ကိုယ်ရေးအကျဥ်း ဆိုတာဘာလဲ?
Resume (ကိုယ်ရေးအကျဥ်း) ဆိုတာ မိမိရဲ့ပညာရေး၊ အလုပ်အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှု၊ အောင်မြင်မှုတွေနဲ့ အခြား တတ်မြောက်မှုတွေကို အတိုချုံး ဖော်ပြရေးသားတဲ့ စာရွက်စာတမ်းတစ်ခုပဲဖြစ်ပါတယ်။
ကိုယ်ရေးအကျဥ်းကို ဘာအတွက်သုံးကြလဲ?
ကိုယ်ရေးအကျဥ်း (Resume) ကို အလုပ်လျှောက်ဖို့အတွက် အသုံးပြုကြသလို နိုင်ငံခြားမှာ ကျောင်းလျှောက်ဖို့၊ စကော်လာ လျှောက်ဖို့အတွက်လည်း ကိုယ်ရေးအကျဥ်း (Resume) ကို ပြင်ဆင်ရပါတယ်။
ကိုယ်ရေးအကျဥ်းတစ်ခုကို ဘယ်လိုရေးကြမလဲ?
မှန်ကန်တဲ့ ကိုယ်ရေးအကျဥ်း (Resume) ပုံစံတစ်ခု (Resume format) ကို တည်ဆောက်ပါ။ ကိုယ်ရေးအကျဥ်း (Resume) တစ်ခုမှာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက အဓိကအနေနဲ့ ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။
- ဆက်သွယ်ရမယ့်လိပ်စာနှင့်ဖုန်းနံပါတ် (Contact Information)
- လုပ်ငန်းအတွေ့အကြုံ (Experience)
- ပညာရေး (Education)
- ကျွမ်းကျင်မှုများ (Skills)
- အခြားဖြည့်စွက်စရာများ (Additional Sections)
ဆက်သွယ်ရမယ့် အချက်အလက်တွေကို သေချာဖြည့်သွင်းပါ။
ဒီအဆင့်မှာ နာမည်အပြည့်အစုံ၊ လျှောက်ထားသူ (ဥပမာ – အလုပ်လျှောက်သူ၊ ပညာသင်ဆုလျှောက်သူ၊ စေတနာ့ဝန်ထမ်းလျှောက်သူ၊ အသင်းအဖွဲ့ဝင်လျှောက်သူ သို့မဟုတ် ကျောင်းလျှောက်သူ စသည်ဖြင့်) ရဲ့ လက်ရှိအလုပ်အကိုင်နယ်ပယ် (ဥပမာ – ဆရာမ)၊ အီးမေးလ်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံကို မမှားအောင် ထည့်ရပါမယ်။ အခြားဆက်သွယ်စရာ ဥပမာ – LinkedIn profile ရှိရင်လည်း ထည့်လို့ရပါတယ်။
လျှောက်ထားသူရဲ့ အတွေ့အကြုံတွေကို အသေးစိတ်ဖော်ပြပါ။
ဒီအဆင့်မှာ မိမိလုပ်ခဲ့သောအလုပ်ရဲ့ ရာထူးအမည်၊ အလုပ်လုပ်ခဲ့သောနှစ် (မည်သည့် နှစ်မှ မည်သည့်နှစ်အထိ)၊ တာဝန်ယူဆောင်ရွက်ခဲ့ရသောလုပ်ငန်းများနှင့် ကုမ္ပဏီနာမည်၊အဖွဲ့အစည်းနာမည် ကို သေချာစွာဖြည့်သွင်းပါ။ သင်က ပညာသင်ဆု လျှောက်သူဖြစ်ခဲ့လျှင် သင့်ရဲ့ ပညာအရည်အချင်းနဲ့ တက်ခဲ့သောသင်တန်းများကို ဖြည့်စွက်ပါ။ စေတနာ့ဝန်ထမ်း သို့မဟုတ် အသင်းအဖွဲ့လျှောက်သူ တစ်ဦးဖြစ်လျှင် မိမိပါဝင်ခဲ့သော အသင်းအဖွဲ့များရဲ့ အတွေ့အကြုံကို အသေးစိတ်ရေးပါ။
ပညာအရည်အချင်းကို အသေးစိတ်ဖော်ပြပါ။
ဒီအဆင့်မှာ အသက်မွေးဝမ်းကျောင်း အရည်အချင်းတွေအပါအဝင် ယခင်ပညာရေးအားလုံးကို စာရင်းနှင့် ရက်စွဲအတိအကျထည့်ပါ။ နောက်ဆုံးပညာအရည်အချင်းကို အရင်ထည့်ပါ။ အရည်အချင်း အမျိုးအစား/ အဆင့်များနှင့် ရက်စွဲများပါအောင်ထည့်ပါ။ (ဥပမာ – အထက်တန်းအောင်၊ ၂၀၂၀ ခုနှစ်)
ကျွမ်းကျင်မှုများအဆင့်မှာ hard skills များအပြင် soft skills များကိုပါ ထည့်ပေးပါ။
ဒီအဆင့်မှာ SWOT analysis အရ မိမိရဲ့ အားသာချက်တွေ၊ မိမိတတ်မြောက်ထားတဲ့နိုင်ငံခြားဘာသာ စကားတွေနှင့် ကျွမ်းကျင်စွာသုံးနိုင်သော IT ပက်ကေ့ဂျ်များကို ဖော်ပြပေးပါ။ (ဥပမာ – Microsoft word, excel) ထို့အပြင် မိမိက 21 ရာစုကျွမ်းကျင်မှုများဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ ပြဿနာဖြေရှင်းနိုင်ခြင်း (problem-solving)၊ အသင်းအဖွဲ့ဖြင့် အလုပ်လုပ်နိုင်ခြင်း (team-work) စသည်ဖြင့် မိမိဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖော်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်။
အခြားမိမိဖြည့်စွက်ချင်တဲ့ အကြောင်းအရာများကို ဖော်ပြပေးပါ။
ဒီအဆင့်မှာ မိမိရဲ့ ဝါသနာ၊ ပရဟိတ (volunteer) အတွေ့အကြုံများ၊ ကိုယ်ပိုင်ဘလော့ဂ် (personal blog) စသည်ဖြင့် ဖော်ပြပေးနိုင်ပါတယ်။ အကယ်၍ ဒီအဆင့်မှာ ဖော်ပြစရာမရှိခဲ့လျှင် ချန်ထားလို့ရပါတယ်။
ကိုယ်ရေးအကျဥ်း (Resume) တစ်ခုရေးသားရာတွင် လိုက်နာရမည့်အချက်များ
- စာလုံးဖောင့် Arial, Cambria သို့မဟုတ် Time New Roamn ကို အသုံးပြုလို့ရပါတယ်။ စာလုံးဖောင့်အားအသုံးပြုရာတွင် Font size 11-12 သာ အကောင်းဆုံးဖြစ်ပါတယ်။
- မိမိရဲ့ မကြာသေးခင်က ရိုက်ထားသော ဓာတ်ပုံကို ထည့်ပါ။ selfie ဓာတ်ပုံ၊ group ဓာတ်ပုံနှင့် အိမ်မွေးတိရိစ္တာန်များနှင့်ရိုက်ထားသောဓာတ်ပုံများ မထည့်ရပါ။
- မကြာသေးမီက ဖြစ်ခဲ့သော အကြောင်းအရာတွေကို အရင်ရေးသားပြီး အစီအစဉ်တကျရှိပါစေ။
- အရေးကြီးဆုံးကတော့ တိုတိုနှင့်လိုရင်းဖြစ်ပါစေ။ အများဆုံးစာမျက်နှာ နှစ်မျက်နှာသာရှိပါစေ။
- Resume တစ်ခုကို နေရာတိုင်းသုံးဖို့ အဆင်မပြေတာကြောင့် လျှောက်မည့်အလုပ်အပေါ်မူတည်ပြီး ပြန်လည်ပြင်ဆင်ပါ။
ကိုယ်ရေးအကျဥ်း (Resume) တစ်ခုရေးသားရာတွင် ရှောင်ရှားရမည့်အချက်များ
- Resume အဟောင်းတစ်ခု သို့မဟုတ် မသေမသပ် မလှပသော Resume ပေးပို့ခြင်းကို ရှောင်ကြဉ်ပါ။
- ၂ မျက်နှာထက်ပိုသော ကိုယ်ရေးအကျဉ်းတစ်ခုကို မပြင်ဆင်ပါနဲ့။
- စာလုံးပေါင်းနှင့် သဒ္ဒါအမှားများကို သေချာစစ်ဆေးပါ။
- မိမိမရခဲ့တဲ့ အောင်မြင်မှုတွေ ပညာရေးတွေကိုသာ ထည့်သွင်းမရေးသားပါနဲ့။
- ဆက်သွယ်ရန်အချက်အလက်များ မမှန်ကန်ခြင်းကလည်း မိမိအခွင့်အရေးကို ဆုံးရှုံးစေပါတယ်။