံဖြစ်ပါတယ်။

ရန်လိုတဲ့ပုံစံ (Aggressive) – ဒီပုံစံရှိနေတဲ့သူတွေက မိမိရဲ့အတွေးအခေါ်၊ အပြုအမူတွေကို အခြားသူတွေ လက်မခံတဲ့အခါ၊ ဝေဖန်တဲ့အခါ ဒေါသနဲ့ အော်ပြီးပြန်ပြောတဲ့ပုံစံဖြစ်ပါတယ်။

ထေ့ငေါ့တဲ့ပုံစံ (Passive-Aggressive) – ဒီပုံစံရှိတဲ့သူတွေကတော့ အခြားသူတွေရဲ့ အပြုအမူတွေက မိမိအတွက်နာကျင်ရတဲ့အခါ သို့မဟုတ် မိမိခံစားချက်တွေကို ပြောမပြနိုင်တဲ့အခါ မှန်ကန်ရာကို မပြောဘဲ ထစ်ငေါ့ပြီး အရွဲ့တိုက်ကြသလို silent treatment  လို့ခေါ်တဲ့ မိမိခံစားချက်တွေကို မပြောပြဘဲ မိမိ စိတ်သက် တောင့်သက်သာမဖြစ်တဲ့ပုံ၊ စိတ်မကျေနပ်တဲ့ပုံစံနဲ့ နေထိုင်ခြင်းပုံစံတွေကို ပြသကြပါတယ်။

ယုံကြည်မှုဖြင့်အခိုင်အမာပြောဆိုခြင်း (Assertive) – ဒီပုံစံကတော့ အကောင်းဆုံးပြောဆိုဆက်သွယ်တဲ့ ပုံစံပဲဖြစ်ပါတယ်။ မိမိပြောဆိုချင်တာကို ရိုးသားစွာပြောပြီး မိမိမလုပ်ချင်တဲ့အရာတွေအတွက်လည်း ကျိုးကြောင်းနဲ့ မိမိမလုပ်နိုင်ကြောင်း ငြင်းဆိုတဲ့ပုံစံဖြစ်ပါတယ်။ သို့သော် အခြားသူတွေရဲ့ ခံစားချက်တွေ၊ အကြံဉာဏ်တွေကိုလည်း တလေးတစားနားထောင်တတ်တဲ့ပုံစံမျိုးလည်းဖြစ်တယ်။ 

ဒီပုံစံ (၄) ခုကို ဥပမာတစ်ခုနဲ့ ဘယ်လိုပြောဆိုဆက်သွယ်တုံ့ပြန်ပုံခြင်းကွာခြားသွားသလဲဆိုတာ ကြည့်ကြရအောင်။

💠Important Facts in Communication (ပြောဆိုဆက်ဆံခြင်းရဲ့ အရေးကြီးတဲ့ အချက်များ)

မိမိရဲ့ ပြောဆိုဆက်သွယ်တဲ့ပုံစံတွေ တိုးတက်လာဖို့အတွက် ခုပြောပြမယ့်အချက်လေးတွေကို လိုက်နာသင့်ပါတယ်။

👂တက်ကြွစွာနားထောင်ခြင်း

တက်ကြွစွာနားထောင်ခြင်းဆိုတာက သင်နဲ့ဆက်သွယ်နေသူရဲ့ ပြောစကားကို အာရုံစိုက် နားထောင်ခြင်းဖြစ်ပါတယ်။ တက်ကြွစွာ နားထောင်သူတွေက ပတ်၀န်းကျင်ရှိလူများကို လေးစားမှုရှိတာကြောင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ အသိအမှတ်ပြုတာကို ခံရစေပါတယ်။

📞ပရိတ်သတ်နဲ့ လိုက်လျောညီထွေရှိတဲ့ ဆက်သွယ်ရေးပုံစံနည်းလမ်းများ အသုံးပြုနိုင်ခြင်း

မတူညီတဲ့ အခြေအနေ အမျိုးမျိုးအတွက် ကွဲပြားခြားနားတဲ့ ဆက်သွယ်ရေးပုံစံနည်းလမ်းတွေကို သင့်လျော်အောင် အသုံးပြုနိုင်ပါတယ် ဥပမာ – စာဖြင့်၊ စကားဖြင့်၊ အမူအရာဖြင့်။ ဆက်သွယ်မှုစွမ်းရည်ကို အကောင်းဆုံးအသုံးပြုနိုင်ဖို့ သင်နဲ့ ပြောဆိုဆက်ဆံမယ့်လူရဲ့ ထိရောက်တဲ့ ဆက်သွယ်မှုနည်းလမ်းကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။

🧑‍🤝‍🧑ရင်းနှီးဖော်ရွေမှုရှိခြင်း

ရိုးသားမှုနဲ့ကြင်နာမှုက ရင်းနှီးဖော်ရွေမှုရဲ့ လက္ခဏာတွေဖြစ်တာကြောင့် ယုံကြည်မှုနှင့် နားလည်မှုကို တိုးပွားစေပါတယ်။ ရင်းနှီးဖော်ရွေမှု၊ ဂရုစိုက်မှု၊ ကြင်နာမှုစတဲ့ အရာတွေရှိဖို့ လိုအပ်ပါတယ်။

💯မိမိကိုယ်ကိုယုံကြည်မှု ရှိခြင်း

မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းက မိမိနဲ့ဆက်သွယ်ပြောဆိုတဲ့သူတစ်ယောက်အတွက် သက်တောင့်သက်သာရှိစေ ပြီး ပြောဆိုရလွယ်ကူစေပါတယ်။

✍️ဝေဖန်အကြံပြုချက်တွေကို လက်ခံနိုင်ခြင်းနဲ့  အခြားသူများအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်များပေးခြင်း

ဆက်သွယ်ပြောဆိုရာမှာ ကျွမ်းကျင်သူတွေ၊ မိမိနဲ့ ဆက်သွယ်ပြောဆိုနေသူတွေကပေးတဲ့ ဝေဖန်အကြံပြုချက် တွေကို လက်ခံနိုင်စွမ်းရှိပြီး အခြားသူများအပေါ်လည်း အပြုသဘောဆောင်တဲ့ အကြံပြုချက်တွေပေး နိုင်ပါတယ်။

🤝စာနာစိတ်နှင့် လေးစားမှုရှိခြင်း

စာနာစိတ်နဲ့လေးစားမှုရှိခြင်း က အခြားသူရဲ့ခံစားချက်ကို နားလည်ရုံသာမက စိတ်ခံစားမှုများပါမျှဝေနိုင်ပါတယ်။

🙋 ရှင်းလင်း နားလည်လွယ်တဲ့ ခန္ဓာကိုယ်ဘာသာစကား (Body language)နဲ့  အမူအရာများသုံးတတ်ခြင်း

ခန္ဓာကိုယ်ဘာသာစကား (Body language)၊ မျက်နှာအမူအရာနဲ့ မျက်လုံးချင်းဆက်သွယ်ခြင်း အစရှိတဲ့ အသံမဲ့ ဆက်သွယ်ခြင်းများကလည်း ကောင်းမွန်တဲ့ ဆက်သွယ်မှုများ ဖြစ်ပေါ်နိုင်ပါတယ်။