အရှေ့ကသင်ခန်းစာတွေမှာ Community Organization ဆိုတာဘာလဲ လေ့လာပြီးသွားကြပြီ။
Community Organizing တစ်ခုမှာ ဘာတွေအဓိကလိုအပ်သလဲဆိုတာလည်းလေ့လာပြီးသွားပြီဆိုတော့ အဲ့ဒီ Community Organizing Process ဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုဆောင်ရွက်ဖို့ ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေပါဝင်သလဲဆိုတာ ဆက်ပြီးလေ့လာသွားကြမှာဖြစ်ပါတယ်။
Community Organizing Processမှာ အဆင့်(၅) ဆင့် ပါဝင်ပါတယ်။
ဘာတွေလဲ ဆိုတော့👇
အဆင့်(၁) လူထုအားချဉ်းကပ်ခြင်း (Entry Point)
အဆင့်(၂) ရပ်ရွာပတ်ဝန်းကျင်အားဆော်ဩပေးခြင်း (Facilitation)
အဆင့်(၃) ပြောင်းလဲမှုအတွက်ဗျူဟာချမှတ်ခြင်း (Strategy)
အဆင့်(၄) စုပေါင်းလုပ်ဆောင်မှုအတွက် လှုပ်ရှားဆောင်ရွက်ခြင်း (Implementation Action [Empower])
အဆင့်(၅) အဖွဲ့လိုက်ထူထောင်မှုများနှင့်တည်မြဲမှုများဖြစ်စေခြင်း(Sustainable Development)
စတာတွေပဲဖြစ်ပါတယ်။
အဆင့်(၁)လူထုအားချဉ်းကပ်ခြင်း(Entry Point)
ဒီအဆင့်ကတော့ ကိုယ်လုပ်ရမယ့်အဆင့်ရဲ့ပထမဆုံးအဆင့်ဆိုတော့ သေချာဂရုစိုက်ပြီး လုပ်သင့်ပါတယ်။ကိုယ်ပစ်မှတ်ထားတဲ့အုပ်စုကို ကိုယ်ကပထမဆုံးစချဉ်းကပ်တဲ့အခါမှာပဲ ကိုယ့်ကိုစိတ်ပျက်သွားအောင် လုပ်လို့မဖြစ်ဘူးလေနော်။ ကိုယ်ကလူထုကို စပြီးချဉ်းကပ်တဲ့အခါ ကိုယ့်ကိုသူတို့ယုံကြည်မှုတွေ ရှိလာအောင် ကိုယ်ကပါးနပ်စွာ လုပ်တတ်ဖို့တော့လိုပါလိမ့်မယ်။
အဆင့်(၂)ရပ်ရွာပတ်ဝန်းကျင်အားဆော်ဩပေးခြင်း(Facilitation)
ဒီအဆင့်မှာလည်း အပေါ်ကအတိုင်းပါပဲ။
တကယ်သတိထားပြီးလုပ်သင့်တဲ့အရေးကြီးတဲ့အဆင့်ပါ။
ကိုယ်ကသူတို့ကိုချဉ်းကပ်လို့ အောင်မြင်ပြီး နောက်လုပ်ငန်းစဥ် တစ်ဆင့်တက်တော့မယ်ဆိုရင် ကိုယ်ပြောချင်တာတွေကိုပဲ အတင်းအကြပ် စည်းရုံးသိမ်းသွင်းတာမျိုးမလုပ်ဘဲ သူတို့ရဲ့လိုအပ်နေတဲ့အရာတွေ၊သူတို့လက်ခံယုံကြည်ထားတဲ့ အရာတွေကို သူတို့လက်ခံလာနိုင်လောက်အောင် ပညာသားပါပါ စည်းရုံးပြောဆိုတတ်ရမှာပါ။
ဥပမာအားဖြင့်-ကိုယ်ပစ်မှတ်ထားတဲ့ရွာလေးက ဘာသာတရားကို အလွန်ပဲကိုင်းရှိုင်းကြတဲ့လူတွေဆိုရင်ကိုယ်ကသူတို့ယုံကြည်ကိုးကွယ်နေတဲ့ ဘာသာတရားနဲ့ယှဉ်ပြီး ကိုယ်လိုချင်တဲ့ဖက်ကို ရအောင်ဆွဲခေါ်ပြီးပြောတာမျိုးပေါ့။
အဆင့်(၃)ပြောင်းလဲမှုအတွက်ဗျူဟာချမှတ်ခြင်း(Strategy)
ဒီအဆင့်မှာတော့ ကိုယ်ကသူတို့ကိုစည်းရုံးလှုံ့ဆော်လို့ အနည်းအကျဉ်းအောင်မြင်လာပြီဆိုရင် အဲ့ဒီကိုယ့်ဖက်ပါလာတဲ့ လူတွေနဲ့အသင်း၊ကော်မတီတွေဖွဲ့သင့်ရင် အလျဥ်းသင့်သလိုဖွဲ့ပြီး ဘယ်လိုမျိုးဆက်ပြီးအလုပ်လုပ်သွားကြမလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲဖို့လုပ်ရပါမယ်။ ကိုယ်ဖြစ်ချင်တဲ့အစီအစဉ်တွေကိုပဲ ဦးဆောင်ပြီးပြောသွားတာမျိုးမဟုတ်ဘဲ ပါဝင်လာတဲ့ဒေသခံတွေရဲ့အသံကို အဓိကထားနားထောင်ပြီး ရေးဆွဲရမယ့်အစီအစဉ်တွေကို သူတို့နဲ့အသင့်တော်ဆုံးဖြစ်အောင် ရေးဆွဲရပါမယ်။
အဆင့်(၄) စုပေါင်းလုပ်ဆောင်မှုအတွက် လှုပ်ရှားဆောင်ရွက်ခြင်း(Implementation Action [Empower])
ဒီအဆင့်မှာဖွဲ့စည်းထားတဲ့ အသင်းဝင်တွေ၊ ကော်မတီဝင်တွေနဲ့ အတူချမှတ်ထားတဲ့ အစီအစဉ်တွေကိုအားတက်သရော လုပ်ကြဖို့ပဲဖြစ်ပါတယ်။ အဲ့ဒီလိုအုပ်စုတစ်စုက သတ်သတ်မှတ်မှတ်နဲ့ လှုပ်ရှားကြတော့မှတခြားသူတွေလည်း စိတ်ပါဝင်စားလာပြီး သူတို့ကိုပါတဖြည်းဖြည်း ဆွဲခေါ်လာနိုင်လာမှာပါ။
ဒီအဆင့်မှာတော့ ကိုယ့်အဖွဲ့ရဲ့လုပ်နိုင်စွမ်းကိုချပြဖို့၊ လူထုဆီက ကိုယ့်အစီအစဥ်အပေါ် ယုံကြည်မှုတွေတိုးပွားလာအောင်၊ အားလုံးပူးပေါင်းပါဝင်လာအောင် လုပ်ဖို့အတွက် ကိုယ့်လက်ထဲမှာပဲရှိတာပါ။
အဆင့်(၅)အဖွဲ့လိုက်ထူထောင်မှုများနှင့်တည်မြဲမှုများဖြစ်စေခြင်း(Sustainable Development)
ကဲ ဒါဆို Community Organizing Processကြီးရဲ့နောက်ဆုံးအဆင့်ကိုဆက်ပြီး လေ့လာသွားကြရအောင်။
ဒီအဆင့်မှာဆိုရင် ရှေ့ကအဆင့်လေးဆင့်မှာ လုပ်ခဲ့သမျှကို လူထုအတွက် အကျိုးရှိပြီး ရေရှည်တည်တံ့လုပ်ငန်းစဉ်ကြီးတစ်ခုအနေနဲ့ ဆက်ပြီးတည်ရှိသွားအောင် ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီးဖြစ်လာအောင် စပြီးပုံဖော်ကြိုးစားလုပ်ဆောင်ခဲ့တဲ့သူကိုယ်တိုင် ပါဝင်စရာမလိုတော့ဘဲ ကျန်တဲ့လူတွေကပြန်လည်လက်လွှဲယူပြီး ဒီလူထုအတွက်၊ ဒီပတ်ဝန်းကျင်အတွက် အကျိုးပြုပေးနိုင်တဲ့ လုပ်ငန်းစဉ်ကြီးတစ်ရပ်အနေနဲ့ ရှေ့ဆက်ရှိနေဖို့အဖွဲ့အစည်းတွေ၊ ကော်မတီတွေကို တည်တည်တံ့တံ့ဖြစ်အောင် ဖွဲ့စည်းထားဖို့လိုပါတယ်။
ခဏတဖြုတ် ပြိုလဲသွားမယ့် အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေမဟုတ်ဘဲ ကိုယ့်လူထုအကျိုးအတွက် ခေတ်နဲ့တပြေးညီ ကိုယ့်အဖွဲ့အစည်းရဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေမယ့်အဖွဲ့အစည်း ဖြစ်ဖို့လိုပါလိမ့်မယ်။
ကဲ ဒါဆိုရင်တော့ Community Organizing Process(လူထုစည်းရုံးလှုံ့ဆော်မှုဖြစ်စဉ်)အတွက် လုပ်ရမယ့်အဆင့်ငါးဆင့်နဲ့ တစ်ဆင့်ချင်းစီရဲ့ရှင်းလင်းချက်တွေကိုသေချာလေ့လာပြီးသွားကြပြီ။ ဒီခေါင်းစဉ်နဲ့ပက်သက်ပြီး အသိတွေတိုးသွားကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကိုယ့်အတွက် အများကြီးလည်း အကျိုးရှိမယ်လို့ ယုံကြည်ပါတယ်နော်။
ဒါဆို….နောက်ထပ်လေ့လာရမယ့် သင်ခန်းစာတွေမှာပြန်ဆုံကြပါမယ်ရှင့်။