Mesh Network အကြောင်းသိကောင်းစရာများ

Mesh Network ဆိုတာ ဘာလဲ? 🌐🌐

Mesh Network ဆိုတာ ဆက်သွယ်ရေး ပစ္စည်းတွေ တစ်ခုနဲ့တစ်ခု အကွာအဝေးတစ်ခု အတွင်း တိုက်ရိုက်ချိတ်ဆက်ပြီး ကွန်ယက်ဖြစ်အောင် လုပ်တာပါ။ အဓိကအားဖြင့် Bluetooth ကို အခြေခံပြီး ချိတ်ဆက်တာမို့ အင်တာနက် ပြတ်တောက်နေချိန်တွေမှာ အသုံးဝင်ပါတယ်။

(အရပ်စကားနဲ့ပြောရရင် ရပ်ကွက်ထဲ အတင်းပတ်တုပ်သလိုပါပဲ။ တစ်ယောက်ပြောတာ ‌နောက်တစ်ယောက်က အခြားတစ်ယောက်ကို ပြန်‌ဖောက်သည်ချရင်း အကုန်လုံးကို ပြန့်ပွားစေတာပါ။ လူများများပြောလေ၊ ပိုပြီးပြန့်လေ ဖြစ်တာမို့ လူတိုင်းပါ၀င်ဖို့လိုပါတယ်။)

လူတွေကနေ အင်တာနက်လိုင်း ဖြစ်လာဖို့!

အင်တာနက်မရှိတဲ့‌နေရာတွေမှာ ကျွန်တော်တို့ကိုယ်တိုင် Mesh Network တစ်ခုအဖြစ် ဆက်သွယ်ရေးလိုင်းတွေ ဖြစ်အောင် လုပ်လို့ရပါတယ်။ 

ဒါပေမယ့် လူညီမှ ရမှာပါ။ Mesh Network သဘောတရားကိုက ပုံမှာပြထားသလိုဘဲ အနီးအနားက လူ‌တွေကနေ တစ်ဆင့်ပြီးတစ်ဆင့် နီးစပ်ရာကို ဖြန့်ကျက်သွားတာပါ။ 

ဒါကြောင့် လူတိုင်း နေရာတိုင်း Mesh Network App တစ်ခုသုံးဖို့ လိုပါတယ်။ ဒါဆိုရင် အင်တာနက်မရှိလည်း ဆက်သွယ်မှု သတင်းဖြန့်‌ဝေမှုတွေ မပြတ်တောက်တော့ပါဘူး။

Mesh Network ဖြစ်ဖို့ ဘာလိုလဲ?

  • လူတိုင်း Bridgefy/ Briar လိုမျိုး တူညီတဲ့ Mesh Network App လိုမျိုး သုံးပါ။ 
  • Bluetooth သို့မဟုတ် WiFi တွေ ဖွင့်ပါ။
  • Mesh Network App တွေက အကွာအဝေး သတ်မှတ်ချက် (Briar ဆို ၂၀ မီတာ) တွေရှိတာကြောင့် လူများများ သုံးပါ။ လူများလေ တစ်ဆင့်ပြီး တစ်ဆင့် ပိုချိတ်ဆက်နိုင်လေပါ။
  • Mesh Network ‌App တွေကနေ အင်တာနက်လိုင်းဖွင့်ပြီး (အနည်းဆုံး တစ်ခါ) ပြောထားပါ။
  • App ကို နောက်ဆုံး version သုံးပါ။ 

အခုဆိုရင်တော့ Mesh Network ဆိုတာ ဘာလဲ၊ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို နားလည်သွားလောက်ပြီ ထင်ပါတယ်။ Mesh Networking App တွေ ဖြစ်တဲ့ Bridgefy နဲ့ Briar တို့ကို ဘယ်လို အသုံးပြုမလဲဆိုတာကိုတော့ နောက်ထပ်ဆောင်းပါးတွေနဲ့ သင်ခန်းစာတွေမှာ ဝင်ရောက်ဖတ်ရှုလေ့လာနိုင်ပါတယ်။