Cyber Bullying ဆိုင်ရာ အခြေခံ ဗဟုသုတ

အပြစ်တင် ပြောဆို ဝေဖန်ခံရတယ်ဆိုတာဟာ ကျနော်တို့ လူသားတိုင်း ကြုံတွေ့ခံစား ဖူးတဲ့ ကိစ္စရပ်တစ်ခုပါ။ 😢

ကိုယ့်ရဲ့ မိသားစု၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းတို့ကနေ ပြစ်တင်ရှုံ့ချတာ၊ အနိုင်ကျင့်တာတွေအပြင် အခုလို အင်တာနက်ခေတ်ကြီးမှာတော့ ဝေဖန်အပြစ်တင် ခံရမှုတွေဟာ ပိုမို များပြားလာလျက်ရှိပါတယ်။

အနိုင်ကျင့်ခံရတယ်ဆိုတဲ့နေရာမှာ ကိုယ်ထိလက်ရောက် စော်ကားခံရတာ တစ်ခုထဲမဟုတ်ပဲ နှုတ်ဖျားမှ ထွက်လာတဲ့ စကားသံတွေ၊ ကီးဘုတ်ပေါ်မှာ စာလေးရိုက်လိုက်ရုံနဲ့ ဖြစ်ပေါ်လာတဲ့ စာသားတွေဟာလဲ တစ်ခါတရံမှာ  လူတစ်ယောက်ကို အနိုင်ကျင့်ခံရပြီး မိမိကိုယ်ကို မကောင်းတဲ့ အကြံအစည်တွေ ကြံမိစေဖို့အထိ လုံလောက်ပါတယ်။ 

📱 အင်တာနက်ခေတ်၊ ဆိုရှယ်မီဒီယာ ခေတ်မှာတော့ ဆိုက်ဘာအနိုင်ကျင့်ခံရမှု လို့ခေါ်တဲ့ Cyber Bullying ကိစ္စရပ်တွေဟာ အဖြစ်များလာသလို ကျူးလွန်ဖို့ အင်မတန် လွယ်ကူတဲ့ ကိစ္စရပ်တစ်ခုလဲ ဖြစ်ပါတယ်။ 

Cyberbullying မှာဆိုရင် လူတစ်ဦးတစ်ယောက်ရဲ့ ရုပ်ရည်အပေါ်မှာ ဖြစ်စေ၊ သူ့ရဲ့ လုပ်ဆောင်ချက်တွေပေါ်မှာ ဖြစ်စေ မကောင်းတဲ့ဘက်က ရေးသားထားတဲ့ ကွန့်မန့်တွေ၊ မှားယွင်းစွာ စွပ်စွဲ ပြောဆိုမှုတွေ၊ တိုက်ခိုက်လိုစိတ်နဲ့ ရေးသားပြောဆိုတာတွေ ပါဝင်ပါတယ်။ 💬 

ဒါ့အပြင် တစ်စုံတစ်ယောက်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စရပ်တွေကို ခွင့်ပြုချက်မရှိပဲ ပြန့်နှံ့စေပြီးတော့ ဂုဏ်သိက္ခာ ကျဆင်းစေလိုတာကလဲ Cyberbullying ထဲမှာပါဝင်ပါတယ်။ 

Cyberbullying အဖြစ်များတဲ့ နေရာတွေကတော့ 

  • Facebook, Instagram နှင့် TikTok တို့ကဲ့သို့ လူသုံးများတဲ့ Social Media တွေ
  • မိုဘိုင်းဖုန်းနံပါတ်မှ တဆင့် စာ ပေးပို့နှောင့်ယှက်မှုတွေ
  • Online Chatting Application တွေဖြစ်တဲ့ Messenger, WhatsApp တို့ကတဆင့် တိုက်ခိုက်မှုတွေ
  • အီးမေးလ်း ပေးပို့ အနိုင်ကျင့်မှုတွေနဲ့ 
  • ဂိမ်းဆော့ရာကနေတဆင့် အနိုင်ကျင့်စော်ကားမှုတွေ ဖြစ်ပါတယ်။

Cyberbullying ကြောင့် ဘာတွေဖြစ်လာနိုင်သလဲ? 🧐

🔹 လူတစ်ယောက်ဟာ မိမိရဲ့ အလှဓာတ်ပုံတစ်ပုံကြောင့် ရုပ်ရည်နဲ့ ပတ်သက်ပြီး (Body Shaming) အပြစ်တင်ဝေဖန်ပြောဆိုခံရတယ်ဆိုရင်  အပြစ်တင်ခံရသူ၊ ကျူးလွန်ခံရသူ (Victim) ရဲ့စိတ်ထဲမှာ မိမိကိုယ်ကိုယ် သိမ်ငယ်မှု၊ အားမလိုအားမရမှုတွေ တိုးပွါးလာနိုင်ပါတယ်။ 

ဒါ့အပြင် ထိုကဲ့သို့ အနိုင်ကျင့် ပြောဆိုခံရမှုကို စိတ်ဒဏ်ရာတစ်ခုအဖြစ်လဲ ရရှိသွားနိုင်ပါတယ်။ ဒါကြောင့်မိမိရဲ့ လုပ်ရပ်ဟာ အခြားသူတစ်ဦးအပေါ် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်နစ်နာမှု မဖြစ်စေဖို့ အရေးကြီးပါတယ်။ 

🔹အင်တာနက်သုံးစွဲသူအချို့ဟာ  တစ်ပါးသူရဲ့ မကောင်းသတင်းကို စိတ်ဝင်တစား ပြောဆိုလေ့ရှိကြပါတယ်။ ဥပမာ- အမျိုးသမီးတစ်ဦးဟာ မိမိရဲ့ ချစ်သူနဲ့ လက်မထပ်ပဲ အတူနေထိုင်ခြင်း (Living Together) ရှိကြောင်း ပြောဆိုလာတဲ့အခါ မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ရှုံ့ချတတ်ကြပါတယ်။ 

အတူနေထိုင်ခြင်း မနေထိုင်ခြင်းဟာ ကာယကံရှင်နှစ်ဦး၏ ဆုံးဖြတ်ပိုင်ခွင့်ဖြစ်ပြီး ထိုကိစ္စနှင့်ပတ်သက်၍ အင်တာနက်အသုံးပြုသူများမှ အပြစ်တင်ပြောဆိုပိုင်ခွင့်မရှိပါ။ 

ထိုသို့ပြောဆိုခံရခြင်းများသည် ကျူးလွန်ခံရသူများအတွက် အင်တာနက်ပေါ်တွင် မလိုလားအပ်ပဲ ၊ ကောင်းမွန်သော သတင်းကြောင့်မဟုတ်ပဲ လူပြောများစရာ ကိစ္စရပ်များအဖြစ် ကျန်ရှိသွားတတ်ပါတယ်။ ထိုကိစ္စရပ်တွေကြောင့် လုပ်ငန်းခွင်နဲ့ ကျောင်းတွင်းမှာပါ မိမိအမှားမပါရှိပါပဲ မကောင်းသော ပုံရိပ်များကျန်ရှိသွားနိုင်ပါတယ်။ 

Cyberbullying ဟာဆိုရင်

🔶 24 hours သုံးစွဲလို့ရတဲ့ အင်တာနက်နဲ့ Digital Devices တွေပေါ်မှာ ဖြစ်ပေါ်တဲ့အတွက် အချိန်မရွေး ကြုံတွေ့လာရနိုင်ပါတယ်။

🔶 အများစုသော Cyberbullying ဖြစ်ရပ်တွေဟာ Public တွင်ဖြစ်ပွါးသောကြောင့် မလိုလားအပ်ပဲ လူအများကို သိရှိစေနိုင်ပါတယ်။ ကျူးလွန်ခံရသူအတွက်လဲ မကောင်းတဲ့ ပုံရိပ်များ ထင်ဟပ်စေပါတယ်။

🔶 အခုလို Cyberbullying ပြုလုပ်ခံရမှုတွေဟာ အင်တာနက် နဲ့  Digital Devices တွေမှာ ဖြစ်ပေါ်တဲ့အတွက် မိမိကို ကာကွယ်ပေးနိုင်မယ့် မိဘ၊ဆရာတွေ သိရှိဖို့ဟာ ခက်ခဲနေတတ်ပါတယ်။ 

မိမိရဲ့ စကားတစ်ခွန်း၊ စာကြောင်းတစ်ကြောင်းဟာ တစ်ခြားသူတစ်ဦးရဲ့ ဘဝအတွက် မလိုလားအပ်တဲ့စိတ်ဒဏ်ရာတွေ၊ မကောင်းတဲ့ပုံရိပ်တွေ မထင်ဟပ်စေဖို့ သူတစ်ပါးရဲ့ကိစ္စရပ်တွေကို မလိုအပ်ပဲဝင်မပါတာဟာ အကောင်းဆုံးဖြစ်ပါတယ်။

မိမိကိုယ်တိုင် Cyberbullying ကို ကျူးလွန်ခံရပါကလဲ အကောင်းမွန်ဆုံး ကျော်ဖြတ်နိုင်ဖို့ ၊ ရင်ဖွင့်ပြောပြနိုင်ဖို့ မိတ်ဆွေအပေါင်းအသင်းတွေလဲ ထားရှိသင့်ပါတယ်။ 

မှားယွင်းစွပ်စွဲ ပြောဆိုအနိုင်ကျင့်ခံရမှုတွေအတွက်လဲ၊ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုနှင့်အတူ အရေးယူနိုင်ပြီလဲ ဖြစ်ပါတယ်။ 

ဒါကြောင့် မိမိကစလို့ တစ်ပါးသူကို ကိုယ်ရော နှုတ်ဖြင့်ပါ မစော်ကားခြင်းဖြင့် Cyberbullying ကို လျှော့ချကြရမှာဖြစ်ပါတယ်။