Location access ပေးခြင်းရဲ့ နောက်ကွယ်က အန္တရာယ်များ

တချို့သော Mobile Application တွေဟာ သင့်ရဲ့ ပထဝီဝင်တည်နေရာ (Geolocation) ကို ပွင့်လင်းမြင်သာမှု သိပ်မရှိပဲ တောင်းခံတတ်ကြပါတယ်။ အမှတ်တမဲ့ဆိုရင်တော့ Location Access ပေးတာဟာ သိပ်တော့ စိုးရိမ်စရာ မလိုဘူးလို့ ထင်ရမယ့် ကိစ္စပါပဲ။

ဒါပေမယ့် သင့်ဖုန်းမှာရော ကိုယ်ရောက်နေတဲ့ နေရာတွေကို အမြဲလိုက်လံမှတ်သားနေမယ့် Location Access ရယူထားတဲ့ Application ဘယ်နှခု ရှိလဲ သတိထားမိပါသလား? 😳 သတိမထားမိဘူးဆိုရင် သေချာပြန်စစ်ကြည့်လိုက်ပါဦး။ ဘာလို့လဲဆိုတော့ Location Access ပေးခြင်းရဲ့ နောက်ကွယ်မှာ ဒီလိုအန္တရာယ်တွေ ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

(၁) သင့်ရဲ့တည်နေရာကို နောက်ယောင်ခံလိုက်နိုင်တယ်။

အကြောင်းကိစ္စတစ်ခုခုကြောင့် သင့်အနေနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို လူသိမခံဖို့ လိုအပ်တယ်ဆိုပါစို့။ ဒီလိုအနေအထားမှာ ဖုန်းထဲက Application တွေမှာ Location Access ပေးထားတာဟာ အရမ်း အန္တရာယ်များပါတယ်။ ဒါ့အပြင် သာမန်အချိန်မှာလည်း သင့်တည်နေရာကို နောက်ယောင်ခံလိုက်တာမျိုးတွေ အလုပ်ခံရနိုင်ပါတယ်။

(၂) ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အဟန့်အတား ဖြစ်စေနိုင်တယ်။

Location Access ဖွင့်ထားတယ်ဆိုရင် အဲဒီကနေတစ်ဆင့် သင့်ရဲ့ အိမ်လိပ်စာ၊ ရုံးလိပ်စာ၊ သွားလေ့သွားထရှိတဲ့နေရာတွေ စတဲ့အချက်အလက်တွေကို အလွယ်တကူ ရယူနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဘာတွေ လုပ်တယ်။ ဘယ်မှာ ရှိတတ်တယ် စတာတွေကို သူစိမ်းတွေ သိနေတယ်ဆို ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နိုင်မလဲဆိုတာ ပြန်စဉ်းစားကြည့်ပါဦး။ 

Cyber Security = Personal Security

ဖြစ်ပါတယ်။

(၃) သင့်ရဲ့ ကိုယ်ရေးအချက်အလက်တချို့ကို ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်တွေနဲ့ အသုံးချသွားနိုင်တယ်။

အပေါ်မှာ ပြောခဲ့သလိုမျိုးပဲ သင့်ရဲ့ Geo-location ကနေ သင့်ရဲ့ နေ့စဉ်ဘဝအကြောင်းတွေ၊ အလေ့အထတွေကို သတင်းအချက်အလက် ရယူနိုင်ပါတယ်။ တခါတလေ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်ပေါ်မှာ သင် ဘယ်နေရာ ရောက်နေလဲ ဆိုတာအပေါ် မူတည်ပြီး တက်လာတဲ့ ပို့စ်တွေ အပြောင်းအလဲ ရှိတာကို သတိထားမိလိမ့်မယ် ထင်ပါတယ်။ အချို့သော စီးပွားရေးသမားတွေနဲ့ ကိုယ်ကျိုးရှာသူတွေဟာ Mobile Application တွေကနေ အသုံးပြုသူတွေရဲ့ ဒေတာကို ဝယ်ယူလေ့ရှိကြပါတယ်။

  • ဒါကြောင့် အကြောင်းကိစ္စ ကြီးကြီးမားမား မရှိဘူးဆိုရင် Location Setting ကို Off ထားပါ။ 
  • ဖုန်းထဲမှာ ရှိတဲ့ Application တစ်ခုချင်းစီမှာ Location Access ပေးထားမိတာတွေ ရှိလား သေချာစစ်ပါ။ 
  • သင့်ရဲ့ လူမှုကွန်ရက် Social Media မှာလည်း သင့်တည်နေရာကို လူတိုင်း မြင်အောင် မပြထားမိဖို့ကိုလည်း သတိရပါ။