🌳မြန်မာစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (Myanmar Good Agricultural Practices GAP)
မြန်မာ GAP ဆိုတာ အစားအစာများ ဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ထုတ်ကုန် အရည်အသွေး ကောင်းမွန်စေရန်၊ ပတ်ဝန်းကျင် ထိခိုက်မှု လျော့နည်းစေရန် နဲ့ လုပ်သားများရဲ့ ကျန်းမာရေး နဲ့ လူမှု ဘဝ သာယာဝပြောရေးတို့ကို ထည့်သွင်း စဉ်းစား ဆောင်ရွက်တဲ့ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့် ကောင်းများ ဖြစ်ပါတယ်။ မြန်မာ GAP ဆောင်ရွက်နည်းစနစ်ဟာ သီးနှံများကို စိုက်ပျိုးထုတ်လုပ်စဉ်၊ ရိတ်သိမ်းစဉ် နဲ့ ရိတ်သိမ်းပြီးနောက်ပိုင်းကိုင်တွယ်ခြင်း လုပ်ငန်းများမှာ ဖြစ်ပေါ်လာနိုင်တဲ့ ထွက်ကုန် များ အန္တရာယ်ဖြစ်စေမှု လျော့နည်းစေနိုင်ဖို့ ရည်ရွယ်ပါတယ်။
မြန်မာ GAP ဆောင်ရွက်နည်းစနစ်တွေဟာ ASEAN GAP, Global GAB တို့ကို အခြေခံပြီး သီးနှံတွေ အန္တရာယ်ကင်းစွာ ထုတ်လုပ်နိုင်လို့ ပြည်တွင်းမှာသာမကဘဲ အာဆီယံ ဒေသများနဲ့ နိုင်ငံတကာကို တင်ပို့ရောင်းချနိုင်စေဖို့ လိုက်နာဆောင်ရွက်သင့်တဲ့ နည်းစနစ်ကောင်းများ ဖြစ်ပါတယ်။
စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများနဲ့ ဆောင်ရွက်နိုင်တဲ့ သီးနှံတွေထဲက တောင်သူများ စီးပွားဖြစ်ထုတ်လုပ်နိုင်တဲ့ ကြံသီးနှံနဲ့ ရှောက်မျိုးနွယ်ဝင်အပင်များ စိုက်ပျိုးခြင်းအကြောင်းကို ဖော်ပြပေးလိုက်ပါတယ်။
🌴 ကြံသီးနှံစိုက်ပျိုးခြင်း
ကြံသီးနှံက ပိုးမွှားတွေ နဲ့ ပေါင်းပင်တို့ကို ခံနိုင်ရည်မရှိတဲ့ အပင်အမျိုးအစား ဖြစ်ပေမယ့် ကမ္ဘာ မှာ အများဆုံး စိုက်ပျိုးကြတဲ့ သီးနှံတစ်မျိုး ဖြစ်ပါတယ်။ ကြံကို သကြား အဓိကထုတ်လုပ်ရာ သီးနှံ၊ အရက်အချဉ်ဖောက်ရာမှာသုံးတဲ့ ကုန်ကြမ်း၊ တိရစ္ဆာန်အတွက်အစာ စသည်ဖြင့် အမျိုးမျိုး အသုံးပြုကြ ပါတယ်။ ကြံသီးနှံဟာ ကမ္ဘာ့ဝယ်လိုအားများသလိုပဲ စိုက်ပျိုးသူကိုလည်း အကျိူးအမြတ် ပေးနိုင်လို့ စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်သင့်တဲ့ သီးနှံတစ်ခုပဲ ဖြစ်ပါတယ်။
(က) မြေအမျိုးအစား 🪨
ကြံပင်က မြေကြီးထဲမှာ အစိုဓာတ်ပမာဏ လုံလောက်စွာ ရှိနေအောင် ထိန်းသိမ်းထားနိုင်တဲ့ ဘယ်လိုမြေအမျိုးအစားမှာမဆို စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ အာဟာရဓာတ်ကြွယ်ဝတဲ့ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းမြေစေးတွေဟာ အထွက်နှုန်းနှင့် ကြီးထွားမှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ကြံပင် က ရေကြိုက်တဲ့ သီးနှံဖြစ်ပေမယ့် ရေဝပ်ခြင်းကို မနှစ်သက်ပါဘူး။ ကြံပင် စိုက်ပျိုးနိုင်သည့် မြေချဉ်ငံ ကိန်း က ၅-၈ ကြား ဖြစ်ပါတယ်။ ကြံပင်ဟာ ၁၂-၂၀ လ ထိ ကွင်းထဲမှာ ထားရှိရတဲ့ သီးနှံတစ်ခု ဖြစ်လို့ မြေဆီကြွယ်ဝတဲ့မြေမှာ အထူး သင့်လျော်ပါတယ်။
စိုက်ပျိုးရန် မြေပြုပြင်ခြင်းက တစ်နှစ် နဲ့ တစ်နှစ်နှင့်အထက် သက်တမ်းရှိတဲ့ သီးနှံတွေအတွက် အရေးကြီးတဲ့ လုပ်ငန်းတစ်ခု ဖြစ်ပြီးတော့ ကောင်းစွာ ထယ်ထိုး ထွန်မွှေခြင်းကို ၂-၃ ကြိမ်အထိ ပြုလုပ် ပေးဖို့ လိုအပ်ပါတယ်။ ပထမဆုံးအကြိမ် ထယ်ထိုးခြင်းကို ရှေ့တစ်ရာသီ သီးနှံ ရိတ်သိမ်းပြီးတာနဲ့ စတင် ရမှာဖြစ်ပြီးတော့ မြေကျစ် မြေခဲတွေ ကောင်းကောင်းကျေပျက်အောင် ပြုလုပ်ပြီးတော့ သုံးလ မြေလှပ် ထားရပါမည်။ ဒုတိယအကြိမ် ထယ် ထပ်ထိုးပြီးရင် ၃-၄ ကြိမ်အထိ ထယ်မွှေတာကို လုပ်ပေးရင် ထယ်ရေး ကောင်းကောင်းညက်တဲ့မြေကို ရရှိပါမယ်။ မျိုးစေ့ချဖို့အတွက် မြေညှိဒလှိမ့်တုံးဆွဲပြီး မြေညီ အောင် ညှိယူနိုင်ပါတယ်။ ကောင်းစွာဆွေးမြေ့တဲ့ မြေဆွေးများကို ထည့်သွင်းနိုင်ပါတယ်။
(ခ) ရာသီဥတု ☁
ကြံသီးနှံဟာ ပူနွေးစိုစွတ်သောဒေသ နဲ့ သမနွေးပိုင်း ဒေသတွေမှာ ဖြစ်ထွန်းပါတယ်။ နေရောင် ကြာရှည်စွာ ရရှိခြင်းကို အလွန်တရာ နှစ်သက်ပြီးတော့ အပူချိန် ၂၀-၄၂ ဒီဂရီစင်တီဂရိတ် မှာ ကောင်းစွာ စိုက်ပျိုးဖြစ်ထွန်းပါတယ်။ အကောင်းဆုံး အပင်ဖွံ့ဖြိုးမှုအတွက် တစ်နှစ်တာ မိုးရေချိန် ၇၀-၉၈ လက်မ ကြား ရရှိဖို့ လိုအပ်ပါတယ်။ သွင်းရေ ရရှိနိုင်ရင် တစ်နှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်တဲ့ သီးနှံ ဖြစ်ပါ တယ်။ ဆောင်းတွင်းမှာ ၆-၈ ဒီဂရီစင်တီဂရိတ်ထိ၊ နွေရာသီမှာ ၄၀-၄၂ ဒီဂရီစင်တီဂရိတ်အထိ အပူချိန် အတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိပါတယ်။
(ဂ) မျိုးပွားခြင်း 🌱
ကြံကို ကောင်းကောင်းရင့်မာတဲ့ကြံဆစ်ပိုင်းတွေကို ဖြတ်တောက်ပြီးတော့ ကိုင်းဖြတ် မျိုးပွား ခြင်း နဲ့ ပင်ကြားတန်းကြား ကိုင်းဖြတ်မျိုးပွားခြင်းကို ပြုလုပ်ကြပါတယ်။ အရည်အသွေးကောင်းပြီး ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ ဆစ်ပိုင်းများကို ရွေးချယ်ခြင်းက အထွက်နှုန်းတိုးတက်စေဖို့ ကနဦးအဆင့် ဖြစ်ပါတယ်။
ဖြတ်ပိုင်းတွေ မဖြတ်မီ ဖြတ်ပိုင်းဖြတ်ရန်ရွေးထားတဲ့ အပင်ကို ရက်အနည်းငယ်စောပြီး မျိုးပိုင်း များ အရင်ခုတ်ထားရပါမယ်။ အဲ့လိုပြုလုပ်မှ ဖြတ်ပိုင်းအဆစ်ရဲ့ အတက်တွေက အညွှန့်တွေ ဆက်လက် ကြီးထွားဖို့ လှုံ့ဆော်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကြံပင်ရဲ့အပေါ်ပိုင်းကို အတက်နှစ်ခုက သုံးခုပါ အရှည် ၁ ပေ ကျော် ဖြတ်ပိုင်းများကို တိုင်းတာပြီး ဖြတ်နိုင်ပါတယ်။
ဖြတ်ပိုင်းတွေကို စိုက်ပျိုးရာမှာ နေရာဒေသအလိုက် နည်းလမ်းများစွာ ရှိကြပေမယ့် လူသိများတဲ့ နည်းက ထယ်ကြောင်းပေးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။ အနက် ၆-၁၂ လက်မလောက်ရှိတဲ့ မြောင်းထဲမှာ အလျား လိုက်ချပြီး ဒါမှမဟုတ် ၄၅ ဒီဂရီစောင်းပြီး ကြံဖြတ်ပိုင်းတွေကို စိုက်ပျိုးနိုင်ပါတယ်။ ကြံဖြတ် ပိုင်းတွေကို စိုက်ခင်းထဲကို တိုက်ရိုက်ချစိုက်ပျိုးနိုင်သလို ပျိုးခြံတွေမှာ စိုက်ပျိုးပြီး အတက်ကအရွက်တွေ ကြီးထွားလာမှ စိုက်ခင်းထဲကို ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။ တစ်ဧကအတွက် ကိုင်းဖြတ် ၆၀၀၀-၈၀၀၀ ကြား စိုက်ပျိုးကြပါတယ်။ ထယ်ကြောင်းပေး စိုက်ပျိုးစနစ်က တချို့ စိုက်ပျိုးသူတွေ နှစ်သက်ကြတဲ့ တွင်းချ စိုက်ပျိုးစနစ်လောက် အထွက်နှုန်း မများပါဘူး။ တွင်းချ စိုက်ပျိုးစနစ်က အထွက် နှစ်ဆအထိ ရရှိနိုင်ပါတယ်။
လမိုင်း၊ လမက်ထားခြင်း (ရှေ့တစ်ရာသီမှ အပင်ကို ခုတ်ပြီး နောက်တစ်သီးအတွက် ဆက်လက် ကြီးထွားခွင့်) ကိုလည်း ဆောင်ရွက်နိုင်ပါတယ်။ ဒီနည်းက မြေပြင်စားရိတ် သက်သာပြီး စောစောရင့်တဲ့ ကောင်းကျိုးရှိပေမယ့် ပုံမှန် စိုက်ပျိုးနေကျ ပထမသီးနှံထက် အထွက်နည်းခြင်း၊ အစိုဓာတ် နဲ့ မြေဆီ ဓာတ်ကြွင်းသတ္တိ နည်းပါးခြင်း၊ ပိုးမွှား နဲ့ ရောဂါကျရောက်မှု မြင့်မားခြင်း၊ အလွန်တရာ ဂရုစိုက်ရခြင်း၊ မြေဆီလွှာ အကြီးအကျယ်ပျက်စီးခြင်း စသည့် ဆိုးကျိုးများ ရှိပါတယ်။
(ဃ) ရေသွင်းခြင်း 🌊
ကြံက ရေ အလွန်သောက်တဲ့ သီးနှံ ဖြစ်ပါတယ်။ ကြံဖြတ်ပိုင်းက အတက်ထွက်ခြင်း၊ ကြီးထွား မှုအတွက် အားယူရခြင်း၊ ကြံပင်မှ ကြံရိုးအဖြစ်သို့ ရင့်မှည့်ခြင်းအပြင် လမိုင်းထားခြင်းတို့ ပါဝင်တဲ့ ကြံရဲ့သက်တမ်းတလျှောက်မှာ ရေကို ပေါများစွာ အသုံးပြုကြရပါတယ်။ ရေရှားပါးချိန်၊ ရေ ပြတ်လပ် တဲ့ အချိန်အခါမျိုးမှာတော့ အစက်ချ ရေပေးစနစ်လို နည်းတွေနဲ့ စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ စိုက်ပြီး ၁-၃၅ ရက်အတွင်း အတက်မှ အညှောင့်ထိုးနေချိန်မှာ ရေကို တစ်ပတ်ခြားတစ်ကြိမ်၊ ၃၆-၁၀၀ ရက် အတွင်းမှာ ဆယ်ရက်ခြားစီ တစ်ကြိမ်၊ ၁၁၀-၂၇၀ ရက်အတွင်း တစ်ပတ်ခြားစီ တစ်ကြိမ် နဲ့ ၂၇၁ ရက်မှ ရိတ်သိမ်းချိန်ထိ တိုင်အောင် ဆယ့်ငါးရက်ခြား တစ်ကြိမ် ရေသွင်းရေထုတ် ပြုလုပ်ပေးဖို့ လိုအပ်ပါ တယ်။ ရေသွင်းရေထုတ် ကြိမ်ရေက အပူပိုင်း စိုစွတ်ဒေသမှာ တစ်နှစ်ပတ်လုံး ၃၅-၄၀ ကြိမ်၊ နွေးသမပိုင်း စိုစွတ်ဒေသမှာ ၈-၁၀ ကြိမ် ပျမ်းမျှ လိုအပ်ပါတယ်။
(င) စိုက်ပျိုးပြုစုခြင်း 🪴
ရေ အမြဲတစေရှိနေတဲ့ မြေဖြစ်ရင် ပေါင်းအလွန်ပေါတဲ့အပြင် ကြံပင်အတွက် ကျွေးတဲ့ မြေဆီကို လည်း လုယူ စားသုံးတာကြောင့် ပေါင်းပင်တွေ ပိုကြီးထွားပြီး နှိမ်နင်းဖို့ အလွန်ခက်ပါတယ်။ စိုက်ပျိုးပြီး တစ်လမှ တစ်လခွဲအထိ ပေါက်ပြားနဲ့ လက်ပေါင်းလိုက်ခြင်းကို ဂရုတစိုက် ပြုလုပ်ပေးသင့်ပါတယ်။ မစိုက်မီ ပေါင်းသတ်ဆေး သုံးနိုင်ပါတယ်။ လက်ပေါင်းလိုက်ခြင်း၊ ကြားပေါင်း လိုက်စက် သုံးခြင်းအပြင် အခြားသက်တမ်းတိုပင်များ စိုက်ပျိုးခြင်းဖြင့်လည်း ပေါင်းကိုနှိမ်နင်းနိုင်ပါတယ်။ သီးလှည့် စိုက်ပျိုးခြင်း က ပေါင်းနှိမ်နှင်းရန်အတွက် အထောက်အကူပြုတဲ့ နည်းစနစ် ဖြစ်ပါတယ်။ စိုက်ပျိုးရေပေါများစွာ ရရှိနိုင်တဲ့ ဒေသတွေနဲ့ မိုးရေချိန်များတဲ့ ဒေသတွေမှာ ကြံရဲ့ သီးလှည့် သီးနှံအဖြစ် “စပါး” ကို စိုက်သင့်ပါ တယ်။ မိုးရေချိန်နည်းတဲ့ ဒေသတွေမှာ “ဝါ” ကို သီးလှည့် စိုက်နိုင်ပါတယ်။ ဒါ့အပြင် နနွင်း၊ ငှက်ပျော၊ မြေပဲ၊ ပဲပုပ် နဲ့ အခြားပဲမျိုးတို့ကိုလည်း သီးလှည့်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။ အပိုဝင်ငွေရရှိစေဖို့ အာလူး၊ ကြက်သွန်နီ တို့ကိုလည်း စိုက်ပျိုး နိုင်ပါတယ်။
(၃) ရှောက်မျိုးနွယ်ဝင်အပင်များ စိုက်ပျိုးခြင်း (လိမ္မော်၊ ကဗလာ၊ ကျွဲကော၊ သံပယို၊ သံပုရာ စသည်)
လိမ္မော်၊ ကမ္ဗလာ၊ သံပုရာ၊ သံပရို၊ ရှောက်ချို၊ ရှောက်ပန်း၊ ကျွဲကော စတဲ့ အပင်တွေ ပါဝင်တဲ့ အပင်မျိုးစုကို ရှောက်ပင်မျိုးဟု ခေါ်ပါတယ်။ ရှောက်မျိုးနွယ်ဝင် အသီးတွေဟာ အာဟာရဓာတ် များပြား တဲ့ အစာမျိုးဖြစ်ပြီးတော့ ဗီတာမင်များ နဲ့ ဓာတ်ဆား ကြွယ်ဝကြပါတယ်။ အထူးသဖြင့် ဗီတာမင်စီ အများဆုံး ပါဝင်ပါတယ်။ ဒါကြောင့် ရှောက်မျိုးနွယ်ဝင်အသီးများကို အပူပိုင်းနဲ့ အပူလျော့ပိုင်းဒေသထွက် အသီးအနှံတွေထဲမှာ အရေးပါဆုံးအဖြစ် ထားရှိကြပါတယ်။ မြန်မာနိုင်ငံက ရှောက်ပင်မျိုးတို့ ဖြစ်ထွန်းရာဒေသဖြစ်ပေမယ့် နိုင်ငံခြားကို တင်ပို့ရလောက်အောင် အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်နိုင်ခြင်း မရှိသေးပါဘူး။ နိုင်ငံတွင်းသုံးရန်အတွက် လိမ္မော်သီးကို ရှမ်းပြည်မှာ အကြီးအကျယ် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။ ကျွဲကောခြံများကို မော်လမြိုင်ခရိုင်ဘက်မှာ တွေ့ရပါ တယ်။ သံပရာကိုလည်း နိုင်ငံတွင်းသုံးရန်အတွက် မြစ်ငယ်၊ ရွှေကျင်၊ မုတ္တမ နဲ့ တောင်ငူခရိုင် အတွင်းက အချို့ဒေသတွေမှာ အတော်အသင့် စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
(က) မြေအမျိုးအစား 🪨
ရှောက်မျိုးနွယ်ဝင် အပင်များ စိုက်ပျိုးဖို့ အသင့်တော်ဆုံး pH က ၅.၅ ကနေ ၇.၅ အတွင်း ဖြစ်ပါ တယ်။ မြေသားထုနက်ပြီး ပွတဲ့၊ လေဝင်လေထွက်ကောင်းတဲ့ မြေအမျိုးအစားမှာ ကောင်းစွာ ဖြစ်ထွန်းပါ တယ်။ ရေစီးစိမ့်မှုကောင်းဖို့ အလွန် အရေးကြီးပါတယ်။
(ခ) ရာသီဥတု ☁
အပူလျော့ပိုင်း ဆီးနှင်းကင်းသော ဒေသနဲ့ အပူပိုင်း မကျတကျ ဒေသတွေမှာ ကောင်းစွာ ဖြစ်ထွန်းနိုင်ပါတယ်။ အမြဲစိမ်း အပင်ဖြစ်လို့ ဆောင်းတွင်း အအေးဓာတ် လိုအပ်ချက် သီးခြား မရှိပေမယ့် ဆောင်းရာသီမှာ အပင်ကြီးထွားခြင်း ရပ်နားမှုက ပန်းပွင့်ဖူး ဖြစ်ပေါ်မှုကို ဖြစ်စေပြီးတော့ နွေဦးကာလ ပန်းပွင့်ခြင်းကို ဖြစ်စေပါတယ်။ အပူချိန်နည်းရင် (၂၀-၃၀) ဒီဂရီဖာရင်ဟိုက်မှာ အပင်ငယ်တွေကို ပျက်စီး စေပါတယ်။ အပူချိန် ၁၂-၁၆ ဒီဂရီဖာရင်ဟိုက်မှာဆိုရင် အပင်ကြီးတွေ သေဆုံးသွားမှာ ဖြစ်ပါတယ်။ ဂရိတ်ဖရုပင်က အပူချိန်များတာကို ခံနိုင်ရည်ရှိပြီးတော့ အပူချိန် ၁၂၀ ဒီဂရီ ဖာရင်ဟိုက်အထိ ခံနိုင်ရည် ရှိပါတယ်။ ပန်းပွင့်ချိန်နဲ့ သီးကင်းဝင်ချိန်တွေမှာ လေပူနဲ့ အပူချိန် လွန်ကဲမှု ဖြစ်ပေါ်လာရင် ပန်းပွင့်ကို ပျက်စီးစေတာ၊ အသီးကြွေတာ စတာတွေကို ဖြစ်ပေါ်စေပါတယ်။ အရိပ်အောက်ကျတဲ့ အပင်ငယ်တွေ မှာ အသီးထွက် ညံ့တတ်ပါတယ်။
(ဂ) မျိုးပွားခြင်း 🌱
ကမ္ဗလာ၊ လိမ္မော် နဲ့ ဂရိတ်ဖရုတို့ကို မျိုးပွားရာမှာ အဖူးမြှပ်မျိုးပွားနည်းက အသုံးများပါတယ်။ ရှောက် နဲ့ သံပုရာချိုကိုတော့ မြေထုတ်စည်း သို့မဟုတ် ပင်ပိုင်းဖြတ်နည်းနဲ့ မျိုးပွားကြပါတယ်။ သံပုရာ ကို အစေ့ကနေ မျိုးပွားတာ များပါတယ်။ သံပရာမျိုးစေ့မှာ အစေ့တစ်စေ့မှာ အပင်လောင်း အများအပြား ပါလို့ ညီညာတဲ့ ပျိုးပင်ကို ရရှိနိုင်ပါတယ်။
အဖူးမြှပ်ခြင်းဆောင်ရွက်ကြတဲ့အခါ လေ့ထောင့်ကွက် အဖူးဆက်နည်း နဲ့ T ပုံသဏ္ဍာန် အဖူး မြှပ်နည်း တွေကို အသုံးများပါတယ်။ အဖူးမြှပ်ဖို့ သင့်တော်ပြီး ပင်ရည်တက်မှု ကောင်းပြီး အသားနုများ နိုးကြားချိန်မြန်ပါတယ်။ အဖူးအကိုင်းအဖြစ် တစ်နှစ်သားရှိပြီး စောင်း (ဇောင်း) မရှိတဲ့အကိုင်းက အညွန့် မထွက်သေးတဲ့ ကောင်းကောင်းစူထွက်နေတဲ့ အဖူးမျိုးရှိရင် ပိုကောင်းပါတယ်။ အောက်ခံပင်က မြေကြီး က ၂၀-၂၅ စင်တီမီတာ အမြင့်မှာ အဖူးမြှပ်ရမှာဖြစ်ပြီး ၆ လ မှ ၉ လအတွင်း စိုက်ပျိုးရန် အသင့်ဖြစ်တဲ့ အပင်တွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
အောက်ခံပင်တွေ ပျိုးထောင်နိုင်ဖို့ စိတ်ကြိုက်ရွေးချယ်ထားတဲ့ အပင်က ပြည့်ဖြိုး အောင်မြင်တဲ့ မျိုးစေ့ကို ရွေးယူပြီး မြေဆွေးလုံလုံလောက်လောက်နဲ့ ကောင်းကောင်း ပြင်ဆင်ထားတဲ့ မူလပျိုးခင်းမှာ ပျိုးရပါမယ်။ ပျိုးခင်းက ရေစီးစိမ့်မှုကောင်းပြီး မြေဩဇာ ထက်သန်ရပါမယ်။ မြေဆောင်ရောဂါတွေ နဲ့ နီမတုတ်ပိုးတွေ ကင်းရှင်းရပါမယ်။ မူလမျိုးဘောင်တွေရဲ့ အပေါ်ပိုင်းကို သဲ (၃ -၅) စင်တီမီတာ လောက် ဖုံးပေးရပါမယ်။ မျိုးစေ့တွေကို မှိုသတ်ဆေးနဲ့ လူးနယ်ပြီး ပျိုးသင့်ပါတယ်။ မျိုးစေ့က အပင်ပေါက်ဖို့ ၃-၄ ပတ်ခန့် ကြာနိုင်ပြီး ပျိုးပင်တွေ အရွက် (၄-၆) ရွက်ထွက်ချိန်မှာ ဒုတိယ ပျိုးခင်းကို ရွှေ့စိုက်ဖို့ အဆင်သင့် ဖြစ်ပြီ ဖြစ်ပါတယ်။ ဒုတိယပျိုးခင်းမှာ ပင်ခြား တန်းခြား ၂၀-၃၀ စင်တီမီတာခြား စိုက်ထားရပါမယ်။ ပြီးရင် ညီညာပြီးတော့ ထောင်မတ် သန်စွမ်းတဲ့ အပင်တွေကို အောက်ခံပင် အဖြစ်နဲ့ ရွေးချယ်ပြီး အဖူး မြှပ်ခြင်း ဆောင်ရွက်နိုင်ပါတယ်။
(ဃ) ရေသွင်းခြင်း 🌊
သဲကြမ်းမြေ၊ သဲနုန်းမြေ နဲ့ ရေထိန်းအားနည်းတဲ့ မြေမျိုးတွေမှာ မကြာခဏ ရေသွင်းပေးဖို့ လိုအပ်ပါတယ်။ ကြီးထွားမှု မြန်တဲ့အချိန်၊ ပန်းပွင့်ချိန် နဲ့ အသီးကင်း ဝင်ချိန်တွေမှာတော့ ရေငတ်ဒဏ် မခံနိုင်ကြပါဘူး။ အသီးသီးချိန်မှာ မကြာခဏ ရေငတ်ရင် အသီးတင်မှု လျော့နည်းသွားနိုင်ပါတယ်။ ရှောက်မျိုးနွယ်ဝင် အပင်တွေက ရေများခြင်း၊ ရေဝပ်ခြင်းကို ခံနိုင်ရည် မရှိကြပါဘူး။ သွင်းရေမှာ ပင်စည် ကို တိုက်ရိုက် ထိတွေ့မှု မရှိသင့်ပါဘူး။ ပုံမှန်အားဖြင့် မတ်လမှ ဇွန်လအတွင်း အပတ်စဉ် ရေသွင်းပြီး နိုဝင်ဘာလမှ ဖေဖော်ဝါရီလအတွင်း နှစ်ပတ်ခြား တစ်ကြိမ် ရေသွင်းပေးသင့်ပါတယ်။
(င) မြေဩဇာကျွေးခြင်း 🪴
ကမ္ဗလာနဲ့ လိမ္မော်ပင်များအတွက် တစ်ဟက်တာကို နိုက်ထရိုဂျက် ၆၀၀-၈၀၀ ကီလိုဂရမ်၊ ဖော့စဖောရပ် ၃၀၀-၄၀၀ ကီလို နဲ့ ပိုတက်ဆီယမ် ၃၀၀-၄၀၀ ကီလိုနှုန်း ကျွေးပေးခြင်းက အပင်ကြီးထွား မှု၊ အထွက်နှုန်း နဲ့ အရည်အသွေးအတွက် သင့်တော်တဲ့ နှုန်းထားဖြစ်ကြောင်း တွေ့ရှိပါတယ်။ အနည်းလို အာဟာရဓာတ် ချို့တဲ့မှုများ ဖြစ်လေ့ရှိတတ်လို့ ဇင့်ဆာလဖိန် ၀.၄-၀.၆ %၊ မဂ္ဂနီဆာလဖိတ် ၀၄-၀.၆ %၊ ကြေးနီဆာလဖိတ် ၀.၄-၀.၅ % နဲ့ ဘိုရက် (လက်ချား) ၀.၁ % ကျွေးသင့်ပါတယ်။