SWOT Analysis

💠 SWOT Analysis ဆိုတာဘာလဲ။

SWOT analysis ဆိုတာက Strength (အားသာချက်)၊ Weakness (အားနည်းချက်)၊ Opportunities (အခွင့်အလမ်း) နဲ့ Threat (ခြိမ်းခြောက်မှု) တို့ပဲဖြစ်ပါတယ်။ SWOT analysis ကို ဘာကြောင့် အသုံးပြုလဲဆိုရင် အဖွဲ့အစည်းတစ်ခု၊ ကျောင်းတစ်ခု သို့မဟုတ် တစ်ဦးချင်းစီမှာ တိုးတက်ဖို့၊ ပြောင်းလဲ ဖို့လိုအပ်လာပြီဆိုရင် မိမိတို့ရဲ့  အားသာချက်၊ အားနည်းချက်၊ အခွင့်အလမ်းနဲ့ ခြိမ်းခြောက်မှုတွေကို ခွဲခြမ်းစိတ်ဖြာသုံးသပ်ပြီး ပိုမိုကောင်းမွန်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေကို ရေးဆွဲဖို့ပဲဖြစ်ပါတယ်။ ဒါဆိုရင် ဆရာတစ်ယောက်အနေနဲ့ ဘယ်လိုခွဲခြမ်းစိတ်ဖြာမလဲဆိုတာ အစိတ်အပိုင်းတစ်ခုချင်းစီကို အသေးစိတ်လေ့လာ ကြည့်ကြရအောင်။

☀️ Strengths (အားသာချက်များ)

အားသာချက်ဆိုတာ ကျောင်းသားတစ်ဦးတစ်ယောက်ချင်းစီရဲ့ အားသာချက်တွေ၊ ကျောင်းသားတွေက ဘယ်လိုအရာတွေကို ကောင်းကောင်းဆောင်ရွက်နိုင်လည်းဆိုတာကို ထည့်သွင်းစဉ်းစားနိုင်ပါတယ်။ အားသာချက်တွေကို သတ်မှတ်ဖို့ ကျောင်းသားတွေ စိတ်ဝင်စားတဲ့ နယ်ပယ်တွေကိုလည်း စဉ်းစားထား ဖို့လိုအပ်ပါတယ်။ နောက်ထပ်ဖြစ်နိုင်တဲ့အားသာချက်တွေက သင်ရိုးညွှန်းတမ်းက အားကောင်းတာလား၊ ဒါမှမဟုတ် ကျောင်းစီမံခန့်ခွဲမှုက အားကောင်းတာလား၊ ဆရာအချင်းချင်း ကျောင်းသားအချင်းချင်း ဆက်ဆံ ရေး တွေက အဆင်ပြေချောမွေ့နေသလား။ အတန်းထဲမှာ teamwork တွေရော ကောင်းကောင်း ဆောင်ရွက် နိုင်ကြသလားဆိုတာတွေပါ ထည့်သွင်းစဉ်းစားကြည့်ပါ။ 

🌚 Weaknesses (အားနည်းချက်များ)

အားနည်းချက်တွေအနေနဲ့ ကျောင်းသားတွေမှာ ဘယ်နေရာတွေ တိုးတက်ဖို့လိုအပ်သလဲ။ ဘာသာရပ်မှာ အားနည်းနေတာလား။ ချမှတ်ထားတဲ့ ရည်ရွယ်ချက်တွေက ကျောင်းသားတွေက စိတ်ဝင်စားတဲ့နယ်ပယ်တွေကို ဖော်ထုတ်ဖို့ အခွင့်အရေးမပေးနေတာလား စသည်ဖြင့် စဉ်းစားလို့ရပါတယ်။ ဥပမာ – သင်ခန်းစာတစ်ခုမှာ  “ပုံပြင်ကို ကိုယ်ဟန်အမူအရာဖြင့် သရုပ်ဖော်တတ်စေရန်” လို့ချမှတ်ထားတဲ့အခါ အတန်းထဲမှာ ကိုယ်လက် သန်စွမ်းမှု အားနည်းတဲ့ ကျောင်းသားရှိခဲ့ရင် ဒီရည်ရွယ်ချက်ကို အားလုံးပါဝင်ဆောင်ရွက်နိုင်တဲ့ ရည်ရွယ်ချက် တစ်ခုဖြစ်အောင် ပြန်လည်သုံးသပ်သင့်ပါတယ်။ ဘယ်လိုအားနည်းချက်တွေကို ဦးစားပေးပြင်ရင် တိုးတက်မှု ရနိုင်မလဲဆိုတာကိုလည်း စဉ်းစားထားဖို့လိုအပ်ပါတယ်။ ဒီလိုသိရှိထားမှသာ ဘယ်လို ပိုမိုကောင်းမွန်တဲ့ အစီအစဉ်တွေရေးဆွဲပြီး ဖြည့်ဆည်းပေးရမလဲဆိုတာကို သိရှိနိုင်မှာဖြစ်ပါတယ်။ နောက်ထပ်တစ်ချက်အနေနဲ့ အားနည်းချက်တွေဖြစ်စေနိုင်တဲ့ ဘယ်လိုအရာတွေကို ရှောင်ရှားရမလဲဆိုတာလည်းသိဖို့လိုအပ်ပါတယ်။ ဥပမာ – ပန်းချီဆွဲဖို့ အားနည်းတဲ့ကျောင်းသားကို သရုပ်ဖော်ပုံဆွဲစေခြင်း။

🔔 Opportunities (အခွင့်အလမ်းများ)

ကျောင်းသားတွေအတွက် တိုးတက်ဖို့ ပြင်ပအခွင့်အလမ်းတွေက ဘာတွေလဲ။ ဒီအခွင့်အလမ်းတွေကို ကျောင်းကနေရော ပေးနိုင်သလားဆိုတာကို စဉ်းစားပါ။ ဥပမာ – သင်္ချာဘာသာအားနည်းတဲ့ကျောင်းသားကို ပိုမိုတိုးတက်လာအောင် လက်တွေ့အကြောင်းအရာတွေနဲ့လေ့ကျင့်ပေးပြီး သင်္ချာအိုလံပစ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အခွင့်အရေးပေးခြင်း။ ထိုမှတဆင့် ကျောင်းသားများက ဘာသာရပ်အပေါ်မှာ ပိုမိုယုံကြည်မှုရှိလာမှာဖြစ်ပါတယ်။ ဆရာတစ်ယောက်အနေနဲ့ ကျောင်းပြင်ပမှာရှိတဲ့အခွင့်အလမ်းတွေက ဘာတွေရှိနေသလဲဆိုတာလည်း အမြဲနားစွင့်အာရုံစိုက်ထားဖို့ လိုအပ်ပါလိမ့်မယ်။

♨️ Threats (ခြိမ်းခြောက်မှုများ)

ခြိမ်းခြောက်မှုတွေအနေနဲ့ ထည့်သွင်းစဉ်းစားသင့်တဲ့အချက်တွေကတော့ ကျောင်းသားတွေရဲ့ သင်ကြားမှုမှာ အတားအဆီးအခက်အခဲဖြစ်နေတဲ့အရာတွေပဲဖြစ်ပါတယ်။ ကျောင်းသားတွေ ဘာတွေရင်ဆိုင်နေရလဲ။ ဘယ်လိုအခက်အခဲတွေကြောင့် စာသင်ကြားမှုမှာမပါဝင်နိုင်တာလဲ။ ကျောင်းစာကိုစိတ်မဝင်စားတာလည်း စတဲ့ ကျောင်းသားတွေရဲ့ နေရာကနေ အခက်အခဲတွေ၊ ခြိမ်းခြောက်မှုတွေကို ဆရာအနေနဲ့ စဉ်းစားထားသင့်ပါတယ်။ ဥပမာ – ကျောင်းသားတစ်ဦးက ဆရာအိမ်မှာလေ့ကျင့်ဖို့ပေးလိုက်တဲ့ စာတွေကို မလေ့ကျင့်ခဲ့ဘူးဆိုရင် ဒီကျောင်းသား မှာ ဘာအခက်အခဲရှိနေတာလဲ။ အိမ်မှာ မိဘစီးပွားရေးကို ကူညီပေးနေရသလား စာနားမလည် လို့လား စတဲ့ အကြောင်းအရာတွေကို မေးခွန်းထုတ်စဉ်းစားထားရပါမယ်။

SWOT analysis မှာ Strengths နဲ့ Weaknesses က internal – မိမိဆီက ဖြစ်ပေါ်တာလာဖြစ်ပြီး Opportunities နဲ့ Threads ကတော့ external – ပြင်ပကနေ သက်ရောက်ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ SWOT analysis ကို ခုဖော်ပြထားတဲ့ပုံစံအတိုင်း တည်ဆောက်လို့ရသလို မိမိကြိုက်နှစ်သက်ရာဒီဇိုင်းဖြင့်လည်း တည်ဆောက်လို့ရပါတယ်။ အပိုင်းတစ်ခုချင်းစီမှာ အချက်အလက်တွေကို ထည့်သွင်းသွားလို့ရပါတယ်။ 

Digital tools ကိုသုံးပြီး ဖန်တီးချင်တယ်ဆိုရင် ဒီလို tool SWOT Analysis – boardmix မျိုးကို အသုံးပြု ပြီးလည်း ဖန်တီးလို့ရပါတယ်။ အခြား tools တွေကိုလည်း SWOT analysis template လို့ website မှာ ရှာပြီး သုံးလို့ရပါတယ်။

ဆက်လက်ပြီး ဆရာတစ်ယောက်အနေနဲ့ SWOT analysis တည်ဆောက်တဲ့ ဥပမာ တစ်ခုကို ဖော်ပြသွားပေးပါမယ်။ သင်က သင့်ရဲ့ သင်ခန်းစာတွေမှာ digital tools တွေသုံးပြီး စာသင်ဖို့ ရည်ရွယ်ထားသူဖြစ်တယ်။ သို့သော် ကျောင်းက ပေးထားတဲ့ fund က မလုံလောက်တဲ့အပြင် အခြားအခက်အခဲတွေကိုတွေ့နေရပါတယ်။ ဒီပြဿနာပေါ်မူတည်ပြီး SWOT analysis တစ်ခု တည်ဆောက် ကြည့်ကြရအောင်။

Strengths

  • သင်ကြားနည်းဗျူဟာများကို ကောင်းမွန်စွာအသုံးချတတ်ခြင်း
  • ဘာသာရပ်တစ်ခုကို နှစ်ပေါင်းများစွာသင်ကြားထားသည့်အတွက် ဘာသာရပ်ကိုကျွမ်းကျင်ခြင်း
  • ကျောင်းသားများက စာသင်ချိန်တိုင်း တက်ကြွစွာပါဝင်လှုပ်ရှားမှုရှိခြင်း

Weakness

  • စာသင်ခန်းတွင်း နည်းပညာပေါင်းစပ်သင်ကြားသည့်အတွေ့အကြုံမရှိခြင်း
  • အားနည်းသော ကျောင်းသားများအား နည်းပညာပေါင်းစပ်သင်ကြားရာတွင် ပါဝင်စေရန် မဆောင်ရွက်နိုင်နေခြင်း။
  • Learning disorder ဖြစ်နေသော ကျောင်းသားများအတွက် အခြား သင်ကြားနည်းလမ်းများကို အသုံးမချနိုင်ခြင်း။

Opportunities

  • နည်းပညာသစ်များပေါင်းစပ်သင်ကြားသည့်အတွက် ကျောင်းသားများတက်ကြွစွာပါဝင်နိုင်ခြင်း
  • ဆရာများအတွက် သီးသန့်ဆွေးနွေးပွဲများ ရှိလာခြင်း။
  • ကျောင်းသားများနဲ့အတူ အနီးကပ်  activities များ ပါဝင်ဆောင်ရွက်နိုင်ခြင်း။

Threats

  • စာသင်ခန်းထဲမှာ နည်းပညာတွေသုံးဖို့အတွက် ငွေကြေးကန့်သတ်မှုရှိခြင်း။
  • တက်ကြွစွာမပါဝင်သောကျောင်းသားများ၏ မိဘများပါ ပါဝင်နိုင်အောင် မိမိကိုယ်တိုင်က အသိပေးမှုများမရှိခြင်း။

ဒီဥပမာပေါ်မှာ မိမိအမြင်တွေ ထပ်ထည့်လို့ရပါတယ်။ မိမိကိုယ်တိုင်လည်း SWOT analysis အသစ် တည်ဆောက်ကြည့်လို့ရပါတယ်။

အချုပ်အားဖြင့်  SWOT analysis က ပညာရေးမှာ အသုံးဝင်တဲ့ tool တစ်ခုပဲဖြစ်ပါတယ်။ ဆရာတွေသာမက ကျောင်းသားတစ်ဦးချင်းကိုလည်း SWOT analysis အသုံးပြုပြီး ပိုမိုတိုးတက်ကောင်းမွန်တဲ့ သင်ယူမှု တစ်ခုဖြစ်ဖို့ တိုက်တွန်းပါ။ ဆရာတွေ၊ စီမံခန့်ခွဲသူတွေကလည်း SWOT analysis ကိုအသုံးပြုပြီး ဘက်စုံတိုးတက်အောင်မြင်ဖို့ ဆောင်ရွက်ပါ။ ဘယ်နယ်ပယ်၊ ဘယ်လုပ်ငန်းခွင်၊ ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ် SWOT analysis ကို အသုံးပြုလို့ရကြောင်းဝေမျှရင်း နိဂုံးချုပ်လိုက်ပါတယ်။

Reference: SWOT Analysis in Teaching (teachmint.com)