Click တစ်ချက် လူတစ်သက်.. 🖥🖱

စာဖတ်ရန် ကြာချိန် (၇) မိနစ်

အခုလို၂၁ရာစုမှာ လူတွေဟာ အွန်လိုင်းပေါ်မှာ ပိုပြီးအချိန်ကုန်လာကြပါတယ်။ အဲ့ဒါကြောင့်လည်း Cyberbullying တွေက ပိုပြီးအဖြစ်များလာတာကို တွေ့ရပါတယ်။

  • လူတစ်ယောက်တည်းကို ဝိုင်းပြီး ဟားတိုက်လှောင်ပြောင်တာတွေ၊
  • တစ်ယောက်ရဲ့အမှားကိုကြည့်ပြီး ဘာမှပြန်မပြောနိုင်အောင် အားလုံးကဝိုင်းပြီး ဝေဖန်ကဲ့ရဲ့ကြတာတွေ
    စသဖြင့် အွန်လိုင်းပေါ်မှာ အနိုင်ကျင့်လာကြပါတယ်။ အဲ့လို Cyberbullying ပြုလုပ်တာဟာ လူတစ်ယောက်ရဲ့စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားချက်ပိုင်းဆိုင်ရာတွေကို ထိခိုက်နစ်နာစေနိုင်ပြီး နောက်ဆုံး Suicide လုပ်သွားတဲ့အခြေအနေအထိ တွန်းပို့ပေးနိုင်ပါတယ်။

Cyberbullying ဆိုတာ သိသာထင်ရှားတဲ့ ကိုယ်ထိလက်ရောက်အနိုင်ကျင့်မှုမျိုး မဟုတ်တဲ့အတွက် တစ်ခါတလေ ကိုယ့်ဘာသာ ပို့စ်တွေ share ရင်း၊ သူငယ်ချင်းတွေနဲ့ စနောက်ပြောဆိုရင်း အဲ့လို Cyberbullying ပြုလုပ်သူတွေထဲမှာ ကျွန်တော်တို့ကိုယ်တိုင်လည်း မသိလိုက်ဘဲ ပါဝင်ပတ်သက်နေမိတတ်ပါတယ်။
အဲ့ဒီလို ကျွန်တော်တို့ရဲ့ ဘဝတွေကို ခြိမ်းခြောက်လာတဲ့ Cyberbullying ဆိုတာ ဘာလဲ?
Cyberbullying တွေက ဘာကြောင့်ဖြစ်တာလဲ?
အဲ့လိုမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ?
ဆိုတာတွေကို ကြည့်လိုက်ကြရအောင်

👱Cyberbullying ဆိုတာ ဘာလဲ
Cyberbullying ဆိုတာ ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးပြုပြီး သူတစ်ပါး အရှက်သိက္ခာကိုထိပါးအောင်လုပ်တာ၊ သူများရဲ့လူမှုရေး၊ စီးပွားရေးတွေကို ထိခိုက်နစ်နာအောင် လုပ်တာ၊ ခြိမ်းခြောက်တာ အားလုံးပါဝင်ပါတယ်။အထူးသဖြင့် Facebook လိုမျိုး လူမှုကွန်ရက်တွေ၊ စာပို့ဆက်သွယ်ရတဲ့ Messenger၊ Viber နဲ့ WhatsApp တို့လို Messaging Platform တွေမှာ သူများရဲ့ အရှက်ရစရာကိုယ်ရေးကိုယ်တာကိစ္စတွေ၊ အမှားတွေကို ပြစ်တင်ကဲ့ရဲ့ပြီး သူများရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် ပြုလုပ်တာမျိုးတွေပေါ့။အတွေ့အများဆုံးကတော့ လူတစ်ယောက်ရဲ့အခြေအနေကို သေချာမလေ့လာဘဲ သူများတွေ အပြစ်ပြောတိုင်း ဝိုင်းပြီးအပြစ်ပြောကဲ့ရဲ့ကြတာပါပဲ။
အဲ့လိုလူ‌တွေထဲမှာ ကျွန်တော်တို့အနေနဲ့ သတိမထားမိလိုက်ဘဲ ပါဝင်နေနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့ အွန်လိုင်းပေါ်ကနေ ဖြစ်တဲ့အတွက် အပြင်မှာလည်း မတွေ့ရဘဲ ကိုယ့်ကိုမသိတဲ့သူတွေနဲ့ပတ်သက်ပြီး ဝေဖန်လိုက်ဖို့၊ အပြစ်တင်လိုက်ဖို့ဆိုတာ သေချာမစဉ်းစားမိကြတဲ့ အခြေအနေတစ်ရပ်ပဲဖြစ်လို့ပါ။
ဥပမာ ကိုယ့်ရဲ့သူငယ်ချင်းတစ်ယောက်က ပို့စ်တစ်ခုကို blame ပြီး Share ထားတယ်။ကိုယ်ကတွေ့တဲ့အခါ အခြေအနေကို သေချာလေ့လာသုံးသပ်ဖို့ထက် သူ့ဘက်လိုက်ပြီး ဝိုင်း blame လိုက်မိတယ်။ကိုယ် Share လိုက်တဲ့ပို့စ်ကနေ တခြားသူတွေကလည်း ဝိုင်းအပြစ်တင်ပြီး အများနဲ့တစ်ယောက် ဝိုင်းဝန်းကဲ့ရဲ့နေကြတဲ့အခါ Cyberbullying ဖြစ်လာပါတော့တယ်။
ဒီလိုနဲ့ ကိုယ်ပြောလိုက်တဲ့စကားတစ်ခွန်း၊ ကိုယ်ရဲ့ share ခလုတ်တစ်ချက်၊ ဘာရယ်မဟုတ်လုပ်လိုက်တဲ့ အပြုအမူတစ်ခုဟာ တစ်ဖက်သားရဲ့ဘဝကို နာသည်ထက်နာအောင် ရိုက်ချမိနေပြီး နောက်ဆုံးမှာ Suicide လုပ်သွားတဲ့အခြေအနေထိ ဖြစ်သွားစေနိုင်ပါတယ်။


Cyberbullying ကို သေချာနားလည်သွားပြီဆိုတော့ Cyberbullying ဘာကြောင့်ဖြစ်လဲ? ဘယ်လို ကာကွယ်လျှော့ချကြမလဲဆိုတာကို ကြည့်လိုက်ကြရအောင်
📍Cyberbullying ကိုဖြစ်စေတဲ့ ပထမဆုံးအချက်အနေနဲ့ကတော့ Empathy မရှိတာပါပဲ။သူ့နေရာမှာ ငါသာဆိုရင်ရော ဆိုတဲ့ ကိုယ်နဲ့နှိုင်းယှဉ်ပြီး စာနာပေးတဲ့စိတ်မရှိတာပေါ့။သူ ဘာတွေမှားနေလဲဆိုတာ အားရပါးရထောက်ပြလိုက်မယ်။သူ အခန့်မသင့်လို့ ချော်လဲတာကို ဝိုင်းလက်ညှိုးထိုးပြီး ဟားတိုက်နေလိုက်မယ် ဆိုတဲ့စိတ်တွေကြောင့် အခုလို Cyberbullying တွေဖြစ်နေရတာပါ။
📍နောက်တစ်ချက်ကတော့ Tolerance ဆိုတဲ့ သည်းခံနိုင်စွမ်းမရှိတာပါ။ဘာကို သည်းမခံနိုင်တာလဲဆိုတော့ အမြင်မတူတာကို သည်းမခံနိုင်တာ၊ ကိုယ်နဲ့မတူကွဲပြားနေတာကို သည်းမခံနိုင်တာပါ။အဲ့လို ကိုယ်နဲ့အမြင်၊ယုံကြည်ချက်၊ဖြစ်တည်မှု မတူကွဲပြားတဲ့သူတွေကို တွေ့မြင်ဆက်ဆံရတဲ့အခါ ကိုယ့်ရဲ့အမြင်၊ယုံကြည်ချက်၊ဖြစ်တည်မှုကို ခြိမ်းခြောက်လာပါတယ်။သူများနဲ့ယှဥ်ရင် ကိုယ်လုပ်နေတာ မှန်ရဲ့လား၊ မှားများနေလား စသဖြင့် အမြင်မတူမှုကြောင့် ဇဝေဇဝါဖြစ်မှုတွေ ခံစားလာရပါတယ်။အဲ့ဒီအခါ ကိုယ့်အနေနဲ့ မှန်ကြောင်းသက်သေပြဖို့ သူများကို အပြစ်တင်ကဲ့ရဲ့လာပါတယ်။အမြင်မတူတာကို လက်ခံဖို့ထက် “ကိုယ်နဲ့မတူ ရန်သူ” ဆိုတဲ့ သဘောထားနဲ့ တစ်ဖက်သားကို ကဲ့ရဲ့ပြစ်တင်မိကြပါတော့တယ်။ဒါကြောင့် ကျွန်တော်တို့အနေနဲ့ မတူတာကို လက်ခံနိုင်တဲ့စိတ်၊ ကွဲပြားမှုကို နားလည်နိုင်တဲ့ သဘောထားတွေ လိုအပ်ပါတယ်။


အမှန်တော့ ကျွန်တော်တို့အနေနဲ့ လူတစ်ယောက်ကို ဝေဖန်နိုင်ပါတယ်။ဒါဟာ ကျွန်တော်တို့ရဲ့လွတ်လပ်ခွင့်ပါ။ ဒါပေမယ့် အဲ့ဒီလွတ်လပ်ခွင့်ဆိုတာကို ခုတုံးလုပ်ပြီး တရားလက်လွတ် ပြောတာမျိုး၊ အပျက်သဘောဆောင်ဝေဖန်တာမျိုး မပြုလုပ်သင့်ပါဘူး။ Constructive criticism လို့်ခေါ်တဲ့ အပြုသဘောဆောင်ဝေဖန်တာမျိုး၊ သေသေချာချာ အချက်အလက်ကျကျ သုံးသပ်ပြီး အမှားကို ပြောပြတာမျိုးသာ ပြုလုပ်သင့်ပါတယ်။ မတော်တဆဖြစ်ဖြစ်၊ဂရုမစိုက်လို့ဖြစ်ဖြစ် ချော်လဲတဲ့သူကို လက်ညှိုးထိုး ဝိုင်းဟားတိုက်နေတဲ့သူတွေထက် ဆွဲကူထူမပြီး နောင်ဒီလိုချော်မလဲအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ပြောတဲ့သူတွေ များပြားလာမှသာ Cyberbullying အခြေအနေတွေ လျော့ပါးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ ကိုယ့်နှုတ်ကထွက်တဲ့စကားရဲ့ထိခိုက်နိုင်မှု အတိုင်းအတာကို တွက်ဆတတ်ရပါမယ်။ငါသာ သူ့နေရာမှာဆိုရင် ဆိုတဲ့ စာနာစိတ်လေးကို တစ်ခုခုမပြောခင်၊မလုပ်ခင်မှာ ထားတတ်ရပါမယ်။အမြင်မတူ သဘောထားကွဲပြားမှုတွေကိုလည်း နားလည်လက်ခံပေးတတ်ရပါမယ်။ဒါမှသာ ကျွန်တော်တို့ လူငယ်တွေကစပြီး နောင်မျိုးဆက်သစ်တွေအထိ အချင်းချင်းပြစ်တင်ကဲ့ရဲ့တာထက် ဝေဖန်ချီးကျူးတတ်တဲ့ တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို တည်ဆောက်နိုင်ကြမှာဖြစ်ပါတယ်

Cyberbullying ဆိုတာ ယခုခေတ်ကို ပျက်ပြားစေတဲ့ လူတွေရဲ့ အကျင့်ဆိုးကြီးတစ်ခုပါပဲ..။
ဒီလို ခေတ်ပျက်ကပ်ဆိုး ဝဲဂယက်ကြီးထဲမှာ တစ်ခါတစ်လေကျ ကျွန်တော်တို့ကိုယ်တိုင်လည်း သတိမထားမိလိုက်ဘဲ ပါဝင်ဖန်တီးနေမိတာတွေ ရှိနေတတ်ပါတယ်။
ဒီတော့ သင့်အနေနဲ့ကော အွန်လိုင်းအသုံးပြုနေရင်းက Cyberbullying ဆိုတဲ့ အကျင့်ဆိုးကြီးကို စွဲကပ်နေမိပြီလား မမိဘူးလားဆိုတာ အောက်က Link ထဲကတစ်ဆင့် ဝင်ရောက်ပြီး စစ်ဆေးကြည့်လိုက်ရအောင်။ 👇
https://m.me/myeo.hub?ref=cbq
(သင်ဟာ ဆိုက်ဘာအနိုင်ကျင့်သူ ဖြစ်မဖြစ်ကို သေချာသိရှိနိုင်ဖို့အတွက် မေးခွန်းတွေကို အမှန်အတိုင်း အာရုံစိုက်ပြီး အချိန်ခဏပေး ဖြေဆိုဖို့လိုပါတယ်နော်)

သင်ရော Cyberbullying လုပ်နေမိပြီလား ဆန်းစစ်ချင်ရင် အောက်က Link လေးကိုနှိပ်ပြီး မေးခွန်းလေးတွေဖြေကြည့်ပါနော်👇
https://m.me/myeo.hub?ref=cbq