Social Cohesion

လူမှု ပတ်ဝန်းကျင်ဆိုင်ရာ သဟဇာတဖြစ်ခြင်းဆိုတာ ဘာလဲ။

📌စည်းလုံးညီညွတ်ပြီး ရေရှည် တည်တံ့ခိုင်မြဲတဲ့ အသိုက်အဝန်းတစ်ခု ဖြစ်အောင် တည်ဆောက်တဲ့ နေရာမှာ လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်းကို သိရှိထားဖို့ မဖြစ်မနေ လိုပါတယ်​။

📌Social ဆိုတာ လူမှုရေး၊ Cohesion ဆိုတာ သဟဇာတဖြစ်မှု၊ Social Cohesion ဆိုတာကတော့ လူမှုအစုအဖွဲ့၊ လူမှုအသိုင်းအဝိုင်းက လူတွေအချင်းချင်း စည်းလုံး ညီညွတ်မှု ရှိအောင် သွေးစည်းအောင် ပြုလုပ်တာလို့ အကြမ်းဖျင်း အဓိပ္ပာယ် ဖွင့်ဆိုလို့ ရပါတယ်။

📌လူမှုသဟဇာတ ဖြစ်ခြင်းဟာ ကိုယ့်ရဲ့ နေ့စဉ်ဘဝ၊ ကိုယ်နေထိုင်ရာ အသိုက်အဝန်းမှာလည်း အရေးပါပါတယ်​။ မတူကွဲပြားမှုကို လေးစားလက်ခံပြီး Synergy လို့ ခေါ်တဲ့ ညီညွတ်ခြင်းရဲ့ ခွန်အားကို ရှာဖွေတတ်ဖို့၊ လူအချင်းချင်း ခွဲခြားဆက်ဆံမှုတွေကို လျှော့ချဖို့၊ လူတန်းစားခွဲခြားမှု မရှိဘဲ တန်းတူညီမျှမှုနဲ့ တရားမျှတမှုကို ရယူနိုင်ကြဖို့ စတာတွေဟာ သဟဇာတမဖြစ်တဲ့ လူမှုအဖွဲ့အစည်းတစ်ခုမှာ ဘယ်လိုမှ ဖြစ်မှာ မဟုတ်ပါဘူး။

📌အခု လက်ရှိ မြန်မာ့ လူမှုအသိုင်းအဝိုင်း၊ လူ့အဖွဲ့အစည်းမှာ မတူကွဲပြားမှုတွေကြောင့် ဖြစ်ပေါ်နေရတဲ့ ပြဿနာများစွာ ရှိပါတယ်။ လူမျိုးမတူ၊ ဘာသာမတူ၊ လိင်မတူ၊ လူတန်းစား မတူ၊ စတဲ့ မတူညီမှုတွေဟာ တကယ်တော့ ပြဿနာတွေရဲ့ အရင်းအမြစ် မဟုတ်သင့်ဘဲ ညီညွတ်မှုတွေရဲ့ အကြောင်းအရင်းခံတွေသာ ဖြစ်သင့်ပါတယ်။

လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စုဆိုတာ ဘာလဲ?

လူမှုအုပ်စု (Social Group) နဲ့ လူမှုအသိုင်းအဝိုင်း (Society) ဆိုတဲ့ နှစ်ခုက ဘာတွေ ကွာခြားလဲဆိုတာ တွေးကြည့်ဖူးပါသလား။ပထမဆုံးအနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်ပြီး လူမှုအသိုင်းအဝိုင်းနဲ့ လူမှုအုပ်စုဆိုတာ ဘာလဲ ဆိုတာကို လေ့လာကြည့်လိုက်ရအောင်။

လူမှုအုပ်စု (Social Group)

ဆင်တူတဲ့ ဝိသေသလက္ခဏာ (Characteristics) တွေကို မျှဝေပြီး စည်းလုံးမှု ရှိတယ်ဆိုတဲ့ ခံစားမှုမျိုးနဲ့ အပြန်အလှန်ဆက်နွယ်နေတဲ့ လူနှစ်ဦး ဒါမှမဟုတ် နှစ်ဦးထက် ပိုတဲ့ လူတွေကို လူမှုအုပ်စုဆိုပြီး ခေါ်ပါတယ်။ ဒါဆိုရင် Social Group လို့ ခေါ်တဲ့ လူမှုအုပ်စုတွေက ဘယ်လို ဝိသေသလက္ခဏာတွေကို မျှဝေတတ်ကြလဲ​။များသောအားဖြင့်

  • တန်ဖိုးထားမှု (Value)၊
  • ကိုယ်စားပြုမှု (Representation)၊
  • စိတ်ဝင်စားမှု/အကျိုးစီးပွား (Interests)၊
  • ဝိသေသတူညီခြင်း (Identity)နဲ့ တခြားသော ချည်နှောင်မှုတွေ ပါဝင်တတ်ကြပါတယ်။

ဥပမာ – လူ့အခွင့်အရေးတွေကို တန်ဖိုးထားကြသူတွေအချင်းချင်း စုစည်းမိတာ၊ ပညာရေးတိုးတက်မှုအတွက် ကြိုးစားချင်သူတွေ တစ်နေရာတည်းမှာ လာဆုံတာ စတာတွေပေါ့။
ဒီလို လူမှုအုပ်စု (Social Group) တွေမှာလည်း အမျိုးအစား (၂) မျိုး ရှိပါတယ်။ အဲဒါတွေကတော့ Primary Group လို့ခေါ်တဲ့ “ပင်မအုပ်စု”နဲ့ Secondary Group ဆိုတဲ့ “တစ်ဆင့်ခံ အုပ်စု”တွေပါ။

ပင်မမူလအုပ်စုဆိုတာက ကိုယ်နဲ့ ရင်းနှီးတဲ့ Personal ဆက်ဆံရေးရှိတဲ့သူတွေပါ။ ဥပမာ – မိသားစု၊ သူငယ်ချင်း အရင်းအချာ စတာတွေပေါ့။
တစ်ဆင့်ခံအုပ်စုဆိုတာကတော့ ပင်မအုပ်စုက လူတွေကနေတစ်ဆင့်မှ သိရတဲ့၊ ယာယီဆက်ဆံရေးလောက်ပဲ ရှိပြီး ကိစ္စတစ်ခု၊ ပန်းတိုင်တစ်ခုအတွက် ခဏတာ ထိတွေ့ရတဲ့သူတွေ ဖြစ်ပါတယ်။ဥပမာ – ပရောဂျက်တစ်ခုအတွက် ခဏပဲ လက်တွဲလုပ်ရတဲ့သူလိုမျိုးပေါ့။

နောက်ထပ် အမျိုးအစား ခွဲလို့ ရတာကတော့ In-Groups and Out-Groups ပါ။

အတွင်းအုပ်စု (In-Group) ဆိုတာက ကိုယ်နဲ့ သက်ဆိုင်မှု ရှိတယ်လို့ ခံစားရတဲ့ အုပ်စုတွေကို ညွှန်းပြီး အပြင်အုပ်စု(Out-Group)ဆိုတာကတော့ ကိုယ်နဲ့ သိပ်ပြီး မသက်ဆိုင်ဘူး လို့ ယူဆရတဲ့ အုပ်စုတွေ ဖြစ်ပါတယ်​။
ဥပမာ – ကိုယ်က နိုင်ငံခြား ရောက်သွားတယ် ဆိုပါစို့​။ မြန်မာစကား မပြောတဲ့ နေရာတစ်ခုနဲ့ မြန်မာစကား ပြောတဲ့ နေရာတစ်ခု။
ဘယ်ဟာက In-Group ဘယ်ဟာက Out-Group ဖြစ်မယ် ထင်ပါသလဲ​။ 🤷‍♀️

လူမှုအသိုင်းအဝိုင်း (Society)

အထက်မှာ ပြောပြခဲ့တဲ့ မတူညီတဲ့ လူမှုအုပ်စု (Social Group) တွေ စုစည်းတည်ရှိနေတာကိုတော့ လူမှုအသိုင်းအဝိုင်း (Society) လို့ ခေါ်ပါတယ်။

လူမှုသဟဇာတဖြစ်ခြင်း၏အစိတ်အပိုင်းများ

လူမှုသဟဇာတဖြစ်ခြင်းရဲ့ အစိတ်အပိုင်းတွေကတော့

  1. Social Relationships (လူမှုဆက်ဆံရေး)
  2. Connectedness (ဆက်နွယ်မှုများ၊ ချိတ်ဆက်မှုရှိခြင်း)
  3. Orientation towards the common good (အများအကျိုးရှေးရှုဆောင်ရွက်ခြင်း)
  4. Fairness (တရားမျှတမှု)

တစ်ခုချင်းစီရဲ့အသေးစိတ်ကို ဆက်ပြီး လေ့လာကြည့်ရအောင်

(1) လူမှုဆက်ဆံရေး(Social Relationships)
ဒီနေရာမှာကတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ဆက်ဆံရေးဖြစ်ဖြစ်၊ လူမှုအဖွဲ့အစည်းကြားမှာပဲဖြစ်ဖြစ် အပြုသဘောဆောင်ပြီးဆက်ဆံတာ၊ မတူကွဲပြားမှုတွေကိုအပြန်အလှန်လက်ခံကျင့်သုံးပေးတာတွေအပြင် အလွှာအသီးသီး ဒါမှမဟုတ် ကဏ္ဍအသီးသီးမှာ လူတန်းစားခွဲခြားဆက်ဆံမှုမရှိဘဲ လူသားအားလုံးပါဝင်လာစေဖို့ အဲ့ဒီအခြေအနေတွေမှာအပြန်အလှန်လေးစားသမှုရှိခြင်းတို့ ပါဝင်ပါတယ်​။

(2) ဆက်နွယ်မှု(Connectedness)
ဒီ”ဆက်နွယ်မှု”မှာဆိုရင် လူ့အဖွဲ့အစည်းမှာ တသီးတခြားရှိမနေဘဲ “ငါတို့အားလုံးနဲ့သက်ဆိုင်တယ်၊ ငါတို့အားလုံးပါဝင်မှုရှိရမယ်”ဆိုတဲ့စိတ်လေးရှိဖို့ပေါ့။မြို့၊ ရွာ၊ ရပ်ကွက်အလိုက် အားလုံးပူးပေါင်းပါဝင်ဖို့ လိုအပ်တဲ့နေရာမှာ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ကြဖို့လိုသလို ဘာသာရေး၊ လူမျိုးရေး၊ လူမှုရေးတွေနဲ့ သာရေးနာရေးကိစ္စအရပ်ရပ်တွေမှာလည်း အကုန်လုံး ပူးပေါင်းပါဝင်ရမယ်ဆိုတဲ့ စိတ်လေးရှိဖို့လိုပါတယ်။ မတူကွဲပြားမှုတွေဘယ်လိုပဲရှိနေပါ‌စေ အဲ့ဒီမတူကွဲပြားမှုတွေထဲက အချင်းချင်းရဲ့တန်ဖိုးထားမှုတွေကို လက်ခံပေးပြီးတော့ အပြန်အလှန်ယုံကြည်မှု တည်ဆောက်ပြီးနေဖို့လိုအပ်ပါတယ်။

(3) အများအကျိုးရှေးရှုဆောင်ရွက်ခြင်း(Orientation towards the common good):
Responsibility (တာဝန်ယူခြင်း)၊ Cooperation (ပူးပေါင်းဆောင်ရွက်ခြင်း)၊ Solidarity (စည်းလုံးညီညွတ်မှုရှိခြင်း)ဆိုပြီး ပါဝင်တဲ့ ဒီအစိတ်အပိုင်းမှာတော့ ကိုယ့်ဒေသ၊ ကိုယ့်ပတ်ဝန်းကျင်၊ လူအများအကျိုးအတွက် လုပ်ဖို့တာဝန်ယူမှု တာဝန်ခံမှုဆိုတဲ့စိတ်ရှိရမှာဖြစ်သလို အများအကျိုးအတွက်ဆောင်ရွက်ဖို့စွမ်းရည်တွေရှိဖို့လိုတဲ့အပြင် စည်းလုံးညီညွတ်မှုရှိဖို့အတွက်လည်းပဲ အရေးကြီးပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့နောက်လိုက်တွေ၊ တွဲဖက်တွေနဲ့လည်း အပြန်အလှန်ပံ့ပိုးကူညီပေး၊ ပူးပေါင်းဆောင်ရွက်ပေးတာတွေလုပ်ဖို့လိုပါတယ်။ နောက်ဆုံးအနေနဲ့ အများအတွက်ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်းလေးစားလိုက်နာတတ်ရပါမယ်။

(4) တရားမျှတမှုရှိခြင်း (Fairness/Equality):
ဒီအစိတ်အပိုင်းမှာဆိုရင်တော့ အခွင့်အလမ်းတွေ၊ ရင်းမြစ်တွေကို လူသားအားလုံး တန်းတူညီမျှရကြသလား‌ဆိုတာပါပဲ။ “သူကတော့ဘာမို့လို့ဒီအလုပ်နဲ့မကိုက်ဘူး”၊ “သူကဘာလူမျိုးမို့လို့ ဒီရာထူးကသူ့အတွက်မဟုတ်ဘူး”ဆိုတာမျိုးတွေမရှိသွားအောင် ဖန်တီးပေးတာမျိုးပေါ့။ နောက်ဆုံး minority groupထဲကလူမျိုးတွေ၊ ခွဲခြားဆက်ဆံခံနေရတဲ့ဘာသာရေး၊ မသန်စွမ်းတွေ၊ အမျိုးသမီးတွေက ဒီအသိုက်အဝန်းမှာ ဘယ်လောက်ပါဝင်လာမှုရှိသလဲဆိုတာပါ ဆန်းစစ်ရမှာဖြစ်ပါတယ်။

လူမှုသဟဇာတဖြစ်မှုကို ဘာတွေက လျော့ကျအားနည်းစေလဲ

တစ်ခါတစ်လေမှာ ကျွန်တော်တို့သိလိုက်လို့ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ဘဲဖြစ်ဖြစ် ပြုမူမိတဲ့အချက်တွေကနေလည်း လူမှုသဟဇာတဖြစ်မှုကို လျော့ကျအားနည်းစေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ​။

  • တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype)
    လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား​။
  • မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice)
    မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ​။
  • လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း (Social Exclusion)
    သူကတော့ဆင်းရဲလို့၊ ဘာသာခြားဖြစ်နေလို့၊ လူမျိုးမတူလို့ အဲ့ဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ လူတစ်ဦးရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာကို လူမှုအသိုင်းအဝိုင်းမှဖယ်ကြဉ်ခြင်းလို့ခေါ်ပါတယ်။
  • သဘောထားမကြီးခြင်း (Intolerance)
    Intolerance ဆိုတာ တစ်ယောက်ရဲ့အုပ်စုက အခြားအုပ်စုတွေထက် သာလွန်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် အခြားအုပ်စုကို လေးစားမှုမရှိတာပဲဖြစ်ပါတယ်။ ဥပမာ – ကိုယ်ကိုးကွယ်တဲ့ ဘာသာကမှ မြင့်မြတ်တာဆိုတဲ့ အတွေးနဲ့ မိမိနဲ့ ကိုးကွယ်မှုမတူတဲ့သူတွေအပေါ်ကို မလေးမစားပြုမူတာမျိုးတွေဟာ လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။
  • တန်းတူညီမျှမှုမရှိခြင်း (Inequality)
    ကျောင်းသားအားလုံး ကြိုးစားခွင့်ရှိတဲ့ ပညာသင်ဆုတစ်ခုကို Roll-1ကိုပဲ အကြွင်းမဲ့ပေးပစ်တာမျိုး ကြုံခဲ့ရဖူးပါသလား​။ ဒါဟာလည်း တန်းတူညီမျှမှုမရှိခြင်းရဲ့ ဥပမာတစ်ခုပါပဲ။ တန်းတူညီမျှမှုမရှိခြင်းဆိုတာ အုပ်စုတစ်စု ဒါမှမဟုတ် လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ ဂုဏ်တွေ ရာထူးတွေအတွက် တန်းတူညီမျှအခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်မရနိုင်တာတွေကိုဆိုလိုပါတယ်။
  • ခွဲခြားဆက်ဆံခြင်း ( Discrimination)
    လူမဲဖြစ်လို့ လူဖြူဖြစ်လို့၊ ယောက်ျားလေးဖြစ်လို့ မိန်းကလေးဖြစ်လို့၊ အသက်ကြီးနေလို့ အသက်ငယ်နေလို့ အကြောင်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံရမှုတွေဟာလည်း လူမှုသဟဇာတဖြစ်မှုကို အားလျော့စေတဲ့အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။

လူမှုပတ်ဝန်းကျင် သဟဇာတ မရှိခြင်း၏ဖြစ်ရပ်များ

၁။ ကျားမတန်းတူ ညီမျှမှုမရှိခြင်း။
၂။ အရည်သွေးပြည့်မီတဲ့ ကျန်းမာရေးဝန်ဆောင်မှုများမရရှိခြင်း။ (ဥပမာ၊ ပုဂ္ဂလိက‌ဆေးရုံနဲ့ ပြည်သူ့ဆေးရုံတွေရဲ့ ကွာခြားမှု)
၃။ အရည်သွေးပြည့်မှီတဲ့ ပညာရေး မရရှိခြင်း။
၄။ လူမျိုးရေးနှင့် အသားအရောင် ခွဲခြား ဆက်ဆံခြင်း။
၅။ ဘာသာရေးကို အကြောင်းပြုပြီး (ဘာသာ)သာသနာတစ်ခုတည်းမှာ ခွဲခြားမှုများ ပြုလုပ်ခြင်း။
၆။ စီးပွားရေး တည်ငြိမ်မှု မရှိခြင်း။
၇။ ပတ်ဝန်းကျင်နှင့် ဒေသများ တူညီစွာ တိုးတက်မှုမရှိခြင်း။

လူမှုသဟဇာတဖြစ်ခြင်း (Social Cohesion) အကြောင်း အသေးစိတ် ‌သိရှိနိုင်ဖို့ အောက်က သင်ခန်းစာ ဗီဒီယိုလေးမှာ လေ့လာလိုက်ကြရအောင် 👇

Reference: https://study.com/academy/lesson/what-is-social-cohesion-definition-theory-quiz.htmlhttps://youtu.be/AgmhFqkZk9o